လေယာဉ်တင်သင်္ဘော အခြေပြု တိုက်လေယာဉ် ဖြစ်လာနိုင်သည့် FC-31

News

တရုတ်နိုင်ငံဟာ အမေရိကန်နှင့် နောက်မျိုးဆက် တိုက်လေယာဉ်များကို ယှဉ်ပြိုင်ဖို့ရာ ၎င်းရဲ့ လေ ယာဉ်တင်သင်္ဘောတွေပေါ်မှာ ရေဒါပျောက် တိုက်လေယာဉ်တွေ တင်ဆောင်စစ်ဆင်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဧပြီလ အစောပိုင်းမှာ တရုတ်နိုင်ငံပိုင် လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း တစ်ခု ဖြစ်တဲ့ Shenyang Aircraft Co. Ltd ဟာ ၂၀၂၁ ခုနှစ်အတွက် ၎င်းတို့ဆောင်ရွက်မယ့် အစီအစဉ်များကို WeChat စာမျက်နှာမှတဆင့် ဖော်ပြခဲ့ပါတယ်။

ကုမ္ပဏီအနေဖြင့် လက်ရှိ စတုတ္ထမျိုးဆက် တိုက်လေယာဉ်များ ထုတ်လုပ်မှုနဲ့ ဆက်စပ်တဲ့ နည်းပညာတွေကို အဆင့်မြှင့်တင်သွားဖို့ရှိပါတယ်။

အဲဒီ့အစီအစဉ်မှာ ထုတ်လုပ်မှုစနစ်တွေ ဖြည့်စွက်ခြင်း၊ မြေပြင် အီလက်ထရောနစ် ရေဒီယို ပိုင်းဆိုင်ရာ အပြစ်အနာအဆာတွေ ထိန်းချုပ်ခြင်း နှင့် လေယာဉ်ကိုယ်ထည်တွင် အသုံးပြုမည့် composite materials များကို ထုတ်လုပ်ပေးနိုင်မယ့် အဆင့်မြင့် ဖိုင်ဘာစနစ်တွေကို တပ်ဆင်ခြင်းများ ပါဝင်ပါတယ်။

J-15

တရုတ်နိုင်ငံဟာ လေယာဉ်တင် သင်္ဘော အခြေပြု တိုက်လေယာဉ်များကို လက်ရှိ ပဉ္စမမျိုးဆက် တိုက်လေယာဉ်များဖြစ်တဲ့ J-20၊ F-22 နှင့် Su-57 များနှင့် နှိုင်းယှဉ်နိုင်မယ့် ရေဒါပျောက်လေယာဉ်များအဖြစ် ထုတ်လုပ်နိုင်ဖွယ် ရှိပါတယ်။

Shenyang ကုမ္ပဏီရဲ့ ကြေငြာချက်မှာ လေယာဉ်ရဲ့ အမည်ကို ဖော်ပြခြင်းမရှိပေမယ့် ကြေငြာချက်နှင့်အတူ လက်ရှိ ရှေ့ပြေးပုံစံ အဖြစ်သာရှိသေးတဲ့ FC-31 ရဲ့ ပုံကို အသုံးပြုထားတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် လေယာဉ်သစ်ဟာ လက်ရှိ ရှေ့ပြေးပုံစံဖြစ်တဲ့ FC-31 ကို အဆင့်မြှင့်တင်ထားတဲ့ လေယာဉ် ဖြစ်လာနိုင်ဖွယ် ရှိနေတာပါ။

အဆိုပါ တရုတ်နိုင်ငံရဲ့ မျိုးဆက်သစ် လေယာဉ်တင်သင်္ဘော အခြေပြု တိုက်လေယာဉ်သစ်ကို ၂၀၃၅ ခုနှစ်မှာ တွေ့မြင်ရဖွယ် ရှိနေပါတယ်။

FC-35 ဟာ အင်ဂျင် ၂ လုံးတပ်၊ တစ်ယောက်မောင်း ဘက်စုံသုံးတိုက်လေယာဉ်ဖြစ်ပြီး အနာဂါတ် စစ်ပွဲများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

လေယာဉ်ဟာ အရှည် ၁၇.၃ မီတာ၊ တောင်ပံအကျယ် ၁၁.၅ မီတာ ရှိတယ်လို့ တရုတ် လေကြောင်းစက်မှု ကော်ပိုရေးရှင်း Aviation Industry Corporation of China (AVIC) ရဲ့ ၂၀၁၈ ခုနှစ် အချက် အလက်များအရ သိရပါတယ်။

Shenyang FC-31 ဟာ ပုံမှန်မဟုတ်တဲ့ စစ်ကစား လှုပ်ရှားပျံသန်းမှုများကို လုပ်ဆောင်နိုင်မှု၊ ရေဒါပျောက်စနစ်၊ ကိုယ်ထည်တွင်း လက်နက်သိုလှောင်ခန်း Internal weapon bay စသည်တို့ ပါဝင်ပါတယ်။

ထို့အတူ ပိုမို အဆင့်မြင့်လာတဲ့ အီလက်ထရောနစ်စနစ်များနှင့် အဆင့်မြှင့်ထားတဲ့ အာရုံခံစနစ်များ၊ ပိုမိုကောင်းမွန်လာတဲ့ ရေဒါထောက်လှမ်းရေးစနစ်နှင့် ပစ်မှတ်ရှာဖွေရေးစနစ်များ အပြင် အီလက်ထရောနစ် စစ်ပွဲသုံး စနစ်များကိုပါ တပ်ဆင်ထားတာပါ။

လက်ရှိ ရှေ့ပြေးပုံစံဖြစ်တဲ့ FC-31 ကို Shenyang လေကြောင်းထုတ်လုပ်ရေးက တရုတ်ပြည်သူ့လွတ်မြောက်ရေးလေတပ် Peoples Liberation Army Air Force (PLAAF) အတွက် ထုတ်လုပ် ပေးထားတာ ဖြစ်ပါတယ်။

FC-31 ကို အချောသတ် ထုတ်လုပ်နိုင်ဖို့ ဆက်လက် လုပ်ဆောင်နေပြီး စမ်းသပ်ပျံသန်းမှုတွေကနေ အင်ဂျင်အသစ်နှင့် တခြား ကိရိယာများ အဆင့်မြှင့်တင် တပ်ဆင်မှုတွေကို ထပ်မံပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိ တရုတ်နိုင်ငံရဲ့‌ လေယာဉ်တင်သင်္ဘောများမှာ Shenyang J-15 (နေတိုးအခေါ် Flanker-X2၊ တရုတ်အခေါ် Flying Shark) များကို အသုံးပြုနေတာ ဖြစ်ပေမယ့် အဆိုပါလေယာဉ်များဟာ လေ ယာဉ်တင်သင်္ဘောများရဲ့ ပစ်တင်စနစ် Catapult များ မပါဝင်မှုကြောင့် စွမ်းဆောင်ရည်အပြည့်အဝ မလုပ်ဆောင်နိုင်ပါဘူး။

Shenyang J-15 တိုက်လေယာဉ်ဟာ ရုရှားလုပ် sukhoi Su-33 ကို ပုံစံယူ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းမှာ ထုတ်လုပ်ပြီး ပြည်ပမှ အပိုပစ္စည်း တင်သွင်းမှုကို လျှော့ ချနိုင်ဖို့နှင့် ၎င်းတို့ရဲ့ လေယာဉ်တင် သင်္ဘောအသစ်နှင့် ကိုက်ညီစွာ အသုံးပြုနိုင်ဖို့ရာ လေယာဉ်အမျိုးအစားသစ်အတွက် အပူတပြင်း လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ် ခင်ဗျာ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *