Maglev စနစ်သုံး အမြန်ဆုံး စူပါရထား တရုတ်တည်ဆောက်နေ

Article Tech

ခေတ်ကြီး၏ တိုးတက်မှုဟာ လိုက်မမှီလောက်အောင်ကို မြန်ဆန်လှပါတယ်။ Knowledgeworms မှ ဇန်နဝါရီလအတွင်းက တနာရီလျှင် ၆၂၀ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနိုင်ဖွယ်ရှိသည့် တရုတ် နိုင်ငံလုပ် ရထားသစ် ရှေ့ပြေး ပုံစံ အကြောင်းကို ဖော်ပြခဲ့ပါတယ်။

အခုတော့ တနာရီကို ၆၀၀ ကီလိုမီတာ အမြန်နှုန်း (၃၇၃ မိုင်) ဖြင့် မောင်းနှင်နိုင်မယ့် အဲဒီ့ ရထားသစ်၏ ထုတ်လုပ်မှု လုပ်ငန်းတွေ စတင်နေ ပြီပဲ ဖြစ်ပါတယ်။

ဒီရထားဟာ တရုတ်နိုင်ငံတွင် တည်ဆောက်ခဲ့သမျှ အမြန်ဆုံး ဖြစ်ပြီး တရုတ်နိုင်ငံကို ပို့ဆောင်ရေး စူပါပါဝါ နိုင်ငံဖြစ်လာစေတယ်လို့ China Railway Rolling Stock Corporation (CRRC) မှ ပြောပါတယ်။

ထုတ်လုပ်သူ CRRC မှ maglev စနစ်သုံး မြန်နှုန်းမြင့်ရထားကို အရှေ့ဘက် ကမ်းရိုးတန်းမြို့ဖြစ်သည့် ရှန်ဒေါင်ပြည်နယ် ချင်ဒေါင်းမြို့မှာ ထုတ်လုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလတုန်းက အင်ဂျင်နီယာချုပ်ဖြစ်တဲ့ လျန်ကျင်းယင်က ဒီရထားဟာ ၅ နှစ်မှ ၁၀ နှစ်အတွင်း စတင်အသုံးပြုနိုင်မယ်လို့ ပြောခဲ့ဖူးပါတယ်။

လာမည့်နှစ် အနည်းငယ်အတွင်း တရုတ်ဟာ နောက်ထပ် လမ်းကြောင်း စမ်းသပ်မှုများကို ပိုမို ပြုလုပ်လာမည်ဖြစ်ပြီး လာမည့် နှစ်အနည်း ငယ်အတွင်း ရထား၏ အင်ဂျင်နီယာပိုင်း စွမ်းဆောင်နိုင်မှုကို အကဲဖြတ်လိမ့်မယ်လို့ တရုတ်နိုင်ငံပိုင် သတင်းစာ People’s Daily က ဖော်ပြခဲ့ပါတယ်။

သမားရိုးကျ အင်ဂျင်များနှင့် မတူသည့် အချက်ကတော့ maglev (သို့မဟုတ်) သံလိုက်စွမ်းအင်ဖြင့် ကြွတက်သည့် စနစ်ကြောင့် ရထားဟာ မောင်းနှင်နေသည့် အခါတွင် ပြေးလမ်းနှင့် မထိဘဲ ကြွတက်ကာ အရှိန်ဖြင့် သွားနိုင်ပါတယ်။

ဒီလို ပြေးလမ်းနှင့် ပွတ်တိုက်မှု မရှိသောကြောင့် အခြား သမားရိုးကျ ရထားများထက် ပိုမို မြန်ဆန်စွာ ခရီးသွားနိုင် လာမှာပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ပေကျင်းနှင့် ရှန်ဟိုင်းကြား ခရီးသွားချိန်ကို ဒီ မြန်နှုန်းမြင့်ရထားဖြင့် ၅ နာရီမှ ၂.၅ နာရီအထိ လျှော့ချနိုင်မယ်လို့ မျှော်လင့်ကြောင်း အစိုးရ မီဒီယာများက ဖော်ပြကြပါတယ်။

အဆိုပါ အမြန်ရထားဟာ ၂၀၂၀ ဇူလိုင်လက တရုတ်တို့ ကြေငြာခဲ့သည့် မိုင်ပေါင်း ၆၂၀ ခန့် ရှည်လျှားသည့် magleve သံလမ်းပေါင်း ၉ ခု အထိပါဝင်သည့် စမတ် သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျတဲ့ ရထားပဲ ဖြစ်ပါတယ်။

Maglev ရထားများကို ထုတ်လုပ်ဖို့ ဆောင်ရွက်လာတာဟာ တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းအတွက် အဓိက ရည်မှန်းချက်များထဲက တခု ဖြစ်တယ်လို့ သိရပါတယ်။

People’s Daily အရ ရထားသစ်ကို ၂၀၁၆ ခုနှစ်ကတည်းက တည်ဆောက်ဖို့ ဆောင်ရွက်လာတာ ဖြစ်ပြီး လေယာဉ် နှင့် မြန်နှုန်းမြင့် ရထားများကြား ကွာဟချက် ကျဉ်းမြောင်းလာစေရန် ဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလက ဝါရှင်တန်အခြေစိုက် သတင်းအချက်အလက်နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဖောင်ဒေးရှင်းမှ တရုတ်နိုင်ငံ၏ maglev ရထား စီမံကိန်းများဟာ သမားရိုးကျ ပြေးလမ်းတွင် မောင်းနှင်နိုင်ခြင်းမရှိတာကြောင့် သာမန် ကျည်ဆန်ရထားများထက် ကုန်ကျစရိတ် တဆခွဲလောက် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

A Fuxing bullet train, China’s latest high-speed train, arrives at a train station in northern China’s Tianjin municipality.

ဒါ့ကြောင့် လူအများ တတ်နိုင်သည့် အဖိုးအခနှင့် maglev ရဲ့ ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်းကို မူတည်သည့် အကွာအဝေးနှင့် ဈေးကွက် ရှိမရှိဆိုတာကို မေးခွန်းထုတ် ခဲ့ပါတယ်။

တရုတ်အစိုးရကတော့ maglev ရထားတွေ ဖြစ်မြောက်အောင် ဘဏ္ဍာရေး အရင်းမြစ်များနှင့် မူဝါဒဆိုင်ရာ အထောက်အပံ့များကို ကုမ္ပဏီများ နောက်ကွယ်မှ သိသိသာသာ ပံ့ပိုးသွားမယ်ဟု လောင်းကြေး ထပ်နေပါတယ်။

အမေရိကန်ဖောင်ဒေးရှင်းကတော့ ရှန်ဟိုင်းတွင် ပြေးဆွဲနေသည့် ကုန်ကျစရိတ် ဒေါ်လာ ၁.၇ ဘီလီယံလောက်ရှိသည့် ပထမဆုံး maglev ရထားစနစ်ဟာ သိသိသာသာကို အရှုံးနှင့် ပြေးဆွဲနေရတာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

ရှန်ဟိုင်း မြို့ထဲနှင့် လေဆိပ်ကို ဆက်သွယ်ထားတဲ့ ပထမဆုံးသော တနာရီလျှင် အမြန်နှုန်း ၄၃၁ ကီလိုမီတာ မောင်းနှင်နိုင်တဲ့ maglev ရထားကို ဂျာမနီက အင်ဂျင်နီယာများက တည်ဆောက်ပေးထားတာ ဖြစ်ပြီး ၂၀၀၃ ခုနှစ်ကတည်းက ပြေးဆွဲနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းအင်ဂျင်နီယာ များဖြင့် ဆောက်လုပ်သည့် ရထားပြေးလမ်းကို ချန်းရှ တွင် ၂၀၁၆ က တည်ဆောက်ခဲ့ပြီး အမြန်နှုန်း ၆၀၀ ကီလိုမီတာလောက် သွားနိုင်သည့် မည်သည့် ရထားမှ စမ်းသပ်နိုင်ခြင်း နှင့် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

CCTV သတင်းဌာန အဆိုအရ ၂၀၂၀ ခုနှစ် အထိ တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့် ရထားလမ်း ၃၈,၀၀၀ ကီလိုမီတာ နှင့် ရထားလမ်း ကီလိုမီတာ ၁၄၀,၀၀၀ ကျော် တည်ဆောက်ခဲ့ပြီးပြီလို့ သိရပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *