စက်ဝိုင်းပုံစံ လေယာဥ် ပြေးလမ်း တည်ဆောက်မည့် အနာဂတ် လေဆိပ်ဒီဇိုင်း အကြောင်း

Innovation Tech

ဒတ်ခ်ျလူမျိုး အဖွဲ့တစ်ဖွဲ့ဟာ လေယာဉ်ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်းဆိုင်ရာ နည်းလမ်း အသစ်ဖြစ်တဲ့ စက်ဝိုင်းပုံစံ ပြေးလမ်းအတွက် အဆိုပြုချက်တစ်ခုကို ဖန်တီးခဲ့ဖူးပါတယ်။

၎င်းကို အဆုံးမဲ့ပြေးလမ်း စီမံကိန်း( Endless Runway) ဆိုပြီး အမည်ပေးထားပါတယ်။

ရှည်လျားပြီး ကျယ်ပြန့်တဲ့ လေယာဥ်ပြေးလမ်းတွေမှာ လေယာဉ်​တွေဆင်းသက်တာကို ကျွန်ုပ်တို့အနေနဲ့ ကျင့်သားရနေပြီ​​ဖြစ်သော်လည်း Endless Runway Project နောက်ကွယ်ရှိ ဥရောပလေကြောင်းသုတေသီအဖွဲ့မှ ယခင် လေယာဥ်ပြေးလမ်းတွေကို ပြောင်းလဲဖို့ စိတ်ကူးနေပါတယ်။

Image: Courtesy of BBC

အဆိုပါ ပရော့ဂျက်နဲ့ ပတ်သတ်ပြီး အဖွဲ့က ၎င်းတို့ရည်မှန်းထားတဲ့ အနာဂတ်လေဆိပ်ဟာ အချင်း ၂.၂ မိုင် (၃.၅ ကီလိုမီတာ) ရှည်လျားပြီး ပြိုင်ပွဲ​တွေကျင်းပတဲ့ ကွင်းကဲ့သို့ မျက်နှာ​ပြင်ပါရှိသော စက်ဝိုင်း ပုံစံ ပြေးလမ်းကိုမှ အလယ်တွင် ဂိတ်ပေါက်တစ်ခုရှိမှာဖြစ်တယ် ဟု ဆိုပါတယ်။

စက်ဝိုင်းပုံစံ လေယာဥ်ပြေးလမ်းဟာ နေရာလွတ် ခြွေတာမှုပုံစံဖြစ်ပြီး လေကြောင်းအတွက် လိုအပ်တဲ့ မြေပမာဏကို လျှော့ချနိုင်မည်ဖြစ်ကာ အခြားအသုံးပြုမှု​တွေအတွက် အဖိုးတန် အိမ်ခြံမြေများကို လွတ်ကင်းစေနိုင်မည့် အလားအလာရှိတယ်ဟုလည်း ဆိုပါတယ်။

အဆိုပါ စက်ဝိုင်းပုံစံပြေးလမ်းပေါ်မှာဆိုရင် တစ်ကြိမ်လျှင် လေယာဉ်သုံးစင်းအထိ ဆင်းသက် နိုင်မှာဖြစ်ပြီး ပုံမှန်ပြေးလမ်းထက် လေးဆခန့် သွားလာ နိုင်တဲ့ အတွက်ကြောင့် ပိုမိုထိရောက်မှာ ဖြစ်တယ်ဟု ဆိုပါတယ်။

နယ်သာလန် အာကာသယာဉ် ဗဟိုဌာနမှ သုတေသီ Henk Hesselink ကတော့ ဒါဟာ လုံခြုံမှုရှိတယ် ဟု ဆိုပါတယ်။

အဆိုပါ စက်ဝိုင်းပုံပြေးလမ်းပေါ်မှာဆိုရင် လေယာဉ်​တွေဟာ ကန့်လန့်ဖြတ် လေဒဏ်ကို မခံရပဲ အရှေ့မှ လာတဲ့ လေဒဏ် တစ်မျိုးထဲ ခံရမှာဖြစ်ပြီး ဆင်းသက်ရလည်း လွယ်ကူကြောင်း အဖွဲ့ဟာ မကြာသေးမီက BBC News အင်တာဗျူးမှာ ရှင်းပြခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး၊ စက်ဝိုင်းပုံစံပြေးလမ်းတွေဟာ လေယာဥ်ဆင်းသက်တဲ့အခါမှာ ကြမ်းတမ်းမှုတွေကို နည်းပါးစေမှာဖြစ်ပြီး ရိုလာကိုစတာစီး​နေကဲ့သို့ ခံစားရစေတယ်ဟု ဆိုပါတယ်။

Hesselink က ခရီးသည်တွေအနေနဲ့ လေယာဉ်ဟာ ဝေဟင်မှာ ပျံတက်ပြီး လှည့်လိုက်တဲ့အခါမျိုးတွေမှာလည်း အလားတူ ခံစားမှုမျိုး ခံစားရမှာဖြစ်ကြောင်း BBC သို့ ပြောကြားခဲ့ပါတယ်။

Image: Courtesy of Gigazine

ဘာလို့လဲဆို​တော့ လေယာဥ်ဟာ centrifugal force (ဗဟိုခွာအား)ကြောင့် နှေးကွေးတဲ့ အရှိန်နဲ့ ရွေ့လျားသွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ယခုအချိန်အထိ Endless Runway နဲ့ပတ်သတ်ပြီး သရုပ်ပြ ရှေ့ပြေးပုံစံငယ် များဖြင့်သာ စမ်းသပ်ထားသော်လည်း ဒီစိတ်ကူးဟာ အင်တာနက်ပေါ်မှာ အချေအတင် ငြင်းခုံမှုများစွာကို ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးနေသလို ဖြစ်နေခဲ့ပါတယ်။

အခြား ပညာရှင်တွေကတော့ ဆွဲငင်အားနဲ့ဆိုင်တဲ့ ပြဿနာတွေ နှင့် လေတိုက်ခတ်ခံရမှုမှ အကြောင်းရင်းများကို ကိုးကားကာ အဆိုပါ စိတ်ကူးကို ဆန့်ကျင်ဖို့ သုံးသပ်ခဲ့ကြပါတယ်။

စက်ဝိုင်းပုံပြေးလမ်းတွေကိုတည်ဆောက်ဖို့ စိတ်ကူးထားတာဟာ လေကြောင်းပျံသန်းမှု အစောပိုင်းကာလကတည်းက တည်ရှိနေခဲ့တာပါ။

၁၉၁၉ တုန်းကလည်း Popular Science တွင် စက်ဝိုင်းပုံ ပြေးလမ်းကို မြို့တွင်းရှိ အထပ်မြင့် အဆောက်အအုံတွေရဲ့ ခေါင်မိုး​တွေပေါ်မှာ တည်ဆောက်ဖို့ အဆိုပြုခဲ့ပါသေးတယ်။

အဆိုပါ စိတ်ကူးကတော့ တိုက်အမြင့်မှာ နေထိုင်သူတွေ အတွက် ၎င်းတို့ရဲ့ ကိုယ်ပိုင် လေယာဉ်ဖြင့် ဆင်းသက် နိုင်စေဖို့ပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *