အဆင့်မြှင့်ထားတဲ့ တာတို ပဲ့ထိန်းဒုံးကျည် တရုတ်စမ်းသပ်

Military News

တရုတ်ဟာ မကြာသေးမီက ၎င်းတို့၏ အဆင့်မြှင့်ထားတဲ့ တာတိုပစ် ဒုံးကျည်ကို ထုတ်ဖော်ပြသ လိုက်ပါတယ်။

နိုင်ငံပိုင် မီဒီယာတခုမှ ဩဂုတ်လ ၂၁ ရက်နေ့က ဖော်ပြချက်အရ တရုတ်လွတ်မြောက်ရေး တပ်မတော် ကြည်းတပ်၏ ရော့ကတ်တပ်ဖွဲ့ (PLARF) ဟာ ဒုံးကျည်အချို့ကို အောင်မြင်စွာ ပစ်ခတ်စမ်းသပ်နိုင်ခဲပါ့တယ်။

အဲဒီ့ ဒုံးကျည်များကတော့ သမားရိုးကျ ထိပ်ဖူးများကို တပ်ဆင်ထားသည့် တာတိုပစ် ပဲ့ထိန်းဒုံးကျည် (Short-range ballistic missiles, SRBMs) အမျိုးအစားသစ် ၂ မျိုးဖြစ်တယ်လို့ သိရပါတယ်။

China Central Television (CCTV) သတင်းဌာနမှ ဖော်ပြခဲ့သည့် ဗီဒီယိုအရ စမ်းသပ်ရာတွင် အသုံးပြုသည့် ဒုံးကျည်မှာ အမေရိကန် ကာကွယ်ရေးဌာနမှ CSS-6 လို့ အမည်ပေးထားတဲ့ Dong Feng 15 တာတိုပစ် ဒုံးကျည်ဖြစ်တာကို တွေ့ရပါတယ်။

မီဒီယာတွင် ဖော်ပြခဲ့သည့် ဗီဒီယိုတွင် အဆိုပါ ဒုံးကျည်တွင် အဆင့်မြှင့်မွမ်းမံထားသည့် သို့မဟုတ် အမျိုးအစားသစ် ဖြစ်သည့် ထိပ်ဖူးကို တပ်ဆင်ထားတာကို တွေ့ရှိပါတယ်။

ဒုံးကျည်များကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ သဲကန္တာရအတွင်းတွင် ပစ်လွှတ်စမ်းသပ်ခဲ့တာ ဖြစ်ပြီး ကီလိုမီတာ ရာပေါင်းများစွာအထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

DF-15B

ဒီပစ်လွှတ်မှုကို PLARF လက်အောက်ရှိ အမှတ် ၁ သမားရိုးကျ ထိပ်ဖူးသုံး ဒုံးကျည်တပ်ရင်းမှ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ပစ်လွှတ်သည့် နေရာသို့ ဘီးတပ် တင်ဆောင် ပစ်လွှတ်ယာဉ် transporter-erector-launchers (TELs) နှင့် သယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

DF-15 ၏ ပစ်လွှတ်နိုင်သည့် အကွာအဝေးသည် ထိပ်ဖူး၏ အလေးချိန် အပေါ်တွင် မူတည်နေပေမယ့် အများဆုံး ကီလိုမီတာ ၈၀၀ လောက်အထိ ပစ်ခတ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

CCTV သတင်းဌာနဟာ ဒုံးကျည်သစ်ကို ပစ်လွှတ်ဖို့ရာတွင် အချိန်ကြာမြင့်မှုကို လျှော့ချနိုင်ခဲ့ပြီး တိုးတက်လာတဲ့ အလိုအလျှောက်စနစ်များကြောင့် စစ်သည်အရေအတွက် ကိုလျှော့ချနိုင်တဲ့အကြောင်းကို အသားပေး ဖော်ပြခဲ့ပါတယ်။

ဒုံးကျည်ပစ်လွှတ်သည့် ပုံရိပ်များတွင် ထိပ်ဖူးကို ထိန်းချုပ်နိုင်သည့် fin များဖြင့် တပ်ဆင်ထားပြီး နောက်ဆုံးအဆင့်မှာတောင် ဒုံးကျည်လမ်းကြောင်းကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ ဒုံးကျည်ဟာ Janes Strategic Weapons စာရင်းမှ DF-15B နှင့် ဆင်တူပြီး GNSS လမ်းညွှန်စနစ်၊ လေဆာအကွာအဝေးရှာစနစ်နှင့် active radar seeker တခု တပ်ဆင်ထားပါတယ်။

DF-15 များကို ၁၉၈၅ ခုနှစ်မှာ ဒီဇိုင်းအပြီးသတ်ပြီး ၁၉၈၇ ခုနှစ်တွင် တရုတ်ပြည်သူ့ လွှတ်မြောက်ရေး တပ်မတော် မှ ထုတ်လုပ်ဖို့ ခွင့်ပြုခဲ့တာ ဖြစ်ကာ ၁၉၈၀ ခုနှစ်များမှ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်းအထိ ဂိုဘီ သဲကန္တာရအတွင်း အကြိမ်ကြိမ် စမ်းသပ်ခဲ့ပါတယ်။

DF-17

ထိပ်ဖူးတွင် ၅၀ မှ ၃၅၀ ကီလိုတန်ရှိတဲ့ နျူကလီးယား ထိပ်ဖူး သို့မဟုတ် သမားရိုးကျ ထိပ်ဖူးများကို တပ်ဆင်နိုင်ပြီး ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ မျိုးကွဲများအပေါ်မူတည်ပြီး ၆၀၀ ကီလိုမီတာမှ ၉၀၀ ကီလိုမီတာ အထိ ရှိပါတယ်။

လွဲချော်နိုင်ချေမှာ ၁၀ မီတာ ခန့်သာရှိပြီး ရွေ့လျားယာဉ် TEL ဖြင့် တင်ဆောင်နိုင်ကာ လက်ရှိတွင် DF-15၊ DF-15A၊ DF-15B၊ DF-15C ဆိုပြီး မျိုးကွဲ ၄ ခု ထုတ်လုပ်ထားပါတယ်။

PLA ၏ ရော့ကတ်တပ်ဖွဲ့ဟာ DF-17 သမားရိုးကျ ထိပ်ဖူးတပ် ဒုံးကျည်များကိုလည်း ပိုင်ဆိုင်ထားပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားတွင် ပထမဆုံး ပြသခဲ့ပါတယ်။

DF-17 ဟာ ကမ္ဘာ့အဆင့် ဟိုက်ပါဆိုးနစ် ပဲ့ထိန်းလမ်းညွှန်စနစ်သုံး ဒုံးကျည်ဖြစ်ပြီး ကြားဖြတ်ဟန့်တားနိုင်ဖို့ အခွင့်အရေး အနည်းငယ်သာ ရှိနိုင်တယ်လို့ ယုံကြည်ရပါတယ်။

တရုတ်ဟာ ဒုံးကျည်သစ်များကို ခွဲထွက်ရေး အင်အားစုများသာမက ပြည်ပ စွက်ဖက်မှု အင်အားစုများကိုပါ တိုက်ခိုက်ဖို့ ထိုင်ဝမ် ရေလက် ကြား တလျှောက်တွင် ထားရှိဖို့ အလားအလာ ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *