ရုရှားလုပ် ပဥ္စမျိုးဆက် တိုက်လေယာဉ်သစ် ဝယ်လိုအား များပြားနေ

Military News

ရုရှားနိုင်ငံ တွင်ပြုလုပ်ခဲ့သည့် MAKS 2021 နိုင်ငံတကာ လေကြောင်းပြပွဲတွင် ပြသခဲ့သည့် တိုက်လေယာဉ်သစ် Checkmate ကို မှာယူမယ့်နိုင်ငံတွေ အလွန်များပြားနေတယ်လို့ Rostec နည်းပညာ ကော်ပိုရေးရှင်း၏ ဥက္ကဌ Sergey Chemezov က ဩဂုတ်လ ၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ အပေါ့စား နည်းဗျူဟာ တိုက်လေယာဉ်သစ်မှာ ပထဝီ နိုင်ငံရေး ရှုထောင့်တွေကို ရှာနေစရာ မလိုပါဘူး”

“စစ်မှန်တဲ့ အကြောင်းပြချက်ကတော့ ပိုပြီး ရိုးရှင်းပါတယ်။ ဒီအမျိုးအစား တိုက်လေယာဉ်များဟာ ကမ္ဘာ့ လက်နက်ဈေးကွက်မှာ တကယ်ကို ဝယ်လိုအား မြင့်တက်နေပါတယ်”

လို့ Rostec ၏ အမှုဆောင် အရာရှိချုပ်က အင်တာဗျူးတခုတွင် ပြောကြားခဲ့တာကို Wall Street ဂျာနယ်မှ ဖော်ပြခဲ့ပါတယ်။

Chemezov မှ Checkmate တိုက်လေယာဉ်ဟာ ဒေါ်လာ သန်း ၁၂၀ လောက်တန်တဲ့ အမေရိကန်လုပ် F-35 တွေ မဝယ်နိုင်တဲ့ နိုင်ငံများအတွက် အမှန်တကယ် အလုပ်ဖြစ်မယ့် အဖြေတခုဖြစ်တယ်လို့ ပြောပါတယ်။

Rostec ၏ တွက်ချက်မှုအရ ဒီ ရုရှားတိုက်လေယာဉ်သစ်ဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ လောက်သာ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုရှား၏ တိုက်လေယာဉ်သစ်တွင် ရေဒါပျောက်နည်းပညာများ ထည့်သွင်းထားပြီး ဝေဟင်မှ ဝေဟင် နှင့် ဝေဟင်မှ မြေပြင် ပစ်မှတ်များကို တိုက်ခိုက်နိုင်မယ့် လက်နက်များ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

တိုက်လေယာဉ်ဟာ အလေးချိန် ၇ တန်လောက် တင်ဆောင်နိုင်ပြီး ပစ်မှတ် ၆ ခုလောက်ကို တခါတည်း တိုက်ခိုက်နိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီ အဆိုအရ သိရပါတယ်။

Checkmate ဟာ အသံထက် ၁.၈ ဆ အမြန်နှုန်းဖြင့် ပျံသန်းနိုင်မှာဖြစ်ပြီး စစ်ဆင်ရေးအတွက် သွားရောက်နိုင်တဲ့ အကွာအဝေးဟာ ကီလိုမီတာ ၃,၀၀၀ လောက်အထိ ရှိမှာ ဖြစ်ပါတယ်။

တိုက်လေယာဉ်တွင် အလွန် အစွမ်းထက်တဲ့ စွမ်းအားမြင့် အင်ဂျင်ကို တပ်ဆင် ပေးထားမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီ၏ အချက်အလက်များအရ သိရပါတယ်။

လက်နက်များအနေဖြင့် Su-57 တွင်ပါဝင်သည့် GSh-30-1 ကဲ့သို့ ၃၀ မီလီမီတာ စက်အမြောက်ပါဝင်နိုင်ပြီး RVV-BD တာဝေးပစ် ဝေဟင်မှ ဝေဟင် ပစ်ဒုံးကျည် ၃ လုံးကို သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီ ဒုံးကျည်ဟာ ဟိုက်ပါဆိုးနစ် ဒုံးကျည်ဖြစ်ကာ ၁၂၄ မိုင်လောက်က ပစ်မှတ်ကို အသံထက် ၆ ဆ အမြန်နှုန်းဖြင့် တိုက်ခိုက်နိုင်ကာ ဒုံးကျည်ကို ထိန်းချုပ်ဖို့ လေယာဉ်၏ ကွန်ပျူတာနှင့် datalink ချိတ်ဆက် ထားဖွယ်ရှိပါတယ်။

အမည်အားဖြင့် ပြသထားသည့် လေယာဉ်ကိုယ်ထည်တွင် 75 ဟူသည့် နံပါတ်ကို ဖော်ပြထားသဖြင့် Su-75 လို့ အမည်ပေးနိုင်ဖွယ် ရှိပါတယ်။

ရုရှားဟာ ၎င်းတို့၏ ပဥ္စမမျိုးဆက် တန်ဖိုးနည်း အပေါ့စား တိုက်လေယာဉ်သစ်ကို ၂၀၂၃ ခုနှစ်လောက်မှ စတင် ပျံသန်းနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ပြီးနောက် ပထမအသုတ် ထုတ်လုပ်မှုကို ၂၀၂၆ ခုနှစ်လောက်မှာ စတင်နိုင်ဖို့ Rostec ကုမ္ပဏီမှ စီစဉ်ထားပါတယ်။

Checkmate သတင်းနှင့် ပတ်သက်ပြီး အချက်အလက်အချို့ ကို Knowledgeworms မှ ဇူလိုင်လအတွင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *