တရုတ်၏ အမေရိကန် ရထားလမ်း စီမံကိန်း အိပ်မက် အကြောင်း

Knowledge National Interests

တရုတ်နိုင်ငံ၏ အမြန်ရထား ကွန်ယက်ကြီးဟာ ကမ္ဘာပေါ်ရှိ အကျယ်ပြန့်ဆုံးနှင့် အထင်ကြီးလောက်စရာ အကောင်းဆုံး အမြန်ရထားကွန်ယက်များထဲမှ တခုအနေဖြင့် ရပ်တည်နေပါတယ်။

အမြန်ရထား ကွန်ယက်ဟာ နိုင်ငံ အစွန်အဖျား အထိသို့ ရောက်လာသည်နှင့် အမျှ ဘေဂျင်းဟာ ၎င်း၏ အမြန်ရထား ကွန်ယက်ကို အလွန် ဝေးကွာသည့် နေရာအထိ ချိတ်ဆက်နိုင်ဖို့ မျက်စိကျနေပါတယ်။

အစီရင်ခံစာ အချို့အရ တရုတ်နိုင်ငံဟာ ပြည်မကြီးမှ တဆင့် ရုရှားနိုင်ငံ အရှေ့ပိုင်း ဆိုက်ဘေးရီးယားကို ဖြတ်သန်းကာ၊ ပင်လယ်အောက်မှတဆင့် Bering ရေလက်ကြားကို ဖြတ်သန်း၍ အလက်စကာမှတဆင့် ကနေဒါနိုင်ငံ Yukon ကျောက်တောင်များ ကို ကျော်လွှားပြီး

British Columbia မှ တဆင့် အမေရိကန် နိုင်ငံထဲသို့ အရှည် ၁၃,၀၀၀ ကီလိုမီတာ (၈,၀၇၈ မိုင်) လောက်ရှိတဲ့ မြန်နှုန်းမြင့် ရထားလမ်းတခု တည်ဆောက်ဖို့ ဆန္ဒရှိနေခဲ့တယ်လို့ သိရပါတယ်။

ဒီ အမြန်ရထားလမ်းကြီးကို တည်ဆောက်ပြီးပါက ၎င်းတို့၏ အပြည်ပြည်ဆိုင်ရာ ကျည်ဆံရထား ကွန်ယက်ကို အမေရိကန်၏ နေရာတိုင်းသို့ ထပ်မံ တိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ်ကတော့ ခန့်မှန်းချေ အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံ လောက်အထိ ရှိနိုင်ပါတယ်။

မိုင် ၈ ထောင်ကျော် ရှည်လျားတဲ့ စူပါ ရထားလမ်းကို တရုတ်တို့ တည်ဆောက်ချင်တယ် ဆိုတဲ့ သတင်းဟာ ၂၀၁၄ ခုနှစ်လောက်က ဘေဂျင်းတိုင်းမ်၊ ဝါရှင်တန် ပို့စ် အပြင် အခြား သတင်းဌာန အများအပြားမှာ ဖော်ပြခဲ့ပါတယ်။

ဒီရထားလမ်းကို “တရုတ်-ရုရှား-ကနေဒါ-အမေရိက” ရထားလမ်းလို့ ခေါ်ဆိုပြီး နိုင်ငံ ၄ နိုင်ငံကို ဖြတ်သန်းကာ ကုန်သွယ်မှု၊ ခရီးသွားလာမှုနှင့် စီးပွားရေး တိုးချဲ့မှုများ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

Bering ရေလက်ကြားကို ဖြတ်သန်းသည့်အခါမှာတော့ ရထားလမ်းဟာ ရေအောက်တွင် တည်ဆောက်ရမှာ ဖြစ်ပြီး ချန်နယ် ရေအောက် လှိုဏ်ခေါင်း ထက် ၄ ဆလောက် ပိုကြီးပြီး ပိုမို အဆင့်မြင်တဲ့ နည်းပညာများ လိုအပ်မှာ ဖြစ်ပါတယ်။

ထိုအချိန်မှာပဲ တရုတ်မှ အင်ဂျင်နီယာများဟာ လက်ရှိ နည်းပညာနှင့် တည်ဆောက်နိုင်မယ်လို့ အလွန်ကို ယုံကြည်မှု ရှိနေကြပြီး ရုရှားနှင့်တောင် အစပြုဖို့ ဆွေးနွေးနေပြီလို့ အခိုင်အမာ ဆိုခဲ့ကြပါတယ်။

ဒါဟာ ဖြစ်ရော ဖြစ်နိုင်ပါ့မလား ဆိုတာ အသေအချာတော့ မသိပါဘူး။

၂၀၁၈ ခုနှစ်တုန်းကတော့ တရုတ်နိုင်ငံဟာ ရှန်ဟိုင်းမြို့အနီးရှိ ဆိပ်ကမ်းမြို့ဖြစ်တဲ့ နင်ပေါင် မြို့မှ အရှေ့ဘက် ကမ်းရိုးတန်းရှိ ကျွန်းစုများထဲက တခုဖြစ်တဲ့ ကျိုးချန် သို့ ကျည်ဆံရထားလမ်း ပြေးဆွဲဖို့ ခွင့်ပြုခဲ့ပါတယ်။

၇၇ ကီလိုမီတာ (၄၇.၈ မိုင်) လောက်ရှိတဲ့ အသစ် တည်ဆောက်မည့် ဒီ အမြန်ရထားလမ်းတွင် ရေအောက်မှ ဖြတ်သန်း တည်ဆောက်ရမယ့် ရထားလမ်း အရှည် ၁၆.၂ ကီလိုမီတာခန့် ပါဝင်ပါတယ်။

အဆိုပါ ရထားလမ်းတွင် ပြေးဆွဲမည့် ရထားအမျိုးအစားကတော့ လျှပ်စစ်သံလိုက် နည်းပညာကို အသုံးပြုပြီး ရထားလမ်းပေါ်မှ ကြွတက် မောင်းနှင်နိုင်သည့် Maglev ရထား ဖြစ်ပါတယ်။

အဲဒီ့ ရေအောက်မှ လှိုဏ်ခေါင်းဟာ ချန်နယ် ရေအောက် လှိုဏ်ခေါင်း လောက် မကြီးမားပေမယ့် ကျည်ဆံရထားများ ဖြတ်သန်းဖို့ တည် ဆောက် ရတာ ဖြစ်တဲ့အတွက် နည်းပညာအားဖြင့် စိန်ခေါ်မှု အသစ်များကို ဖြစ်စေမှာ ဖြစ်ပါတယ်။

တရုတ်-ရုရှား-ကနေဒါ-အမေရိက ရထားလမ်းအကြောင်းဟာ လူသိနည်းပေမယ့် အချို့ကတော့ နင်ပေါင်-ကျိုးရှန် ရထားလမ်းဟာ ပိုကြီးတဲ့ စီမံကိန်း လုပ်ဆောင်နိုင်ဖို့ စမ်းသပ်မှု တခု ဖြစ်နိုင်တယ် လို့ ဆိုကြပါတယ်။

အမေရိကန်အနေဖြင့်တော့ နိုင်ငံတွင်း လေကြောင်း ခရီး အသုံးပြုမှု များပြားတဲ့အတွက် ရထားနှင့် ပတ်သက်သည့် စီမံကိန်းများ ဟာ အ နည်းငယ် နောက်ကျလေ့ရှိပြီး ၂၀၂၀ ခုနှစ်တွင် အလက်စကာမှ အယ်လ်ဘာတာသို့ ကီလိုမီတာ ၂,၅၇၀ (၁၅၉၇ မိုင်) ရှည်လျှားသည့် ရထားလမ်း စီမံကိန်းကို အတည်ပြုခဲ့ပါတယ်။

ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံလောက်ရှိတဲ့ ဒီရထားလမ်း စီမံကိန်းဟာ အခြားနိုင်ငံများထက် အမြန်ရထား ကွန်ယက်တည်ဆောက်မှုတွင် နောက်ကျနေတဲ့ အမေရိကန်အတွက် ကြီးမားတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။

ကံမကောင်းတာ တခုကတော့ အထင်ကြီးလောက်စရာကောင်းတဲ့ တရုတ်-ရုရှား-ကနေဒါ-အမေရိက ရထားလမ်းကြီးဟာ ယခုအချိန်မှာ ဆိုင်းငံ့ထားပုံရပါတယ်။

သုံးသပ်သူများကတော့ စီးပွားရေးအရ မလိုအပ်သည့် ဒီ စီမံကိန်း အဆိုပြုချက်ကို ပြစ်တင် ရှုံ့ချနေကြပြီး ဒီ ရှုပ်ထွေးတဲ့ စီမံကိန်းထက်စာရင် ကုန်တင် သင်္ဘောများနှင့် လေကြောင်းလိုင်းများက ပိုမို ကုန်ကျစရိတ် သက်သာမယ်လို့ ဆိုပါတယ်။

၎င်းတို့၏ သုံးသပ်ချက်က ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဆက်ဆံရေးတင်းမာနေသည့် စူပါ ပါဝါ နိုင်ငံများကြားမှာ ဒီလို ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စနှင့် ကုန်ကျစရိတ် အကြီးဆုံး စီမံကိန်းအတွက် အကုန်အကျခံမည့် ကိစ္စဆိုတာ မဖြစ်နိုင်တာကို အိပ်မက် မက်နေတာထက်တောင် ပိုနေပါဦးမယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *