ကမ္ဘာပေါ်မှာ 6G နည်းပညာအတွက် စံနှုန်းတွေတောင် မသတ်မှတ်ရသေးတဲ့ အချိန်မှာ တရုတ်နိုင်ငံက ၎င်းတို့အနေဖြင့် 6G နည်းပညာ မှာ လမ်းကြောင်းတခုပေါ် ရောက်နေပြီလို့ ဆိုလာပြန်ပါတယ်။
ကျန်းစု ပြည်နယ် နန်ကျင်းမြို့မှာရှိတဲ့ အဆင့်မြင့် နည်းပညာ သုတေသန ဓာတ်ခွဲခန်းမှ ဒီမျိုးဆက်သစ် ဆက်သွယ်ရေး နည်းပညာကို ဖန်တီးလိုက်တာလို့ တရုတ်သတင်း ဌာနတခုဖြစ်တဲ့ SCMP က ဖော်ပြခဲ့တာပါ။
ဒီသုတေသနဌာနဟာ တရုတ်အစိုးရ၏ 6G နည်းပညာ အထူးစီမံကိန်း ကို ဖူဒန်း တက္ကသိုလ်နှင့် တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်တဲ့ China Mobile နှင့် ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တကယ်တော့ ကျွန်တော်တို့ လက်ရှိ ဖွံ့ဖြိုးဆဲ နည်းပညာဖြစ်တဲ့ လူတွေရဲ့ နေ့စဉ်ဘဝ နှင့် လုပ်ငန်းများကို ပြောင်းလဲစေဖို့ အလားအလာရှိတဲ့ 5G နည်းပညာကိုတောင်မှ ကမ္ဘာကြီးက ကောင်းကောင်း မမြင်ဖူးသေးပါဘူး။

latency နည်းပါးပြီး မြင့်မားတဲ့ ထုတ်လွှင့်နိုင်တဲ့ အမြန်နှုန်းကသာ အဆိုပါ နည်းပညာရဲ့ သိသာ ထင်ရှားတဲ့ သွင်ပြင်တခု ဖြစ်နေသေးပြီး အားလုံး သုံးစွဲနိုင်ခြင်း နှင့် ကောင်းပစ် ဆိုးပစ်တွေ၊ အသုံးချစရာ နေရာတွေ ဘာကိုမှ မသိရသေးပါဘူး။
တပ်ဆင်ဖို့အတွက် လက်ရှိမှာ ကုန်ကျစရိတ် ကြီးမြင့်ခြင်းကြောင့် ထွက်ရှိလာဖို့ ခက်ခဲနေပြီး အသုံးချစရာ နေရာများ တိတိပပ ရှိလာမှာ အော်ပရေတာများကို ဖြေးဖြေးချင်း တပ်ဆင်ဖို့ လမ်းကြောင်း ခင်းသွားမယ်လို့ SCMP သတင်းဌာနက ဆိုပါတယ်။
ဒီ 6G နည်းပညာနဲ့ ပတ်သက်လို့ ဒါဟာ အံ့ဩစရာ သတင်းတခုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဒီလို စီမံကိန်းတွေ လုပ်ဆောင်နေတာကို သိနေပြီး ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ လောက်က တရုတ်နိုင်ငံရဲ့ 6G ဂြိုဟ်တု လွတ်တင်ခဲ့မှု အကြောင်းကို “5G တောင်ဘာမှန်းမသိခင် တရုတ်နိုင်ငံက 6G ဂြိုဟ်တု လွှတ်ပြီးပြီ” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယား ကုမ္ပဏီတခု ဖြစ်တဲ့ LG ဟာလည်း ယခုနှစ်အတွင်းမှာ 6G နည်းပညာကို စမ်းသပ်နေရာ အတော်အသင့် အောင် မြင်မှုတွေ ရရှိနေပါတယ်။
ဒီအကြောင်းကိုလည်း “5G ကွန်ယက် မတွင်ကျယ်သေးပေမယ့် 6G ကွန်ယက်ကို စတင် စမ်းသပ်နေ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အဓိက မေးခွန်းထုတ်စရာ ပြသနာတခုကတော့ 6G ဆိုတာကို ဘယ်လို “စံ” သတ်မှတ် ထားတာလဲ ဆိုတာပဲ ဖြစ်ပါတယ်။
လက်ရှိအချိန် အထိကတော့ 6G နည်းပညာနှင့် ပတ်သက်လို့ အဖွဲ့အစည်းများက လက်ခံတဲ့ စံချိန် စံညွှန်းများ သတ်မှတ်ထားတာ မရှိပါဘူး။
SMCP ရဲ့ သတင်းအရ 3GPP (3rd Generation Partnership Project) ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေး စံနှုန်းများကို သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းဟာ 6G နည်းပညာအတွက် လမ်းပြမြေပုံ မရှိသေးသည့် အပြင်
အဆိုပါ နည်းပညာတွင် ရှိရမယ့် စံ ကြိမ်နှုန်း (Frequency) တွေ၊ signal modulation တွေ၊ လှိုင်းပုံစံ (Waveform) တွေအတွက် နိုင်ငံများမှ ဘုံသဘောတူညီမှု မရှိထားသေးဘူးလို့ ဆိုပါတယ်။
အဲဒီလို မရှိသေးတဲ့အတွက် 5G နည်းပညာမှာ အများဆုံး ရရှိနိုင်သည့် 1Gbps အမြန်နှုန်းထက် အဆပေါင်းများစွာ မြန်ဆန်သည့် အမြန်နှုန်းရှိသည့် နည်းပညာကို မိုဘိုင်း ဆက်သွယ်ရေး၏ နောက်ထပ် အဆင့်အဖြစ် သတ်မှတ်နေရသလို ဖြစ်နေပါတယ်။
“ခရမ်းရောင်တောင်တန်း” လို့ အမည်ပေးထားတဲ့ သုတေသန ဓာတ်ခွဲခန်းတွင် ဦးစီးနေတဲ့ ပါမောက္ခ ယွီရှဟို့ မှ ဓာတ်ခွဲခန်း ပတ်ဝန်းကျင်မှာ ဒီနည်းပညာကို အသုံးပြုကာ 206.25Gbps လောက် အမြန်နှုန်းအထိ ရောက်အောင် လွှင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အောင်မြင်မှု အကြောင်းကို စာတမ်းအနေဖြင့် မထုတ်ပြန်ရသေးပေမယ့် 6G နည်းပညာဟာ ကမ္ဘာပေါ်တွင် ကြိမ်နှုန်း အမြင့်ဆုံး မှတ် တမ်း ဝင်နိုင်မယ့် ကြိမ်နှုန်း 300GHZ မှ 3TGHZ လောက်အထိ အသုံးပြု နိုင်တယ်လို့ SCMP က ဆိုပါတယ်။
မိုဘိုင်းဆက်သွယ်ရေး ပစ္စည်း ထုတ်လုပ်တဲ့ သူတွေတောင် ဒီနည်းပညာ ဘယ်အချိန်လောက်မှာ အဆင်သင့် ဖြစ်လာမလဲဆိုတာ မသိရသေးပါဘူး။
ကမ္ဘာ့ကျော် မိုဘိုင်းကွန်ယက် ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Ericsson ကတော့ ၂၀၂၇ ခုနှစ်လောက်မှာ အဆိုပါ နည်းပညာကို စတင် အသုံးပြုနိုင် လောက်မယ်လို့ မျှော်မှန်းထားပါတယ်။
ဒါပေမယ့် ဟွာဝေး ကုမ္ပဏီ၏ ဥက္ကဌ ကတော့ “ကျွန်တော်တို့အနေနဲ့ 6G နည်းပညာဆိုတာ ဘာမှန်းတောင် မသိသေးပါဘူး” လို့ စက်တင် ဘာလ လောက်က SCMP သတင်းဌာနကို ပြောဖူးပါတယ်။
ဟွာဝေးရဲ့ ပြောဆိုပုံကို ကြည့်ပြီး အဖြစ်နိုင်ဆုံးကို ခန့်မှန်းရရင်တော့ လာမယ့် ဆယ်စုနှစ် တခုလောက်အထိ ကြာမြင့် နိုင်ဦးမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။