ချင်းတောင်တန်းရဲ့အသည်း နှလုံးလို့ တင်စားခေါ်ဆိုထိုက်တဲ့ ရိဒ်ရေကန်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
ရိဒ်ရေကန်ဟာ မြန်မာနိုင်ငံရဲ့အနောက်မြောက်ဘက်ဒေသ ချင်းပြည်နယ်ရဲ့အနောက်မြောက်ပိုင်း အစွန်း ဖလမ်းမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ ရိခေါဒေါရ်မြို့မှာ သဘာဝအတိုင်းတည်ရှိတဲ့ အသည်းပုံရေကန်တစ်ခုဖြစ်ပါတယ်။
ရိဒ်ရေကန်ဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ ရှိရှိသမျှသော ရေကန်များအနက် အသည်းပုံတိတိကျကျရှိတဲ့ တစ်ခုတည်း သောရေကန်ဖြစ်ပြီ ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၂၉၆၆ ပေ အမြင့်တွင် ထူးခြားစွာဖြစ်ပေါ်နေသော ရေကန်ဖြစ်ပါတယ်။
ရိ ဒ်ရေကန်ကြီးမှာ ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းများ ၊ ဆန်းပြားသော ယုံကြည်ချက်များနှင့် ထူးခြားချက်များနှင့် ပြည့်နှက်နေပါတယ်။
ရေကန်၏ဧရိယာအကျယ်အဝန်း ၈၃၂ ဧက ရှိပါတယ်။ ကန်အတွင်း ရေပြင်၏ ပျှမ်းမျှ အနက်မှာပေ(၅၀) ရှိပြီး ၊အနက်ဆုံး နေရာများ တွင်မူ ပေ(၆၀) အထိ ရှိသည်ဟုဆိုပါတယ်။
ဒဏ္ဍာရီ ဆန်လွန်းလှသည့် သမိုင်ဖြစ်တည်မှု့လို့ ချင်းလူမျိုးတို့က ယနေ့တိုင် အခိုင်အမာ ယုံကြည်နေကြဆဲဖြစ်ပါတယ်။
ဒဏ္ဍာရီဆန်သည့် ရိဒ်ရေကန်ကြီး၏ အစကတော့ လွန်ခဲ့သော နှစ်ပေါင်း ငါးရာကျော် ၊ ခြောက်ရာ နီးပါး ကာလ၊မီဇို ချင်းလူမျိုးတို့ အခြေချနေထိုင်ခဲ့သည့် အချိန်မှပင် ဖြစ်ပေသည်ဟု ဆိုပါတယ်။
ချင်းအနွယ်ဝင် မီဇိုလူမျိုးနှင့် ဟွာလ်ငိုးနွယ်ဝင်တို့သည် ၁၄၅၀ ခုနှစ်ခန့် မှစတင်၍ ချင်းတောင်တန်းပေါ်တွင် မြို့ပြတည်ထောင်ကာ အခြေချ နေထိုင်ခဲ့ကြပါတယ်။

ဤသို့နေထိုင် လာခဲ့ရာမှ တစ်နေ့သော အခါတွင်မူ ဒုတိယမြောက် ဆွေးပွီးမြို့သူကြီး ဟွာထန်ဟာ အိပ်မက်တစ်ခုအား မြင်မက်လေပြီး ယင်းအိပ်မက်တွင် မုတ်ဆိတ်မွေး ဖားဖားနှင့် အလွန်တရာမှပင် ကျက်သရေ ရှိလှသော နတ် မင်းကြီး တစ်ပါးက ဟွာလ်ထန်အား ကိုယ်ရောင်ပြပြီး ငါသည် ဝိဥာ-ဉ်စောင့်နတ်မင်းကြီး ပူး ရိဒ် ဖြစ်ပေသည်။
သင်တို့၏ များ ဝိဥာ-ဉ် အား စောင့်ရှောက်ရန်အလို့ငှာ ငါသည် နွားနောက်ဖြူအသွင်ဖန်ဆင်းကာ ကောင်းကင် ခရီး ဖြင့်လာခဲ့ရာ သင်တို့၏ သင်တို့အရပ်၏ အနောက် မြောက်ဖက်ခရီး အတန်ငယ်ဝေးသော နေရာတွင် နေရာတစ်ခုကို တွေ့ရှိခဲ့ပေသည်။
ငါသည် ထိုနေရာ၌ စံစားနေထိုင်ရန် အလို့ငှာ ထိုနေရာအား လူတို့၏ အသည်းပုံ တိတိကျကျ ရှိသော ရေအိုင်ကြီးတစ်ခု အဖြစ်ဖန်ဆင်းလိုက်ပေသည်။
ထိုရေအိုင်ကြီး တွင်ယနေ့မှ စ၍ ငါကိုယ်တော်စံစားမည် ဖြစ်သလို ဆုံးပါးသူအားလုံးတို့၏ ဝိဥာ-ဉ် များသည်လည်း မဖြစ်မနေ ငါထံသို့ လာကြရပေမည် ပြောဆိုမိန့်ကြားသွားခဲ့လေသည်ဟု ဆိုပါတယ်။
ထိုအိပ်မက်အရ ဟွာလ်ထန်သည် သူ၏ မူးမတ်များအား လွှတ်၍ ရေအိုင်ကြီးကို ရှာဖွေစေခဲ့ရာ ခုနှစ်ရက်တိတိ ပြည့်မြောက်သော နေ့မှာပင် ထိုရေအိုင်ကြီးအား တွေ့ရှိခဲ့ပြီး ယင်းသို့တွေ့ရှိချိန်မှ အစပြု၍ ထိုရေကန်ကြီးအား ရိဒ်ရေကန် (RIH-DIL) ဟုခေါ်ဆိုတယ်လို့ ဆိုပါတယ်။
ရိဒ်ဆိုသည်မှာ ရိဒ်နတ်မင်းကြီးအား ကိုယ်စားပြုပြီး (DIL)မှာ ရေကန်ဟု အဓိပ္ပါယ် ရပါတယ်။ ဆိုလိုသည်မှာ ရိဒ် နတ်မင်းစံစားရာ ရေအိုင်ပင်ဖြစ်ပါတယ်။
ရိဒ်ရေကန်ကြီးနှင့် ပတ်သက်ပြီး ချင်းလူမျိုးတွေရဲ့ ရိုးရာ ယုံကြည်မှုတွေ၊ ဒဏ္ဍာရီဆန်ဆန် ဖြစ်တည်မှုတွေအပြင် အခြားသော ထူးခြားချက်တွေလည်း ရှိနေပါသေးတယ်။
ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့မှာ အပူချိန် ရေခဲမှတ်အောက် ၃ ဒီဂရီ လောက်ရောက်နေချိန်မှာ ဒီကန်ကြီးထဲက ရေဟာ ထူးခြားစွာ အနွေးဓာတ်ရှိနေတတ်တယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
ဒါ့အပြင် အထူးခြားဆုံးအချက်ကတော့ ဒီကန်ကြီးထဲကို ချောင်းရေ၊ မြောင်းရေတွေ စီးဝင်ခြင်းမရှိပါဘဲနဲ့ ဒီဇင်ဘာလအကုန် နဲ့ ဇန်နဝါရီလဆန်းလို ဆောင်းနှင်းထန်တဲ့ ကာလတွေမှာ ကန်ရေပြင်ဟာ အလိုလို နောက်ကျိနေတတ်တယ်လို့လည်း သိရပါတယ်။

မီးဇိုချင်းများက ဆိုရင် လူတစ်ယောက် ဆုံးပါးသွားသည့် အခါတွင် ထိုဆုံးပါးသူ၏ဝိဥာ-ဉ် သည် ဘဝတစ်ပါးသို့ ကူးပြောင်း နိုင်ရန် နောက်ဆံတင်းစွာဖြင့် ရိဒ်ရေကန် သို့လာကြရပြီး
ရေကန်သို့ ရောက်သောအခါမှ လုံးလိုသွေး ခေါ် အတိတ်ဘဝ မေ့စေနိုင်သည့် စမ်းရေကြည်ကိုသောက်ကာ ဟိုလ်လိုပါးရ် ခေါ် နောက်မလှည့်ပန်းကို ပန်ဆင်ကြရသည်။
ထိုအခါတွင်မှ ဆုံးပါးသူ၏ ဝိဥာ-ဉ်များမှာ အတိတ်ဘဝအား တမ်းတစိတ်များ ပျောက်ကွယ်ကာ ဘဝသစ်သို့ ကူးပြောင်းသွားနိုင်ရန်အတွက် ရေကန်ကြီးအတွင်းသို့ စိတ်ဖြောင့် လက်ဖြောင့် ဆင်းသွားနိုင်ကြသည်ဟု ယုံကြည်ထားကြသည်။
အဆိုပါယုံကြည်မှုအရလည်း ချင်းလူမျိုးတို့မှာ ပွင့်လင်းရာသီရောက်တိုင်း ရိဒ်ရေကန်ကြီးသို့ လာရောက်လည်ပတ်ကာ ရက်လည် ၊ နှစ်လည်ပွဲကဲ့သို့သော နာရေးပွဲများကို ကျင်းပလေ့ရှိသည်။
ယင်းပွဲများတွင် ဘုန်းတော် ကြီးများက ရေကန်တွင်းမှရေကို လက်ခုပ်နှင့် ခပ်ကာ သရဇ္ဇယ် ကြလေ့ရှိပြီး ကန်အတွင်းသို့ ငွေအကြွေစများ နှင့်အမွှေးနံ့သာများ ပက်ကြဲကာ ရေကန်အနီးရှိ အရိပ်ကောင်းသော ညောင်ပင်ကြီးအောက်တွင် တ ရားပေးလေ့ရှိကြသည်ဟု ဆိုပါတယ်။
ချင်းပြည်နယ်ဟာဆိုရင် အထင်ကရနေရာ အများအပြားရှိပြီး သွားရောက်လည်ပတ်သင့်တဲ့နေရာပါ။ အထင်ကရနေရာတွေကတော့ ခေါနူးစုမ်း ခေါ် နတ်မတောင် ၊ရိဒ်ရေကန် ၊မင်းတပ် (သို့) ပါးရဲထိုးခြင်း ဓလေ့၊Bungtla(ခ)ဘုံတလာရေတံခွန် ၊ရှာလ်လုမ်းခံတပ်၊ချင်းတော်လှန်ရေး ခေါင်းဆောင် ဗိုလ်ကြွမ်ဘိရဲ့မွေးရပ်မြေဖြစ်သည့် တာရွှန်းရွာ စသည့် သွားရောက်လည်ပတ်စရာ အများအပြားရှိပါတယ်။
ချင်းပြည်နယ်၏ ပထမဦးဆုံးသော လေဆိပ်ဖြစ်သည့် ဖလမ်း(ဆူရ်ဘုန်)လေဆိပ်ကလည်း မကြာခင်က ဖွင့်လစ်ပြီးခဲ့ပြီဖြစ်သည့်အတွက် သွားလာရလည်း လွယ်ကူနေပြီဖြစ်ပါတယ်။
ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းတွေ ၊ ဆန်းပြားမှုတွေ၊ လှပမှုတွေ အစုံတည်ရှိနေပြီး ဒဏ္ဍာရီထဲက ရိဒ်နတ်မင်းကြီးနဲ့ဝိဥာ-ဉ်တွေပျော်စံရာရေကန် (သို့)ချင်းပြည်ရဲ့အသည်း နှလုံး(သို့) ကမ္ဘာကျော် အသည်းပုံ ရိဒ်ရေကန်သို့ သွားရောက်လည်ပတ်သင့်ပါကြောင်း။
အားလုံးကျန်းမာ၊ ချမ်းသာကြပါစေ။
Source-wikipedia,internet