ဒူဘိုင်းမှာ တည်ရှိတဲ့ Burj Khalifa အဆောက်အဦးကြီးဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အဦး ဖြစ်ပြီး လူအတော်များများလည်း သိရှိပြီး ဖြစ်ပါတယ်။
မီတာ ၈၃၀ လောက် အမြင့်ရှိတဲ့ ဒီအဆောက်အဦးကြီးဟာ နေဝင်ချိန် နေထွက်ချိန် ရှုခင်းကို တိုက်ပေါ်မှ တခါ တိုက်အောက်မှ တခါ ၂ ခါ ခံစားနိုင်လောက်အောင် မြင့်မားပါတယ်။
အခုတော့ ဗိသုကာ ကုမ္ပဏီ တခုဖြစ်တဲ့ Znera Space ဟာ ဒီအဆောက်အဦးနှင့် ကိုက်ညီပြီး ဒူဘိုင်း၏ မိုးမြင့်တိုက်များ ပတ်ဝန်းကျင်ကို အပြောင်းအလဲကြီး တခု ဖြစ်စေမယ့် ဒီဇိုင်း တခုကို ပြသလိုက်ပါတယ်။
အဲဒါကတော့ မြို့လယ်ခေါင်တွင် မီတာ ၅၅၀ အမြင့်ရှိသည့် စက်ဝိုင်းပုံစံ အဆောက်အဦး တခုကို တည်ဆောက်မှာ ဖြစ်ပါတယ်။
အဆိုပါ စက်ဝိုင်းပုံ အဆောက်အဦးဟာ Burj Khalifa ကို ပတ်ပတ်လည် ဝန်းရံထားမှာ ဖြစ်တဲ့ အတွက် တမူ ထူးခြားနေမှာပါ။

Image: Courtesy of Znera Space
ယခုလို ထူးခြားတဲ့ ဒီဇိုင်းဟာ မိုးမျှော်တိုက်များ တည်ဆောက်မှုဆိုင်ရာ အယူအဆများကို တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါတယ်။
ကွန်ပျူတာဖြင့် သရုပ်ဖော် ပြသထားသည့် ပုံအရ အဆောက်အဦးဟာ အချင်း ၃ ကီလိုမီတာ ရှိသည့် ဒူဘိုင်းမြို့လယ် တခုလုံးကို လွှမ်းခြုံနိုင်တာကို တွေ့ရပါတယ်။
အတွင်းတွင် လူနေအိမ်များအပြင် အများသူငှာအတွက် နေရာများ၊ စီးပွားရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများ အသီးသီး ပါဝင်မှာ ဖြစ်ပြီး ရေရှည်တည်တံ့သည့် နည်းလမ်းဖြင့် တည်ဆောက်ထားတာ ဖြစ်လို့ စွမ်းအင်လည်း ဖူလုံအောင် ဒီဇိုင်းဆွဲထားပါတယ်။
အဆောက်အဦး ဒီဇိုင်းကို Znera Space ကုမ္ပဏီအား ပူးတွဲ တည်ထောင်သူများဖြစ်သည့် Najmus Chowdry နှင့် Nils Remess တို့က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ လှုမှုရေးဆိုင်ရာ နယ်နိမိတ်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို စူးစမ်းရှာဖွေ ဖြေရှင်းနိုင်သည့် စမ်းသပ်ဗိသုကာ ပညာရပ်ပိုင်းကို လေ့လာနေတဲ့သူများ ဖြစ်ပါတယ်။

Image: Courtesy of Pictown/Znera Space
ယခုလို ဒီဇိုင်းရရှိဖို့ အမှိုက်စွန့်ပစ်ခြင်း၊ အစားအစာ ထုတ်လုပ်ခြင်း၊ ယဉ်ကြောပိတ်ဆို့မှု ပြဿနာများ စသည်တို့ကို အခြေခံပြီး စဉ်းစားခဲ့ကြတာ ဖြစ်ပါတယ်။
မြို့လယ်စက်ဝိုင်းကို အထပ် ငါးထပ်ဖြင့် ဖွဲ့စည်းထားပြီး မြေပြင်တွင် မြှုပ်ထားသည့် ထောက်တိုင်ကြီး ၅ ခုမှ ထိန်းမတ်ပေးထားမှာပါ။
စက်ဝိုင်းကြီးတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမည့် Skypark လို့ခေါ်တဲ့ ပန်းခြံကြီး နှင့် ချိတ်ဆက်ထားတဲ့ အဓိက ကွင်းကြီး ၂ ကွင်းနှင့် ဖွဲ့စည်းထားမှာ ဖြစ်ပါတယ်။
ထို Skypark ဟာ အဆောက်အအုံမှ ထွက်လာမည့် လေထုညစ်ညမ်းခြင်းများကို ထိန်းသိမ်းပေးပြီး အဆုတ် တခုအနေဖြင့် ဆောင်ရွက်ပေးမှာပါ။
စီမံကိန်းအရ Skypark တွင် ရွှံ့နွံများ၊ ရေတံခွန်များ၊ အပူပိုင်း သစ်ပင်များ နှင့် အမျိုးမျိုးသော ပန်းပင်များ ပါဝင်မှာဖြစ်ပါတယ်။

Image: Courtesy of Pictown/Znera Space
စက်ဝိုင်းပုံ အဆောက်အဦးကြီး အတွက် စွမ်းအင်နှင့် အခြား ရင်းမြစ်များကို မိုးရေ သိုလှောင်စနစ်၊ နေရောင်ခြည်စွမ်းအင် နှင့် ကာဗွန်သိုလှောင်စနစ်များပါ ထည့်သွင်းထားသည့်အတွက် လေထု ညစ်ညမ်းမှုကို အထူးလျော့ကျစေမှာပါ။
ပိုလန်နိုင်ငံ အခြေစိုက် ဒီဇိုင်းကုမ္ပဏီတခုဖြစ်သည့် Pictown နှင့် ပူးပေါင်း ဖန်တီးထားသည့် သရုပ်ပြပုံတွင် ရထားတစင်းအတွက်ပါ နေရာပါဝင်ပြီး တနာရီလျှင် ကီလိုမီတာ ၁၀၀ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ကာ မြို့ပတ်လည်၏ ၃၆၀ ဒီဂရီ ရှုခင်းတွေကို မြင်တွေ့နိုင်မှာပါ။
ဒါ့ကြောင့် မကြာတဲ့ အနာဂါတ်မှာ ယခုလို အဆောက်အဦးမျိုး ဒူဘိုင်းမှာ ထပ်မံပေါ်လာဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 21/8/2022