ချီတာနှင့် အမြန်ဆုံး တိရစ္ဆာန်များကို လေ့လာခြင်း

Knowledge Nature

ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးတိရိစ္ဆာန်က ဘာကောင်လဲလို့ မေးရင် လူတွေဖြေလေ့ရှိတာက ချီတာ ကျားသစ်(cheetah) လို့ ပြောကြပါလိမ့်မယ်။

လျင်မြန်တဲ့ ကြောင်​ကြီးမျိုးနွယ်ဝင်ဖြစ်သော ချီတာ တွေဟာ တခြားမျိုးစိတ်များထက် လျင်မြန်ဖြတ်လတ်တာကြောင့် ပိုမိုအာရုံစိုက်မှုခံရတာကို တွေ့ရပါတယ်။

သို့သော်လည်း တခြားမျိုးစိတ်ဝင်တွေက ချီတာ ထက် သုံးဆလောက် ပိုမြန်ကြတာကို တွေ့ရပါလိမ့်မယ်။ တိရိစ္ဆာန်လောကမှာ သတိမမူမိကြတဲ့ လျင်မြန်တဲ့ အကောင်လေးတွေဟာ ဘာကောင်လေးတွေဖြစ်ကြမလဲ။

ရှင်းရှင်းလင်းလင်းပြောရလျှင် ကျားသစ်တွေဟာ မယုံကြည်နိုင်လောက်အောင် မြန်ပါတယ်။

၎င်းတို့ဟာ ကုန်းပေါ်၌ အလျင်မြန်ဆုံးတိရစ္ဆာန်ဖြစ်သည်မှာ အမှန်ဘဲ ဖြစ်ပါတယ်။ တစ်နာရီလျှင် ၆၄ မိုင် (၁၀၃ ကီလိုမီတာ) နှုန်းဖြင့် မှတ် တမ်း တင်ထားသော ကျားသစ် (cheetah)​ တွေဟာ ကမ္ဘာ့အလျင်မြန်ဆုံး ကုန်းတွင်းတိရစ္ဆာန်ဖြစ်ဖို့ ပြိုင်မြင်း ကဲ့သို့ အခြားလျင်မြန်တဲ့ တိရိစ္ဆာန်များကိုအသာလေး ကျော်တက်နိုင်ခဲ့ပါတယ်။

Smithsonian National Zoo & Conservation Biology Institute ရဲ့ အဆိုအရ ချီတာ ကျားသစ်တွေရဲ့ အမြင့်ဆုံးအမြန်နှုန်းဟာ ခန့်မှန်း​ချေ တစ်နာရီ ၇၀ မိုင် (၁၁၃ ကီလိုမီတာ) နီးနီးရှိတယ်ဟု ဆိုပါတယ်။

ခြေထောက်အရှည် ၊ ကြွက်သားအရွယ်အစား နှင့် ရှည်လျားသောခြေလှမ်းတို့ ပေါင်းစပ်ထားခြင်းဟာ ချီတာ ကို မြေ​ပြင် အနှံ့ပြေးနိုင်တဲ့ စံပြခန္ဓာကိုယ်ရှိနေတယ် ဟု လန်ဒန် ရှိ Royal Veterinary College မှ ဆင့်ကဲဖြစ်စဉ်ဇီဝဗေဒဆိုင်ရာပါမောက္ခ John Hutchinson ကပြောကြားခဲ့ပါတယ်။

၂၀၁၇ တုန်းက ဝေလငါး မှ ယင်ကောင်အထိ ၄၇၄ မျိုးသော ကုန်းမြေ နှင့်ပင်လယ်မျိုးစိတ်များကို ပုံစံငယ်များအ​ခြေခံ၍ အမြန်နှုန်းများကို အရွယ်အစားအလိုက် တစ်​ကောင်ဆီ ဖော်ပြခဲ့ပါတယ်။

ခန္ဓာကိုယ်ပိုကြီးမားသော တိရိစ္ဆာန်များဟာ အရှိန်ပိုရရန် ပိုလိုအပ်သောကြောင့် ပိုနှေးကြပါတယ်။ ချီတာ တစ်ကောင်ဟာ အမြန်နှုန်းအတွက် အကောင်းဆုံး အလတ်စားအရွယ်အစားရှိတယ်ဟု John Hutchinson ကဆိုပါတယ်။

သို့သော်လည်း ချီတာ တွေဟာ ကုန်းပေါ်မှာ တာတိုအမြန်ဆုံး တိရိစ္ဆာန်များသာ ဖြစ်ကြပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ဟာ အဝေးမှ အမြန်နှုန်းမြင့်သားကောင်များကို လိုက်မမှီကြပါဘူး။

Nature ဂျာနယ်တွင် ၂၀၁၃ ခုနှစ် လေ့လာမှုတစ်ခုအရ ချီတာ တွေရဲ့ အမဲလိုက်နည်းဗျူဟာ သည် အရှိန် နဲ့ အလွန်လျင်မြန်တဲ့ ကြံ့ခိုင်ကျွမ်းကျင်မှုကို အသုံးချကြောင်း ဖော်ပြထားပါတယ်။

Peregrine Falcon

အချုပ်အားဖြင့် သူတို့ရဲ့ ကြာကြာ ပြေးနိုင်မှုကတော့ အကန့်အသတ်ရှိပါတယ်။ ချီတာများ ကဲ့သို့သော ကြောင်မျိုးနွယ်ဝင်တွေဟာ တိရိစ္ဆာန်တွေကို အပူတပြင်း အမဲမလိုက်ကြပါဘူး ဟု John Hutchinson က ဆိုပါတယ်။

တခြားမည်သည့် ကုန်းပေါ် တိရိစ္ဆာန်မှ ချီတာများ ကဲ့သို့ တစ်နာရီ မိုင် ၆၄ သို့မဟုတ် ၇၀ မိုင်နှုန်း မပြေးနိုင်ကြပါဘူး၊

သို့သော်လည်း မြောက်အမေရိက နို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်တဲ့ရှည်လျားသော ခြေတံရှည်များ နှင့် အနက်ရောင် ဦးချိုရှိတဲ့ သမင်မျိုးကတော့ ခန့်မှန်းခြေ တစ်နာရီမိုင် ၆၀ (၉၇ ကီလိုမီတာ) နှုန်း ပြေးနိုင်တာကို တွေ့ရပါတယ်။

၂၀၁၃ ဟားဗက်တက္ကသိုလ် စာနယ်ဇင်းတစ်ခု ဖြစ်တဲ့ Built for Speed: A Year in the Life of Pronghorn ဟုခေါ်တဲ့ စာအုပ်တွင် ဒီလို သမင်မျိုးစိတ်ဟာ တစ်နာရီ ၄၅ မိုင် (၇၂ ကီလိုမီတာ) နှုန်းပြေးအားကို ထိန်းထားနိုင်တယ် ဟု ဖော်ပြထားပါတယ်။

ကျွနိုပ်တို့ အနေဖြင့် အဏ္ဏဝါ နဲ့ ကြက်ငှက်တိရိစ္ဆာန်တွေ ထဲ့သွင်းတွက်ချက်မည်ဆိုပါက အမြန်ဆုံးတိရိစ္ဆာန်တွေရဲ့ ပြိုင်ဆိုင်မှုဟာ အမှန်တကယ် မြင့်တက်လာစေမှာပါ။

ကမ္ဘာ့ဂင်းနစ်မှတ်တမ်းများအရ မြောက်အမေရိကတိုက်တွင် duck huwk ဟု လူသိများတဲ့ peregrine falcon တွေရဲ့ ထိုးစိုက်ဆင်းတဲ့ အရှိန်ဟာ တစ်နာရီမိုင် ၂၀၀ (၃၂၂ ကီလိုမီတာ)နှုန်းဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။

တကယ်တော့ သူတို့ဟာ တစ်နာရီကို ၃၅၀ မိုင် (၅၆၃ ကီလိုမီတာ) နှုန်းနဲ့ အမြန် ထိုးဆင်းနိုင်တယ်ဟု ဆိုကြသော်လည်း သိပ္ပံပညာရှင်တွေကတော့ ​တရားဝင် မှတ်တမ်းတင်ထားခြင်း မရှိသေးပါဘူး။

white-throated needletail (Hirundapus caudacutus) (ဘယ်) common swift (Apus apus) (ညာ)

“ ပျံသန်းတဲ့ငှက်အနည်းငယ်ဟာလည်း ချီတာ ထက် ပိုမြန်နိုင်တယ်” ဟု Hutchinson က ဆိုပါ​တယ်။

National Audubon Society ရဲ့ အဆိုအရ common swift (Apus apus) ငှက်မျိုးစိတ်ဟာ တစ်နာရီ ၆၉ မိုင် (၁၁၁ ကီလိုမီတာ) နှုန်းဖြင့် ပျံသန်းနိုင်ပြီး white-throated needletail (Hirundapus caudacutus) ငှက်တွေကတော့ ခန့်မှန်းချေ တစ်နာရီ ၁၀၅ မိုင် (၁၆၉ ကီလိုမီတာ) အထိ ပျံသန်းနိုင်တယ် ဟုဆိုပါတယ်။

သမုဒ္ဒရာထဲက သတ္တဝါတွေဟာလည်း လျင်မြန်ဖြတ်လတ်တဲ့ စာရင်းမှာပါဝင်ကြပါတယ်။ Black marlins (Istiompax indica)လို့ခေါ်တဲ့ ငါးဟာ တစ်နာရီလျှင် ၈၀ မိုင် (၁၂၉ ကီလိုမီတာ)နှုန်း ကူးခတ်နိုင်တယ် ဟု Britannica ၏ အဆိုအရ သိရပါတယ်။

swordfish (Xiphias gladius) နဲ့ sailfish (Istiophorus) စတဲ့ ငါးတွေကတော့ တစ်နာရီ မိုင်၆၀ (၉၇ ကီလိုမီတာ)နှုန်း နဲ့ တစ်နာရီ မိုင် ၆၈ ( ၁၀၉ ကီလိုမီတာ) နှုန်းဖြင့် အသီးသီး ကူးခတ်နိုင်ကြတယ် ဟု ငါးမန်းသုတေသန ReefQuest စင်တာ မှ အချက်အလက်များအရ သိရပါတယ်။

sailfish (Istiophorus) (ဘယ်) swordfish (Xiphias gladius) (ညာ)

ထို့ကြောင့် ချီတာ များဟာ ကမ္ဘာပေါ် ရှိ အလျင်မြန်ဆုံး တိရိစ္ဆာန်များအကြားတွင် သူ့နေရာ နှင့် ထိုက်တန်သော်လည်း သူရဲ့ကျော်ကြားမှုဟာ လွန်ကဲနေတယ်ဟု ဆိုလို့ရပါတယ်။

အကြောင်းပြချက်တစ်ခုကတော့ တိရိစ္ဆာန်အများစုရဲ့ အမြန်နှုန်းကို သေချာစွာ မလေ့လာခဲ့ကြဘူး ဟု Hutchinson က ဆိုပါတယ်။

ပြိုင်မြင်း၊ ချီတာ ၊ အပြေးပြိုင်ရန် မွေးမြူထားတဲ့ ခွေးမျိုးစိတ် နဲ့ ကုလားအုတ် တွေရဲ့ အမြန်နှုန်းကို သေသေချာချာ အကြိမ်ကြိမ်တိုင်းတာခဲ့ကြပါတယ် ၊ တိရိစ္ဆာန်များဟာ သူတို့ကိုယ်သူတို့ အပြည့်အဝ အစွမ်းကုန်ကြိုးစားနေကြောင်း သုတေသီများကပင် အတည်ပြုခဲ့ကြပါတယ်။

ဒါပေမယ့် အခြားတိရိစ္ဆာန်အများစုရဲ့ အမြန်နှုန်းက ကြည့်ရှုလေ့လာမှု နဲ့ ခန့်မှန်းချက်သာ ဖြစ်တယ်ဟု John Hutchinson ကဆိုပါတယ်။

လေ့လာသူတွေက ဒီတိရိစ္ဆာန်များဟာ ဘယ်လောက်မြန်မြန်သွားနိုင်လဲ ဆိုတဲ့ အသိအမြင်ကိုပေးပါတယ်။ ဒီခန့်မှန်းချက်တွေဟာ အမှားထောက်ပြမည့် သိပ္ပံပညာရှင်တွေ အတွက် လုံလောက်တဲ့ အချက်အလက်မဟုတ်ဘူး ဟု John Hutchinson ကပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *