တရုတ်တို့၏ လျှို့ဝှက် စက်ရုပ် ရေငုပ်သင်္ဘော စီမံကိန်းတရားဝင် ဖွင့်ဟ

Article

တရုတ်နိုင်ငံဟာ မကြာသေးမီကပဲ ၎င်းတို့ ဆယ်စုနှစ်လောက် လျှို့ဝှက်စွာ ပြုလုပ်လာခဲ့တဲ့ အလိုအလျှောက်စနစ်များနှင့် မောင်းသူမဲ့ ရေငုပ်သင်္ဘော စီမံကိန်းကို ပြသခဲ့ပါတယ်။

ဒီ ရေငုပ်သင်္ဘောဟာ လူထိန်းချုပ်စရာ၊ မောင်းနှင်စရာမလိုဘဲ ပစ်မှတ်ကို ခြေရာခံကာ ပစ်ခတ် နိုင်ပါတယ်။

ဒီလို စက်ရုပ်ဆန်ဆန် ရေငုပ်သင်္ဘောများ ရှိနေသည်ဟု ထုတ်ဖော် ပြသခြင်းဟာ လုံလောက်တဲ့ အချက်ပြမှု ဖြစ်ပေမယ့် ထိတ်လန့်စရာကောင်းတဲ့ အချက်ကတော့ ဒီလျှို့ဝှက် စီမံကိန်း အောင်မြင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မောင်းသူမဲ့ ရေငုပ်သင်္ဘောတွေကို ၁၉၉၀ ခုနှစ်များ အစောပိုင်းကတည်းက ထုတ်လုပ်နိုင်ဖို့ ကြိုးစား နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ တရုတ်စစ်တပ်ဟာ ဒီ ရေငုပ်သင်္ဘောကို စမ်းသပ်မှုတွေ ပြုလုပ်နေပြီလို့ ကြေငြာခဲ့ပါတယ်။

၂၀၁၀ ဟာ မကြာသေးဘူးလို့ ထင်ရပေမယ့် ဒီကာလဟာ မှတ်ဥာဏ်တု AI စနစ်ဖြင့် မောင်းနှင်တဲ့ ဒီ စက်ရုပ် ရေငုပ်သင်္ဘောဖြစ်လာဖို့ အရေးပါခဲ့တဲ့ အချိန်တွေ ဖြစ်ပါတယ်။

အခုတော့ အဲဒီ့ ဒရုန်း ရေငုပ်သင်္ဘောတွေဟာ အလွန် အဆင့်အတန်း မြင့်လာပြီး ပြိုင်ဖက်နိုင်ငံများအပေါ် ခြိမ်းခြောက်လာနိုင်ပြီပဲ ဖြစ်ပါတယ်။

ဒီ ဒရုန်း ရေငုပ်သင်္ဘောအကြောင်းကို သောကြာနေ့က “အနာဂါတ်တွင် ရေအောက်စစ်ပွဲများ လိုအပ်လာမှုမှ တဆင့် မောင်းသူမဲ့ နည်းပညာ အတွက် အသစ်အသစ်သော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများ ယူဆောင်လာ” ဟူသော စာတမ်းဖြင့်

ဟာဘင် နည်းပညာတက္ကသိုလ်၏ ဂျာနယ်မှာ တရုတ်ထိပ်တန်း ရေငုပ်သင်္ဘော သုတေသနအဖွဲ့၏ ပါမောက္ခ လျန်ကွမ်းလုံ နှင့် အဖွဲ့သားများက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေငုပ်သင်္ဘောအများစုတွင် ပစ်မှတ်များကို ခွဲခြားကာ ခြေရာကောက်ဖို့ ကွန်ပျူတာစနစ်များ ပါရှိပါတယ်။ ဒါပေမယ့် ရန်သူ မိတ်ဆွေ ခွဲခြားပြီး ကပ္ပတိန်မှ အဆုံးအဖြတ်ပေးသည်အထိ သေခြာမှုရှိစေရန် ဆိုနာကိုင်သည့် လူတယောက်တော့ လိုအပ်ပါတယ်။

မောင်းသူမဲ့ ရေငုပ်သင်္ဘောများတွင်တော့ ပစ်မှတ်ရှာဖွေခြင်း၊ အချက်အလက် ရယူခြင်း၊ အကဲဖြတ်ခြင်း၊ အခြေအနေနှင့် ဘောင်စည်းမျဉ်းများ မရှိရဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချရမှာဖြစ်တဲ့အတွက် သမားရိုးကျ ရေငုပ်သင်္ဘော နည်းပညာနှင့် တခြားစီ ဖြစ်ပါတယ် လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

စာတမ်းပြုစုသူများဟာ နေရာအတိအကျ မဖော်ပြခဲ့ပေမယ့် ၎င်းတို့၏ စာတမ်းတွင် ပါရှိသော မြေပုံညွှန်းများအရ ရေငုပ်သင်္ဘောစမ်းသပ်မှုဟာ ထိုင်ဝမ် ရေလက်ကြား အနီးရှိ ဖူကျင်း စီရင်စု အရှေ့ဘက် ကမ်းရိုးတန်းမှာ ပြုလုပ်ခဲ့ဖွယ် ရှိပါတယ်။

ထိုမောင်းသူမဲ့ ရေငုပ်သင်္ဘောကို ပရိုဂရမ်ရေးဆွဲထားသည့် လမ်းကြောင်းအတိုင်း ရေမျက်နှာပြင်အောင် ၁၀ မီတာလောက်မှာ ကင်းလှည်ရန် စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

တခြားနေရာတခုမှာတော့ ရေငုပ်သင်္ဘောမှ ထွက်သည့်အသံမျိုး ထုတ်လွှတ်နိုင်သည့် ရေယာဉ်အတု တခုကို အသုံးပြုပြီး စမ်းသပ်ခဲ့တာပါ။

သုတေသန ပြုသူများအဆိုအရ မောင်းသူမဲ့ရေငုပ်သင်္ဘောဟာ ဆဌဂံ ပုံစံ လှည့်ပတ်ကာ ဆိုနာမှ အသံအရင်းမြစ် အမျိုးမျိုးဆီ ပို့လွှတ်ခဲ့ပြီး မှတ်ဥာဏ်တုမှ ပတ်ဝန်းကျင် ဆူညံသံများကို စစ်ထုတ်ကာ ပစ်မှတ်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်လုပ် မောင်းသူမဲ့ ရေငုပ်သင်္ဘော HSU-001

အဲဒီ့နောက် တော်ပီဒို တစ်လုံး ပစ်လွှတ်ခဲ့ပြီး ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

ဒီစမ်းသပ်မှုဟာ ၂၀၁၀ ခုနှစ်အတွင်းမှာ ဖြစ်လုပ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပထမဆုံး လူမဲ့ ရေငုပ်သင်္ဘော စမ်းသပ်မှုဖြစ်တယ်လို့ စာတမ်းက ဆိုပါတယ်.။

အမေရိကန်စစ်တပ်ဟာ အရွယ်အစားကြီးမားတဲ့ Orca UUV များ တည်ဆောက်ဖို့ ဘိုးအင်း ကုမ္ပဏီနှင့် ဆောင်ရွက်နေသကဲ့သို့ ရုရှားနိုင်ငံဟာလည်း မြို့များကို မြေပုံပေါ်က ပျောက်သွားစေမယ့် နျူကလီးယားစွမ်းအင်သုံး ရေအောက်ဒရုန်းများ ပစ်လွှတ်နိုင်တဲ့ ရေငုပ်သင်္ဘောအသစ် မကြာသေးမီကမှ ပြီးစီးခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေး၊ စင်ကာပူ နှင့် အခြားနိုင်ငံများဟာလည်း အလားတူ ရေငုပ်သင်္ဘောများကို စမ်းသပ် တပ်ဆင်နေကြတယ်လို့ လျန်က ပြောပါတယ်။

တရုတ်နိုင်ငံ၏ မောင်းသူမဲ့ ရေငုပ်သင်္ဘော စီမံကိန်းဟာ မှတ်ဥာဏ်တု AI စနစ်များ မပေါ်ခင် ၁၉၉၀ ခုနှစ်များ ကတည်းက ဆောင်ရွက်နေတာ ဖြစ်လို့ ဒရုန်းနှင့် ပတ်သက်ပြီး အတွေ့အကြုံကောင်းများ ရှိမှာကတော့ သေချာပါတယ်။

ဒါပေမယ့် ၎င်းတို့ ပြောသလောက် စွမ်းဆောင်ရည် ရှိမရှိ ဆိုတာကတော့ အချိန်က စကားပြောသွားမှာ ဖြစ်ကြောင်း တရုတ်တို့၏ မကြာသေးမီက ဖော်ပြခဲ့တဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘော စီမံကိန်းအကြောင်း ဖော်ပြပေး လိုက်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *