တရုတ်နိုင်ငံဟာ လက်နက်အသစ်များ၊ ဒရုန်းများနှင့် ရေတပ်အင်အားများ တိုးချဲ့ပြီး အနာဂါတ်တွင် အင်အားကြီး နိုင်ငံများ၏ ထိပ်ဆုံး နေ ရာသို့ ရည်မှန်းကာ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ထွက်ရှိလာခဲ့သည့် အစီရင်ခံစာသစ် တခုအရ တရုတ်နိုင်ငံဟာ ယခင်က မဖြစ်နိုင် လို့ ထင်မြင်ယူဆထားသည့် လက်နက်တခုကို စမ်းသပ်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
ဒါကတော့ ဟိုက်ပါဆိုးနစ် ဒုံးကျည်စမ်းသပ်မှု တခုပါ။ ဟုတ်ပါတယ်။ ဟိုက်ပါဆိုးနစ် ဒုံးကျည် စမ်းသပ်မှုကိုမှ ယခင်ကနဲ့ မတူတဲ့ စမ်းသပ်မှုပါ။

ယခု စမ်းသပ်လိုက်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်ကို အသံထက် ၅ ဆ ထက်မနည်း အမြန်နှုန်းဖြင့် ပျံသန်းနေသည့် အာကာသယာဉ်ပေါ်မှ ပစ်လွှတ် စမ်းသပ်လိုက်တာ ဖြစ်ပါတယ်။
ဒီနည်းပညာကို ယခင်က မဖြစ်နိုင်လို့ ထင်မြင်ခဲ့ပြီး အမေရိကန်မှ ကျွမ်းကျင်သူများကတော့ ဒီစမ်းသပ်မှုကို တရုတ်နိုင်ငံအနေဖြင့် မည်သို့ အမှန်တကယ် လုပ်ဆောင်ခဲ့တယ်ဆိုတာ အသေအချာ မသိကြောင်း ပြောကြားခဲ့ပါတယ်။
စမ်းသပ်မှုကို ဇူလိုင်လမှာ ပြုလုပ်ပြီးခဲ့တာဖြစ်ပြီး Financial Times သတင်းဌာန၏ အစီရင်ခံစာအသစ် တခုမှာတော့ အောင်မြင်မှုနှင့်ဆိုင်သည့် သဘော သဘာဝကို ပထမဆုံး ထုတ်ဖော်လာတာ ဖြစ်ပါတယ်။
စာတမ်းတွင် ဒီနည်းပညာကို တရုတ်နိုင်ငံက ဘယ်လို တည်ဆောက်နိုင်ခဲ့သလဲ နှင့် ဒုံးကျည် ပစ်လွှတ်ရတဲ့ ရည်ရွယ်ချက်တွေကို အတိအကျ နားလည်နိုင်ဖို့ ကျွမ်းကျင်သူတွေဟာ အချက်အလက်တွေက တဆင့် လေ့လာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စမ်းသပ်မှုအတွင်းတွင် တရုတ်နိုင်ငံဟာ Hypersonic Glide Vehicle သို့မဟုတ် HGV လို့ခေါ်တဲ့ ကမ္ဘာ့ ပတ်လမ်းနိမ့် အတွင်းသို့ သမားရိုးကျ ဒုံးကျည် အင်ဂျင်ဖြင့် ပစ်တင်ပြီးနောက် ကမ္ဘာ့ လေထုထဲသို့ ပြန်မဝင်သေးခင် အသံထက် ၅ ဆလောက်ရှိသည့် အမြန်နှုန်းဖြင့် အရှိန်ယူပြီး ပစ်မှတ်ကို တိုက်ခိုက်သည့် ဒုံးကျည်စနစ်ကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

HGV များဟာ အလွန် လျှင်မြန်စွာ ပျံသန်းနိုင်သောကြောင့် ၎င်းတို့ကို လက်နက်အဖြစ် အသုံးပြုနိုင်သည့်အပြင် တရုတ်၏ အဆိုအရ HGV များကို အခြား ဒုံးကျည်များအား သယ်ဆောင်သည့် နည်းလမ်းအဖြစ် အသုံးပြုမယ်လို့လည်း ပြောပါတယ်။
ထိုနည်းဖြင့် HGV ဟာ ဒုံးကျည် အများအပြားကို သယ်ဆောင်နိုင်ပြီး တောင်တရုတ်ပင်လယ် လေထုပေါ်မှနေပြီး လမ်းကြောင်း များစွာဖြင့် ပစ်လွှတ်နိုင်မှာဖြစ်တယ်လို့ သတင်းအသစ်အရ သိရပါတယ်။
၎င်းဟာ ပစ်မှတ် တခုကို ပစ်လွှတ် တိုက်ခိုက်တာ မဟုတ်ဘဲ ရေထဲကို ကျရောက်သွားတာ ဖြစ်တဲ့အတွက် အမေရိကန် ကျွမ်းကျင်သူများကို ပိုမို ရှုပ်ထွေးစေခဲ့တယ်လို့ Financial Times သတင်းတွင် ဖော်ပြထားပါတယ်။
အဲဒါဟာ အဆိုပါ ဒုံးကျည်ကို ဘယ်လို ဘယ်ပုံစံ ဖန်တီးထားတယ် ဆိုတာ သိရှိဖို့ရာအတွက် ပိုမို ခက်ခဲစေပါတယ်။
အချို့ကတော့ ဒီဒုံးကျည်များကို စစ်ပွဲတွင် အသုံးပြုပါက ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို တုန့်ပြန်ဖို့ရာအတွက် တည်ဆောက် ထားတဲ့ ဒုံး ကျည် ကာကွယ်ရေး စနစ်တွေကို တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
ရုရှား နှင့် အမေရိကန် တို့ဟာ နည်းပညာချင်း ဆင်တူတဲ့ ၎င်းတို့၏ ကိုယ်ပိုင် ဒုံးကျည်များကို ထုတ်လုပ်နေကြပေမယ့် တရုတ်ရဲ့ အောင်မြင်တဲ့ စမ်းသပ်မှုကြောင့် တရုတ်ဟာ အဆိုပါ ၂ နိုင်ငံလုံးထက် ရှေ့ကို အတော်ဝေးဝေး ရောက်နေပြီလို့ အကြံပြုထားပါတယ်။
ဒီသတင်းနှင့် သုံးသပ်မှုများဟာ ဗြိတိန် အခြေစိုက် Independent သတင်းဌာန မှ ဗြိတိန် Financial Times ၏ အချက်အလက်များကို ကိုးကားပြီး ဖော်ပြထားတာ ဖြစ်တဲ့အတွက် Knowledgeworms အာဘော်မဟုတ်ပါကြောင်း အသိပေးအပ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။