တရုတ်၏ အပူလှိုင်းရှာ ဟိုက်ပါဆိုးနစ် ဒုံးကျည်သစ်နှင့် ဖြစ်နိုင် မဖြစ်နိုင် သုံးသပ်မှု

Article Military

တရုတ် သိပ္ပံပညာရှင်များဟာ ပစ်မှတ်၏ အပူချိန်ကို အာရုံခံနိုင်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည် တမျိုးကို တီထွင် နိုင်ခဲ့တယ်လို့ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ဒီလို အထင်ကြီးလောက်စရာ နည်းပညာဆိုင်ရာ အခက်အခဲကို အမှန်တကယ် ကျော်လွှားနိုင်တယ်ဆိုရင် အမေရိကန် အနေ ဖြင့် အလွန်လျှင်မြန်တဲ့ မြေပြင်မှ ဝေဟင်ပစ်နှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ အပြင် ဒုံးကျည် ကြားဖြတ် စနစ်များကိုပါ အနာဂါတ်မှာ ရင်ဆိုင် ရဖွယ် ရှိနေပါတယ်။

အကြောင်း ကတော့ အပူကို အာရုံခံနိုင်သည့် လက်နက်များဟာ ဝေဟင်မှ လေယာဉ် ပစ်မှတ်များကို သာမက ဒုံးကျည်များကိုပါ တိုက်ခိုက်နိုင်စွမ်း ရှိလို့ ဖြစ်ပါတယ်။

နောက်ထပ် ကြီးမားတဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည် အဆင့်မြင့်လာမှုလား

တရုတ် အမျိုးသား ကာကွယ်ရေး နည်းပညာ တက္ကသိုလ်မှ သိပ္ပံပညာရှင်များက “အပူရှာဖွေခြင်း စွမ်းရည်ဟာ ရေဒါပျောက်လေယာဉ်၊ လေယာဉ်တင် သင်္ဘောများ နှင့် ရွေ့လျားနေသည့် ယာဉ်များ အပါအဝင် မည်သည့် ပစ်မှတ်တိုင်း နီးပါးကို မဆို တိုက်ခိုက်နိုင်စွမ်း ရှိတယ်” လို့ SCMP သတင်းဌာနမှ တဆင့် ကြွားလုံးထုတ်ထားပါတယ်။

၁၉၅၀ ခုနှစ်များမှ ယနေ့ခေတ်အထိ ဝေဟင်မှ ဝေဟင်ပစ်နှင့် အခြား ပဲ့ထိန်းလမ်းညွှန် စနစ်ပါ ဟိုက်ပါဆိုးနစ် ဒုံးကျည်များဟာ အသံထက် ၅ ဆ လောက် အထိ ရောက်နိုင်ချေ ရှိပါတယ်။

ဒါပေမယ့် ၎င်းတို့တွင် ရှိနေသည့် ရူပဗေဒဆိုင်ရာ ပြဿနာကတော့ မြန်ဆန်လွန်းလှသည့် အရှိန်ကြောင့် လေထု ထဲသို့ ပြန် လည် ဝင်ရောက် လာပါက အပူများ ထွက်လာသည့်အတွက် ဒုံးကျည်နှင့် ချိတ်ဆက်ထားသည့် ရေဒီယို ဆက်သွယ်ရေးကို အနှောင့်အယှက် ဖြစ်စေပါတယ်။

အလားတူ အနီအောက် ရောင်ခြည် အာရုံခံ စနစ်တွင် တပ်ဆင် ထားသည့် မှန်ကိုလည်း ကွဲအက် သွားစေနိုင်သည့် ပြဿနာတွေ ရှိပါတယ်။

IR အာရုံခံ စနစ်တခုအား မြင်တွေ့ရစဉ် Image: Courtesy of Naval Post

“ဥပမာ အားဖြင့် ဒုံးကျည် မြန်နှုန်းမြှင့် ပျံသန်းနေချိန်တွင် ထွက်လာသည့် shock wave များနှင့် မြင့်မားသည့် အပူချိန်ဟာ လှိုင်းတွေကို ပုံပျက်စေပြီး လမ်းညွှန်ပေးသည့် အီလက်ထရွန်းနစ် ပစ္စည်းများကို အမြင်အာရုံလွဲမှား စေပါတယ်။

ဒါဟာ မြန်နှုန်းမြင့် ဒုံးကျည်များတွင် ဖြစ်ပေါ်တတ်သည့် အပူနှင့်ဆိုင်တဲ့ စိန်ခေါ်မှု ဖြစ်တဲ့အကြောင်းကို အမေရိကန် အဆင့်မြင့် ကာကွယ်ရေး သုတေသနစီမံကိန်း အေဂျင်စီ DARPA က မှတ်ချက်ပြုခဲ့ပါတယ်။

IR အာရုံခံသည့် နေရာကို အရည်များ ဖြန်းပတ်ခြင်း သို့မဟုတ် အအေးပေး ပြွန်များ အသုံးပြုခြင်းများ ကဲ့သို့ မျိုးစုံသော ဖြေရှင်းနည်းများဟာ လက်တွေ့မှာ အလုပ်မဖြစ်တဲ့ အကြောင်း တရုတ်သုတေသီများက နိုင်ငံပိုင်ဂျာနယ် Modern Defense Technology မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့် အထက်ပါ နည်းလမ်းများအစား အာရုံခံ စနစ်ကို အအေးပေးဖို့ ပန်ကာများကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

သုတေသီများဟာ လေမှုတ်သည့် ကိရိယာကို IR အာရုံခံရာ နေရာကို ထားခဲ့ပြီး ပါးလွှာသည့် လေထုကို ဖန်တီးကာ မှန်ပေါ်ရှိ အပူကို လျှော့ချခဲ့တယ်လို့ ၎င်းတို့၏ ကြေညာချက်တွင် ပြောပါတယ်။

အခြားနိုင်ငံများမှ သုတေသန အဖွဲ့အချို့ကတော့ ဒီလိုနည်းကို အသုံးပြုစမ်းသပ်ခဲ့ပေမယ့် အအေးပေးသည့် လေဟာ အပူရှာ အာရုံခံစနစ်ကို ပြဿနာပေးပြီး ပစ်မှတ်နေရာကို အတိအကျ မရှာဖွေနိုင်တော့ဘူးလို့ ပြောပါတယ်။

ထိုပြဿနာကို ကျော်လွှားဖို့ သုတေသီများဟာ အသံ၏ အမြန်နှုန်း ၃ ဆလောက်ရှိသည့် အလွန်အေးသည့် ဓာတ်ငွေ့တွေကို ထုတ်ပေးနိုင်သည့် ကျစ်လစ်ပေါ့ပါးသော ကိရိယာကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့ဟာ လေဝဲငယ်လေးတွေ ထုတ်လွှတ်ပေးနိုင်သည့် microvortex generator အခု ၄၀ ကို ထည့်သွင်းပြီး မလိုလားအပ်တဲ့ လေလှိုင်းတွေကို ဖယ်ထုတ်နိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒုံးကျည်၏ အမြန်နှုန်းနှင့် အပူကြောင့် ဖြစ်ပေါ်လာသည့် အလင်းပုံပျက်ခြင်းများကို ပိုမိုကောင်းမွန်စွာ ခန့်မှန်းနိုင်ဖို့ သင်္ချာဆိုင်ရာ တွက်ချက်မှု ပုံစံသစ်ကိုလည်း ထည့်သွင်း ထားခဲ့တယ်လို့ ပြောပါတယ်။

အလားတူ နည်းပညာသုံး ဟိုက်ပါဆိုးနစ် ဒုံးကျည်များ အမေရိကန်တွင် ရှိပြီးဖြစ်

အမေရိကန်ဟာလည်း ၎င်း၏ ကိုယ်ပိုင် အပူလှိုင်းကို အာရုံခံသည့် ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လမှာ DARPA ဟာ Lockheed Martin နှင့် Georgia Tech Research Corp တို့ကို High Enthalpy Aperture Technology (HEAT) စီမံကိန်းအတွက် စာချုပ်ချုပ်ဆို ခဲ့ပြီး ဖြစ်ပါတယ်။

HEAT အပူလှိုင်း အာရုံခံစနစ်ဝင်ပေါက်မှ စိန်ခေါ်မှုတွေကို ဖြေရှင်းထားတဲ့ နည်းပညာများ ပါဝင်လာမှာ ဖြစ်ပါတယ်။

အဆိုပါစီမံကိန်းတွင် အဓိကအားဖြင့် (၁) ရေဒီယိုလှိုင်း ဆက်သွယ်ရေးစနစ် အကာအကွယ်များ (၂) အနီအောက် ရောင်ခြည် အာရုံခံ အပေါက်အတွက် ပစ္စည်းများ နှင့် (၃) အနာဂါတ် ဟိုက်ပါဆိုးနစ် လက်နက်များတွင် အသုံးပြုမည့် ထိုပစ္စည်းများ အ တွက် နည်းပညာများပါဝင်ပါတယ်။

ကြီးထွားလာသည့် ဟိုက်ပါဆိုးနစ် ဒုံးကျည် ခြိမ်းခြောက်မှု

စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ အမေရိကန်ဟာ ၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များမှာ မြန်နှုန်းမြင့် အပူလှိုင်းရှာ နည်းပညာမှာ ဦးဆောင်သူ ဖြစ်ခဲ့တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောခဲ့တာပါ။

တရုတ်ရဲ့ ဟိုက်ပါဆိုးနစ် အပူလှိုင်းရှာ နည်းပညာဟာ တကယ် လက်တွေ့မှာ အလုပ်ဖြစ်မှာလား ဓာတ်ခွဲခန်း ထဲမှာပဲ အလုပ် ဖြစ် ခဲ့တာလား ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

အကြောင်းကတော့ အောင်မြင်မှု ရာခိုင်နှုန်း နည်းပါးသည့် စီမံကိန်း အတော်များများကို ယခင်က အကြိမ်ကြိမ် ကြေညာခဲ့ ပြီး ပျောက်ကွယ်သွားတတ်လို့ပါ။

သေချာတာ တခုတော့ တရုတ်ဟာ အမေရိကန်၏ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ နည်းပညာများကို ကျော်လွှားဖို့ လုပ်ဆောင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပြီ ဖြစ်ပါတယ်။

အနာဂါတ်မှာ ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို ယခင်က မရှိခဲ့သေးသည့် အဆင့်မြင့် နည်းပညာများဖြင့် နိုင်ငံကြီးများမှ ချပြလာတာကို မြင်လာဦးမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *