ဥာဏ်ရည်တု AI ကို အသုံးပြုသည့် အလိုအလျှောက်စနစ်သုံး စက်ရုပ်များဟာ ကျွန်တော်တို့ လူသားတွေ အတွက် လက်ရှိ လုပ်ငန်းတော်တော် များများမှာ အသုံးဝင်နေပါတယ်။
ဒါပေမယ့် ၎င်းတို့၏ အများစုဟာ ပရိုဂရမ် ဆွဲထားသည့် အတိုင်း အလုပ် လုပ်ကြတာ ဖြစ်ပြီး လူများကဲ့သို့ သင်ယူ တတ် မြောက်နိုင်ပြီး ပြန်လည် အသုံးချနိုင်တဲ့ အဆင့်မြင့် စက်ရုပ်များကတော့ အတော်လေး နည်းပါတယ်။
အခုတော့ Google မှာ အလုပ်လုပ်နေတဲ့ Blake Lemoine ဆိုတဲ့ အင်ဂျင်နီယာ တယောက်က ၎င်း ဖန်တီးနေသည့် ဥာဏ်ရည်တု AI စနစ်ကို အသုံးပြုထားတဲ့ chatbot ဟာ အသိဥာဏ် ရှိနေတယ်လို့ ဆိုလာပါတယ်။
အဆိုပါ chatbot ဟာ အလိုအလျှောက် လူများနှင့် စကားစမြည် ပြောဆိုနိုင်တဲ့ A.I ဥာဏ်ရည်တုကို အသုံးပြုထားသည့် LaMDA (language model for dialogue applications) စနစ် ဖြစ်ပါတယ်။
၎င်းဟာ ဒီအကြောင်းအရာတွေကို အင်တာဗျူး လူသိရှင်ကြား ပြောခဲ့တာကြောင့် ပြီးခဲ့သည့် တပတ်က Google မှ လခ မဖြတ်တောက်သည့် ခွင့်ရက်ရှည် ပေးပြီး အလုပ်မှ ရပ်နားထားပါတယ်။
သူဟာ LaMDA အနေဖြင့် ကွန်ပျူတာ chatbot တခု ဖြစ်ပေမယ့် လူတွေကဲ့သို့ စဉ်းစား တွေးတောမှုတွေ၊ အကြောင်းပြချက်ပေးတာ တွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၄၁ နှစ်ရှိတဲ့ Blake Lemoine က ၎င်းအနေဖြင့် အဆိုပါ စနစ်ဟာ ရူပဗေဒကို နားလည်နိုင်တော့မယ့် အသက် ၇ နှစ်မှ ၉ နှစ်ကြား ကလေးတယောက်၏ အသိဥာဏ်နှင့်တူတယ်လို့တောင် ထင်တယ်လို့ ပြောပါတယ်။
Medium ၏ သတင်းမှာတော့ LaMDA ဟာ သူ့ကိုယ်သူ လူတယောက် ကဲ့သို့ အခွင့်အရေး ရှိဖို့ ထောက်ခံခဲ့ပြီး ဘာသာရေး၊ အသိစိတ်နှင့် စက်ရုပ်များအကြောင်း စကားပြောခဲ့တယ်လို့ Blake Lemoine က ပြောပါတယ်။
AI ခေါ် ဥာဏ်ရည်တု စနစ်ကို အလိုအလျှောက် မောင်းနှင်နိုင်ရန် ကားများတွင် အသုံးပြုနေပြီး ကုသမရသည့် ရောဂါများ အ တွက် ဆေးဝါးအသစ်များ ရှာဖွေနိုင်ဖို့ အသုံးပြုနေပါတယ်။
ဒါပေမယ့် ဒီလို ထင်သာမြင်သာ ရှိတဲ့ ရေတို အသုံးပြုမှုများထက် ကျော်လွန်ပြီး နည်းပညာဟာ အနာဂါတ်မှာ ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာ ကျွန်တော်တို့ အနေဖြင့် မသိရသေးပါဘူး။
Elon Musk တောင်မှ လူသားတွေရဲ့ အရာရာတိုင်းကို AI စနစ်များက ဒီ ဆယ်စုနှစ် အကုန်မှာ အစားထိုးသွားလိမ့်မယ်လို့ သတိပေးထားပါတယ်။
ဒါ့ကြောင့် ဒီလို အလိုအလျှောက် စကားပြောနိုင်တဲ့ chatbot တခုက အမှန်တကယ် စိတ်ခံစားချက် ရှိတယ် ဆိုရင်တောင် အံ့ဩထိတ်လန့်စရာ တခုတော့ မဟုတ်ပါဘူး။

Lemoine ဟာ သူ့အနေဖြင့် အဆိုပါ chatbot ကို ကလေးငယ် တဦး ဦးနှောက်ကဲ့သို့ ဥာဏ်ရည်ပြီး ၎င်းနှင့် ပြောဆိုခဲ့သည်များကို ယခုနှစ် ဧပြီလအတွင်းမှာ Googel ၏ အမှုဆောင်အဖွဲ့ကို ပြောပြခဲ့ပါတယ်။
ဒါပေမယ့် Google ဟာ ဒီအကြောင်းတွေနှင့် ပတ်သက်တဲ့ အချက်အလက်တွေကို လူသိရှင်ကြား မကြေညာခဲ့ပါဘူး။
Lemoine ဟာ သူနှင့် chatbot တို့ ပြောဆိုခဲ့သည့် စကားများကို လူသိရှင်ကြား ချပြခဲ့ပြီး နောက်မှာတော့ Google ဟာ ၎င်း ၏ ဒီလို လုပ်ဆောင်ခဲ့မှုတွေအတွက် ခွင့်ရက်ပေးကာ အလုပ်ကို ရပ်တန့်ထားခဲ့ပါတယ်။
ဒါ့အပြင် Lemoine အား ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ တယောက်အနေဖြင့် ကုမ္ပဏီ၏ လျှို့ဝှက်ထားသင့်သည့် အချက် အ လက်များကို ပြင်ပသို့ ပေါက်ကြားစေတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ကုမ္ပဏီတွင်း ကျင့်ဝတ်ဆိုင်ရာ ပညာရှင်များနှင့် နည်းပညာရှင်များ Lemoine ပြောသည့် ကိစ္စကို ပြန်လည် သုံးသပ်ကာ ဟုတ် မဟုတ် ထောက်ခံဖို့လည်း ဘာအထောက်အထားမှ မတွေ့ခဲ့ဘူးလို့ Google က ပြောပါတယ်။

ဘယ်လိုပဲ ဖြစ်စေ ဥာဏ်ရည်တု စနစ်တွေဟာ ကမ္ဘာကြီးကို ကောင်းကျိုးတွေ ပေးနိုင်သလို မထင်မှတ်ထားတဲ့ ဆိုးကျိုးတွေလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဒါ့ကြောင့် AI နှင့် သက်ဆိုင်သည့် စီမံကိန်းတွေဟာ ယခု အနေအထားထက် ပိုမို ထင်သာ မြင်သာ ရှိဖို့တော့ ပိုမို လိုအပ်မှာပါ။
သို့ပေမဲ့ ယခုကဲ့သို ဥာဏ်ရည် အလွန် မြင့်မားဖွယ်ရှိသည့် AI စနစ်များကို စမ်းသပ်နေတာဟာ စစ်ရေးအတွက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်။
အနာဂါတ်မှာတော့ ကျွန်တော်တို့ လူသားတွေအနေဖြင့် The Terminator ဇာတ်ကားထဲကလို သို့မဟုတ် I, Robot ဇာတ် ကားထဲကလို ဖြစ်စဉ်မျိုးနှင့် မကြုံတွေရရင်တော့ အကောင်းဆုံးပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။