ကလေးများကို စာတိုက်မှ တဆင့် ပေးပို့ခဲ့ဖူးသည့် အကြောင်း

History Knowledge

အမေရိကန် စာပို့ဝန်ဆောင်မှု လုပ်ငန်းဟာ စာနှင့် ပစ္စည်းများကို အချိန်နှင့် တပြေးညီ ထိရောက်စွာ ပို့ဆောင်နိုင်ခြင်းအတွက် ဂုဏ်ယူစရာ ကောင်းလောက်တဲ့ အစဉ်အလာတခု ရှိပါတယ်။

ဝန်ဆောင်မှုဟာ ဇန်နဝါရီလ ၁ ရက် ၁၉၁၃ ခုနှစ်မှာတော့ ၄ ပေါင်ထက် ကြီးတဲ့ ပစ္စည်းများကို ပေးပို့နိုင်ခွင့် ရရှိခဲ့သောကြောင့် နောက်ပိုင်းမှာ ပါဆယ်ထုပ်များ တိုးလာခဲ့ပါတယ်။

တခြား ဝန်ဆောင်မှု အသစ်များကဲ့သို့ပင် အဲဒီလို အလေးချိန် ပိုမို သယ်ခွင့်ရရှိတဲ့ အပေါ်မှာ အသစ်အဆန်း ဝန်ဆောင်မှုတွေပါ ပေါ်ပေါက်လာပါတယ်။

အဲဒါကတော့ မိဘတွေက သူတို့ရဲ့ သားသမီးတွေကို စာတိုက်ကတဆင့် ပို့ဖို့ ကြိုးစားတဲ့ ကိစ္စပါပဲ။

Smithsonian ၏ အဆိုအရ ဒါမျိုး တီထွင်မှုဟာ ယခင်က မကြားဖူးခဲ့ဘူးလို့ သိရပြီး မိဘတွေက တကယ်ကို ကလေးကို စာတိုက်မှ တဆင့် ပို့ခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဒီလို ဥပမာမျိုး Ohio ပြည်နယ်မှာ တခါ ဖြစ်ဖူးပါတယ်။

Jesse နှင့် Mathilda Beagle တို့ဟာ ၎င်းတို့၏ ၈ လအရွယ် သားတယောက်ဖြစ်တဲ့ James ကို မိုင်အနည်းငယ်အကွာရှိ ကလေးရဲ့ အဘွားရှိရာ နေရာသို့ ဝန်ဆောင်ခ ၁၅ ဆင့်နှင့် ပို့ဆောင်ခဲ့ပါတယ်။

ကလေးဟာ ၎င်းတို့၏ သတ်မှတ်ချက်ဖြစ်သည့် အလေးချိန် ၁၁ ပေါင်အောက်နှင့် ၆ ပေထက် ငယ်သည့် အရွယ်ဖြစ်သောကြောင့် စာတိုက်မှ လက်ခံခဲ့ပါတယ်။

ကလေးကို ပို့ဆောင်ရာတွင် ပျောက်ဆုံးပါက အာမခံအနေဖြင့် ဒေါ်လာ ၅၀ ရရှိမှာ ဖြစ်ပါတယ်။

Photo: Courtesy of Smithsonian Institution

James ဆိုတဲ့ ကလေးလေးကို ပေးပို့သည့် သတင်းဟာ ထိုအချိန်က သတင်းစာ တော်တော် များများတွင် ခေါင်းစည်းပိုင်း အနေဖြင့် ပါဝင်လာခဲ့ပြီး အခြား မိဘများကိုပါ ကလေးများကို ပေးပို့စေရန် ကြိုးစားမှုတွေရှိလာပါတယ်။

၁၉၁၃ ခုနှစ်မှာ အဲဒီလို ပို့ဆောင်တာမျိုး မဖြစ်ပွားခဲ့ပါဘူး။

၁၉၁၄ ခုနစ်မှာတော့ အသက် ၄ နှစ်အရွယ် Charlotte May Pierstorff ဆိုသည့် ကလေးဟာ ရထားမှ တဆင့် ၇၃ မိုင် လောက် ဝေးသည့် သူမ၏ အဘွားအိမ်ရှိရာသို့ ၅၃ ဆင့် ဖြင့် ပို့ဆောင်ခြင်း ခံရပြန်ပါတယ်။

သူအမေ၏ မောင်ဝမ်းကွဲဟာ မီးရထား စာပို့ ဝန်ဆောင်မှုမှာ အလုပ်လုပ်နေတာဖြစ်ပြီး သူမကို လိုက်ပို့ခဲ့တာပါ။

အဆိုပါ ကလေးကို ပေးပို့ရာတွင် မွေးမြူရေးအတွက် ကြက်သားများ ပို့ဆောင်သည့် နှုန်းဖြင့် ပေးပို့ ခံခဲ့ရတယ်တို့ နာမည်ကြီးခဲ့ပေမယ့် အဲဒီလိုတော့ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ ၁၉၁၈ ခုနှစ်အထဲ အဲဒီလို နှုန်းထားမျိုး မရှိခဲ့လို့ ဖြစ်ပါတယ်။

နှုန်းနဲ့ ပတ်သက်လို့ အသေအချာ မပြောနိုင်ပေမယ့် သတင်းများ အရ ကတော့ ကလေးမရဲ့ ကုတ်အင်္ကျီတွင် စာပို့တံဆိပ်ခေါင်းတွေ ကပ်လျက်သား တွေ့ရခဲ့တယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် အဲဒီလို ကလေးတွေကို စာတိုက်မှ တဆင့် ပေးပို့တာဟာ အထူးသဖြင့် တောရွာတွေမှာ တကယ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အကြောင်းကတော့ အဲဒီ့အချိန်က မိသားစုတွေအတွက်တော့ စာပို့လုပ်ငန်းမှ ပို့ဆောင်ခြင်းဟာ စိတ်ချရတယ်လို့ ယူဆကြလို့ ဖြစ်ပါတယ်။

ဒီလို လူတွေက ကြိုက်နှစ်သက်ကြပေမယ့် စာတိုက် ဝန်ဆောင်မှုဟာ ကလေးများကို လက်ခံရန် မဟုတ်ကြောင်း အသိပေးခဲ့ပြီး အဲဒီလို ပို့တဲ့ အလေ့အကျင့်ဟာလဲ မကြာခင်မှာ ပျောက်ကွယ်သွားခဲ့ပါတယ်။

အဆိုပါကာလတွင် မိသားစုအချို့ဟာ စုစုပေါင်း ကလေး ၇ ယောက်လောက်ကို မိုင် ၇၂၀ လောက်ရှိတဲ့ စာတိုက်လမ်း တလျောက် ခရီးနှင်ပြီး ပေးပို့ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ စာတိုက်များဟာ သက်ရှိအနေဖြင့် ပျားနှင့် ပိုးကောင်တွေကလွဲလို့ ပို့ခွင့်မရှိဘူးလို့ သတ်မှတ်လိုက်တဲ့အခါမှာတော့ ဒီလို ပေးပိုတဲ့ ဇာတ်လမ်းဟာ တခန်းရပ်သွားခဲ့ပါတော့တယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.