အမေရိကန် ဂြိုဟ်တုများကို တရုတ်နှင့် ရုရှားက အမြဲ လိုလို တိုက်ခိုက်နေတဲ့ အကြောင်း

Article Military

ကမ္ဘာ့နိုင်ငံကြီးများဟာ အာကာသအတွင်းတွင် ပြိုင်ဆိုင်မှုများ ပိုမို ကြီးမားလာတာကို သိသိသာသာ တွေ့ရပြီး အနာဂါတ်တွင် အာကာသ စစ်ပွဲများပင် ဖြစ်ပေါ်နိုင်ဖွယ် ရှိနေပါတယ်။

အမေရိကန်၏ ထိပ်တန်း အာကာသတပ်ဖွဲ့ ဗိုလ်ချုပ်ကြီးတဦး၏ အဆိုအရ အမေရိကန် ဂြိုဟ်တုများဟာ တရုတ် နှင့် ရုရှားတို့၏ တိုက်ခိုက်မှုကို အဆက်မပြတ် ခံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာကာသ ပြိုင်ဆိုင်မှုတွင် နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ အမေရိကန်ကိုတောင် ကျော်တက်သွားနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အဆိုပါ ဗိုလ်ချုပ်ကြီးဟာ David Thompson လို့ အမည်ရပြီး ၎င်းက အမေရိကန် ဂြိုဟ်တုများအပေါ် ခြိမ်းခြောက်မှုများဟာ အမှန် တ ကယ်ကို ကြီးထွားလာပြီး အချိန်အတော်အကြာ ဖြစ်ပျက်နေတဲ့ ဆင့်ကဲတိုးတက်လာမှု ဖြစ်စဉ်တခု ဖြစ်တယ်လို့ ဝါရှင်တန်ပို့စ် သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ အာကာသ စနစ်တွေကို ခြိမ်းခြောက်နိုင်တဲ့ နည်းတွေ အများကြီး ရှိနေတဲ့အချိန်ကို တကယ်ကို ရောက်ရှိနေပါပြီ” လို့ ၎င်းက ပြောပါတယ်။

Thompson ၏ အဆိုအရ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဟာ အမေရိကန် ဂြိုဟ်တုများကို ပစ်လွှတ်ရသည့် လက်နက်များနှင့် တိုက်ခိုက်တာ မဟုတ်ဘဲ အခြား နည်းလမ်းများဖြင့် တိုက်ခိုက်နေတာလို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှု ပုံစံတွေကတော့ ဂြိုဟ်တုတွေကို ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှု မဖြစ်စေဘဲ ဒုက္ခရောက်စေနိုင်တဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေ၊ လေဆာတွေ နှင့် ရေဒီယိုလှိုင်း ဖိဖျက်စနစ်တွေပဲ ဖြစ်ပါတယ်။

CINDI satellite/NASA

ဒီလို တိုက်ခိုက်မှုကြောင့် ဂြိုဟ်တုများ ပျက်စီးပါက အာကာအတွင်း အမှိုက်သရိုက်များ ပိုမို ဖြစ်ပေါ်လာစေနိုင်ပြီး လူသားတွေကို ထိခိုက်နိုင်သည့်အတွက် အမေရိကန် အနေဖြင့် အလားတူနည်းဖြင့် တုန့်ပြန်သင့်တယ်လို့ ၎င်းက ဆိုပါတယ်။

အာကာသ ပြိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပြောကြားရာမှာတော့ တရုတ်နိုင်ငံဟာ နည်းပညာအသစ်များ လျှင်မြန်စွာ ဖွံ့ဖြိုး တိုးတက် နေပြီး လိုက်လျောညီထွေ မလိုက်နိုင်ပါက ဆယ်စုနှစ် အကုန်လောက်ဆိုရင် ကမ္ဘာ့ထိပ်တန်း အမေရိကန်ကို အာကာသ နည်းပညာတွင် ကျော်တက်နိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

၎င်းက “တရုတ်ဟာ မယုံနိုင်လောက်တဲ့ နှုန်းတွေနဲ့ စနစ်တွေကို ဖြန့်ကျက်နေတာ ဖြစ်ပြီး ရုရှားထက် ပိုမို ရှေ့ရောက်နေပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာတော့ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်နေသေးပေမယ့် သူတို့က မြန်မြန်ဆန်ဆန်ကို လိုက်လာနေတာပါ” လို့ ဆိုပါတယ်။

ဒုတိယ ကမ္ဘာစစ်အပြီး အာကာသပြိုင်ဆိုင်မှုများကို နိုင်ငံများက လုပ်ဆောင် လာသည်နှင့်အမျှ ၎င်းတို့၏ အာကာသဆိုင်ရာ လှုပ်ရှားမှုများကို (အထူးသဖြင့် စစ်တပ်နှင့် ပတ်သက်သည့် အရာများကို) လျှို့ဝှက်ထားကြပါတယ်။

အာကာသ စီမံကိန်းများဟာ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်သည့် နည်းပညာအများအပြား ပါဝင်လေ့ရှိတဲ့အတွက် အာကာသ အေဂျင်စီများဟာ စီမံကိန်းတခုတိုင်း၏ စွမ်းဆောင်ရည်များကို အပြည့်အဝ ခွဲခြားရှင်းလင်းနိုင်ခြင်း မရှိပါဘူး။

သတင်း အများအပြားအရ တရုတ်နှင့် ရုရှား နိုင်ငံများဟာ အခြား ဂြိုဟ်တုများကို တိုက်ခိုက်နိုင်သည့် တိုက်ခိုက်ရေး ဂြိုဟ်တုများကို တီ ထွင် ထုတ်လုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်းက ရုရှား အာကာသ အေဂျင်စီတခုဖြစ်တဲ့ Roscosmos ဟာ အာကာသ အခြေပြု ဂြိုဟ်တု တိုက်ခိုက်ရေး လက်နက်ကို စမ်းသပ်ခဲ့တယ်လို့ အမေရိကန် အာကာသ ကွပ်ကဲမှု ဌာနမှ ပြောပါတယ်။

လွန်ခဲ့တဲ့ လတုန်းကတင် တရုတ်အမျိုးသား အာကာသ စီမံခန့်ခွဲရေးအဖွဲ့မှ ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် သွားနိုင်သည့် အရာတခုပေါ်မှနေပြီး ဒုံးကျည်တစင်းကို ပစ်လွှတ် စမ်းသပ်ခဲ့ပါသေးတယ်။

ဒီအကြောင်းကို “ယခင်က မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ ဒုံးကျည် ပိုင်ဆိုင်နေဖွယ်ရှိတဲ့ တရုတ်နိုင်ငံ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်မှ အစီရင်ခံစာ ကတော့ တရုတ်နိုင်ငံဟာ ပတ်လမ်း အနိမ့်နှင့် အမြင့် ၂ ခုလုံး မှာ လှည့်ပတ်နေတဲ့ ဂြိုဟ်တုများကို ပစ်မှတ်ထားနေတဲ့ အီလက်ထရောနစ် နှင့် ဒုံးကျည် လက်နက်များကို ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ ထောက်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၉၅-၉၆ က ထိုင်ဝမ်ရေလက်ကြား ပြသနာတွင် အမေရိကန် လေယာဉ်တင် သင်္ဘောများ၏ တည်နေရာကိုတောင် မရှာဖွေနိုင်လောက်အောင် ISTR ပိုင်းတွင် အားနည်းခဲ့သည့်အတွက် ၎င်းတို့၏ အနေအထားကို တိုးတက်လာအောင် တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့ပုံ ပေါ်ပါတယ်။

Intelligence, surveillance, target acquisition, and reconnaissance လို့ခေါ်တဲ့ ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်း၊ ပစ်မှတ်ရှာခြင်း၊ ကင်းထောက်ခြင်း စနစ်များဟာ ဂြိုဟ်တုများ အပေါ် များစွာ မှီခိုမှုများ ရှိသဖြင့် ၎င်း အနေဖြင့် အာကာသ ဆိုင်ရာတွင် တိုးတက်အောင် လုပ်ဆောင်နေသည် သာမက ISTR အတွက် အရေးပါသည့် ဂြိုဟ်တုများကိုပါ တိုက်ခိုက်နိုင်ရန် ကြိုးစားနေတာ ထင်ရှားပါတယ်။

အမေရိကန် အာကာသတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး David Thompson ဟာ တရုတ်ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုလိုက်ရုံသာမက အမေရိကန်၏ အာကာသနည်းပညာအပေါ် ပိုမို တိုးတက်လာဖို့ တပ်လှန့်လိုက်တာ ဖြစ်တဲ့အတွက် အနာဂါတ် အာကာသ ပြိုင်ဆိုင်မှုများဟာ ပိုမို ပြင်းထန်လာဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *