တရုတ်နိုင်ငံဟာ ရာသီဥတုတွေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ လေ့လာမှု အသစ်အရ သိရှိရပါတယ်။
SCMP သတင်းဌာနမှ မကြာသေးမီက ဖော်ပြခဲ့တဲ့ သတင်းတွင် မိုးလေဝသဌာနမှ တီယမ်နန်မင် ရင်ပြင်တွင် ကျင်းပခဲ့တဲ့ လူပေါင်း သောင်းချီ တက်ရောက်တဲ့ တရုတ်ကွန်မြူနစ်ပါတီ ရာပြည့် အထိမ်းအမှတ်ပွဲ အတွက် ဘေဂျင်းရဲ့ ကောင်းကင်ယံကို လေထုညစ်ညမ်းမှုများလျှော့ချပြီး ရှင်းလင်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သုတေသီများက ပြောပါတယ်။
အဲဒီ့လို လုပ်ဆောင်ဖို့အတွက် မိုးတု ရွာသွန်းစေတဲ Cloud seeding လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုခဲ့ဖွယ်ရှိပါတယ်။
Cloud seeding နည်းပညာဟာ silver iodide အမှုန်များကို တိမ်များပေါ်သို့ ကြဲချပြီး ရေခဲပုံဆောင်ခဲများ ဖွဲ့စေကာ မိုးရွာသွန်းစေတဲ့ နည်းပညာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ချင်းဟွာ တက္ကသိုလ်မှ သုတေသန စာတမ်းဟာ တရုတ်အနေဖြင့် ၂၀၂၅ ခုနှစ်မှာ ရာသီဥတုကို ပြုပြင်ဖို့ စီမံကိန်းအတွက် စမ်း သပ် ဧရိယာကို စတုရန်း ကီလိုမီတာပေါင်း ၅.၅ သန်းလောက်အထိ လုပ်ဆောင်ဖို့အတွက် သိသိသာသာ တိုးမြှင့်လာပြီး နောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါဟာ အလွန်ကို ကြီးမားတဲ့ ဧရိယာကြီး ဖြစ်ပြီး အိန္ဒိယနိုင်ငံထက်တောင် ကြီးတဲ့ အရွယ်အစား ဖြစ်ပါတယ်။ (စတုရန်း ကီလိုမီတာ ၅.၅ သန်း ဟာ ပင်လယ်ပြင်တွေပါ ပါဝင်ဖွယ်ရှိပါတယ်)
ဒီလို ကြီးမားတဲ့ စမ်းသပ် ဧရိယာကြီးကြောင့် တခုခု မှားယွင်းသွားပါက အကျိုးဆက် အနေဖြင့် အိမ်နီးချင်း နိုင်ငံများအထိပါ ဆိုးရွားစွာ သက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေဖြင့် Cloud seeding နည်းပညာကို အခုမှ အသုံးပြုနေတာတော့ မဟုတ်ပါဘူး။
၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ်ပွဲမတိုင်ခင် လပိုင်းအလို တုန်းကလည်း ဒီလိုမျိုး လုပ်ဆောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး မိုးတု ရွာသွန်းစေမှုကို ဖြစ်စေပါတယ်။
လူသိရှင်ကြား ထုတ်ဖော် မပြောကြားခဲ့ပေမယ့် ကွန်မြူနစ်ပါတီ ရာပြည့်ပွဲဖြစ်တဲ့ ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင် ဘေဂျင်းမြို့ အပြင်ဘက် တောင်တန်းများမှ ကောင်းကင်ယံကို ဒုံးကျည်များ ပစ်လွှတ် ခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို ချင်ဟွာ တက္ကသိုလ်မှ သုတေသီများက ၎င်းတို့ တွေ့ရှိခဲ့တဲ့ မျက်မြင် သက်သေများနှင့် ဒုံးကျည် အပျက်အစီးများကို ကိုးကားပြီး cloud seeding နည်းပညာဖြင့် တကယ်ပဲ လုပ်ဆောင်ခဲ့တယ် ဆိုတာကို ဖော်ပြခဲ့ပါတယ်။

SCMP အဆိုအရတော့ ဒီလို ရာသီဥတုကို အောင်မြင်စွာ ပြောင်းလဲဖို့အတွက် မိုးလေဝသ အရာရှိများဟာ အခက်အခဲများစွာ ကျော်လွှားခဲ့ရတယ်လို့ ဆိုပါတယ်။
ရာပြည့်ပွဲ ကျင်းပြမည့် ကာလဟာ တရုတ်နိုင်ငံရဲ့ အစိုစွတ်ဆုံး နွေရာသီဖြစ်ခဲ့ပြီး လေထုညစ်ညမ်းမှု အခြေအနေဟာ အထူးဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ သတင်းများအရ ဘေဂျင်း၏ ဇူလိုင်လ ၁ ရက်နေ့ လေထုညစ်ညမ်းမှုဟာ “အလယ်အလတ်” မှ “ကောင်းသည့်” အဆင့်သို့ ပြောင်းလဲသွားပြီး နေ့လည်ဘက် မိုးရွာသွန်းမှုဟာ မိုးတု ဖြစ်နိုင်ချေ ရှိပါတယ်။
Clouding seeding နည်းပညာကို အမေရိကန် ဓာတုဗေဒနှင့် မိုးလေဝသပညာရှင် Vincent J. Schaefer က ၁၉၄၆ ခုနှစ်တွင် ပထမဆုံး သုတေသန ပြုလုပ်ခဲ့ပြီး အနည်းဆုံး ၁၉၆၇ ခုနှစ်လောက် ကတည်းက အမေရိကန် စစ်တပ်က အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။
UAE မှာလည်း ယခုနှစ်အတွင်းမှာ မိုးတု ရွာသွန်းစေမှု တခု ပြုလုပ်ခဲ့ကြောင်းကို “ယူအေအီး တွင် မိုးတု ရွာသွန်းစေမှု အောင်မြင်” ခေါင်းစဉ် ဖြင့် ဖော်ပြခဲ့ပါတယ်။
နိုင်ငံ တော်တော်များများကတော့ တရုတ်အနေဖြင့် Cloud seeding နည်းပညာကို စစ်ဘက်ဆိုင်ရာတွင် အသုံးပြုလာမှာကို စိုးရိမ်နေကြပါတယ်။

ဒီလို စိုးရိမ်မှုတွေဟာ ဘေဂျင်းတွင် Cloud seeding နည်းပညာကို ကြီးမားတဲ့ ဧရိယာကို အောင်မြင်စွာ အသုံးပြုနိုင်ပြီး နောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နိုင်ငံတခုအနေဖြင့် ၎င်း၏ ရာသီဥတုကို တကယ် ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်ပြီ ဆိုပါက သီအိုရီအရ အခြား နေရာများကိုပါ ထိုသို့ လုပ် ဆောင်နိုင်စွမ်း ရှိပါတယ်။
ဒီလို သတင်းမျိုးဟာ စစ်ပွဲများအတွက် ရင်းနှီးမြှုပ်နှံထားခြင်း မရှိတဲ့ နိုင်ငံများအတွက်တော့ မလိုလားအပ်တဲ့ မနှစ်မြို့စရာ သတင်းတခုပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Cloud seeding နည်းပညာဟာ အနာဂါတ်မှာ အကြီးစား မိုးခေါင်မှုများအတွက် ဖြေရှင်းနည်းတခု ဖြစ်လာနိုင်ပေမယ့် အဲဒီ့ကနေ သက်ရောက်လာမယ့် ရာသီဥတု ပြောင်းလဲမှုတွေကို အပြည့်အဝ မသိရှိရသေးပါဘူး။
အနာဂါတ်မှာ မိုးကို စေစားနိုင်တဲ့ မိုးတု ရွာသွန်းစေတဲ့ Cloud seeding နည်းပညာဟာ လူသားတွေအတွက် လက်နက်တခု ဖြစ်မလာဖို့ မျှော်လင့်မိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။