တရုတ်အာကာသ အေဂျင်စီဟာ အင်္ဂါဂြိုဟ် (Mars) မှ ယူဆောင်လာမည့် နမူနာများကို ၂၀၃၁ ခုနှစ်တွင် ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာရန် ရည်မှန်းထားပါတယ်။
ဒါဟာ NASA နှင့် ဥရောပ အာကာသ အေဂျင်စီ European Space Agency (ESA) တို့ ပူးပေါင်း လုပ်ဆောင်တဲ့ မစ်ရှင် ပြီး စီးဖို့ထက် ၂ နှစ်လောက် ပိုစောတဲ့ အနေ အထား ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ပတ်ယာဉ်နှင့် ဂြိုဟ်ဆင်းယာဉ် တို့ကို ဖန်တီးခဲ့သည့် ဒီဇိုင်နာ အကြီးအကဲ Sun Zezhou က ဇွန်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် တင်ဆက်မှုမှာ ဒီအကြောင်းကို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ SpaceNews သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်အာကာသ အေဂျင်စီ၏ လုပ်ဆောင်နေမှု
တရုတ်၏ မစ်ရှင်အသစ် ၂ ခု အရ အင်္ဂါဂြိုဟ်အတွက် ၂၀၂၈ ခုနှစ် နှောင်းပိုင်းမှာ သီးခြား ပစ်လွှတ်မှု ၂ ခုကို ပြုလုပ်မှာ ဖြစ်ပြီး ၂၀၃၁ ခုနှစ် ဇူလိုင်မှာ ကမ္ဘာကို နမူနာတွေ ပြန်ယူလာမယ်လို့ သိရပါတယ်။
Zezhou ဟာ သူ့ရဲ့ တင်ဆက်မှုကို နန်ကျင်း တက္ကသိုလ်၏ နှစ် ၁၂၀ ပြည့် နှစ်ပတ်လည် ဂုဏ်ပြုသည့် နှီးနှောဖလှယ်ပွဲရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ နက်နဲသည့် အာကာသအတွင်း ရှာဖွေမှုဆိုင်ရာ နည်းပညာ ဖိုရမ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်၏ အင်္ဂါဂြိုဟ် မစ်ရှင်ဟာ NASA နှင့် ESA တို့၏ နမူနာ ရယူမည့် မစ်ရှင်ထက် ပိုမို ရိုးရှင်းသည့် တည်ဆောက်မှုကို အသုံးပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းဟာ အင်္ဂါဂြိုဟ်ကို ဆင်းသက်မှု တခုသာ လုပ်ပြီး တနေရာထဲမှ နမူနာများကို စုဆောင်းရယူကာ ပြန်လည် ပို့ဆောင်မှာ ဖြစ်ပါတယ်။
Zezhou ၏ ကောက်နှုတ်ချက်အရ Tianwen-3 ဟာ ၂၀၂၉ ခုနှစ် စက်တင်ဘာလခန့်မှာ အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်း ရပါတယ်။
၎င်းဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်မှ နမူနာ၊ တူးဖော်မှုများနှင့် ဒစ်ဂျစ်တယ် စနစ်သုံး နမူနာ ပုံဖော်စနစ်များကို အသုံးပြုမှာ ဖြစ်ပါတယ်။
အတက်ယာဉ်ကိုတော့ အဆင့် ၂ ဆင့်ဖြင့် ပြုလုပ်ထားပြီး တစက္ကန့်လျှင် ၄.၅ ကီလိုမီတာ အမြန်နှုန်းဖြင့် ပုံသေ ထိန်းထားနိုင်အောင် ဒီဇိုင်းဆွဲထားပါတယ်။
၂၀၂၀ ခုနှစ် ဇူလိုင်လက အင်္ဂါဂြိုဟ်ပေါ်ကို စေလွှတ်ခဲ့သည့် Tianwen-1 ဂြိုဟ်ပတ်ယာဉ်နှင့် ဂြိုဟ်ဆင်းယာဉ်ဟာ ၎င်း၏ ပတ်လမ်းကို ကျဉ်းမြောင်းစေသည့် aerobraking စမ်းသပ်မှုများကို ယခုနှစ် နှောင်းပိုင်းမှာ စမ်းသပ်သွားမှာပါ။
ဒီလို စမ်းသပ်မှုများဟာ ယခု လွှတ်တင်ဖို့ ပြုလုပ်နေတဲ့ Tianwen-3 ပြင်ဆင်နေမှုတွေ အတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ်။

Tianwen-2 ကတော့ ကမ္ဘာ့ ဝန်းကျင်ရှိ ဂြိုဟ်သိမ် တခုသို့ နမူနာ ရယူရန် ၂၀၂၅ ခုနှစ် တချိန်ချိန်မှာ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။
Tianwen-3 က တရုတ်အတွက် သမိုင်းသစ် တင်နိုင်မှာလား
Tianwen-3 အတွက် အဓိက ရည်မှန်းချက်ကတော့ ကမ္ဘာမြေကို ပထမဆုံးသော အင်္ဂါဂြိုဟ် နမူနာများကို ပြန်ယူလာကာ သမိုင်းသစ်တခု ဖန်တီးဖို့ ဖြစ်နိုင်ပါတယ်။
တကယ်တော့ NASA-ESA မစ်ရှင်ဟာ နမူနာများကို ခွဲခြမ်း စိတ်ဖြာဖို့အတွက် ပိုမို ပြည့်စုံပြီး မတူကွဲပြားတဲ့ နမူနာများကို ကမ္ဘာမြေပေါ်သို့ ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလို အဆင့်မြင့်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့အတွက် တည်ဆောက်ရေးပိုင်းမှာ ရှုပ်ထွေးမှုတွေ ရှိနေတာကြောင့် NASA-ESA မစ်ရှင်ဟာ ၂၀၃၁ နောက်ပိုင်းမှသာ ကမ္ဘာသို့ နမူနာများ ပြန်ရောက်နိုင်ဖို့ များပါတယ်။
၂၀၂၂ ခုနှစ် မတ်လအတွင်းမှာ NASA မှ ၎င်း၏ အင်္ဂါဂြိုဟ်မှ နမူနာ ရယူမည့် မစ်ရှင် နှောင့်နှေးမှာ ဖြစ်တဲ့ အကြောင်း ကြေ ညာခဲ့ပါတယ်။
အကြောင်းကတော့ အင်္ဂါဂြိုဟ် မစ်ရှင်အတွက် မတူညီသည့် အာကာသယာဉ် ၂ စင်းကို အသုံးပြုဖို့ ဆုံးဖြတ် ခဲ့တာကြောင့် ဖြစ်ပြီး ဒါဟာ ဖြစ်လာနိုင်သည့် အန္တရာယ်များကို လျှော့ချနိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အစီအစဉ်သစ်အရ ESA ၏ ကမ္ဘာကိုပြန်လာမည့် ဂြိုဟ်ပတ်ယာဉ်ဟာ ၂၀၂၇ ခုနှစ်မှာ လွှတ်တင်ပြီး နမူနာများကို ကမ္ဘာဆီသို့ ၂၀၃၃ ခုနှစ်တွင် ရောက်ရှိလာမှာ ဖြစ်ပါတယ်။
တရုတ်၏ Tianwen-3 မစ်ရှင်ကတော့ အဆင်းနှင့် အတက်ယာဉ် တစင်းကို အသုံးပြုပြီး ဂြိုဟ်ပတ်ယာဉ်သို့ ပြန်လာကာ က မ္ဘာသို့ ပြန်ပို့မှာ ဖြစ်ပါတယ်။
၎င်းတို့ကို မတူညီတဲ့ လွှတ်တင်မှု ၂ ခုကို အသုံးပြုကာ ပစ်လွှတ်မှာ ဖြစ်ပြီး Long March 5 နှင့် Long March 3B ရော့ကတ်များကို အသုံးပြုနိုင်ဖွယ် ရှိပါတယ်။
အဆိုပါ မစ်ရှင်ဟာ တရုတ်၏ ၂၀၂၀ ခုနှစ်က လ နမူနာ သယ်ဆောင်သည့် မစ်ရှင် Chang’e-5 ၏ အောင်မြင်မှုမျိုးကို ဆက် လက်ထိန်းထား နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ တရုတ်အာကာသ အေဂျင်စီ၏ အင်္ဂါဂြိုဟ် မစ်ရှင် အောင်မြင်ခဲ့ပါက ၎င်းဟာ အမေရိကန် ရုရှား တို့နှင့်အတူ ကမ္ဘာ့ထိပ်တန်း အာကာသ အင်အားကြီး နိုင်ငံတနိုင်ငံအဖြစ် အမှန်တကယ် ခိုင်မြဲလာတော့မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။