ဒါဟာ အာကာသ စစ်ပွဲဆိုင်ရာ နည်းဗျူဟာများမှာလည်း အသုံးပြုနိုင်လောက်ပါတယ်။
မကြာသေးမီကပဲ တရုတ်နိုင်ငံတွင် စွမ်းရည်မြင့်မားပြီး တိကျမှုရှိသည့် ခြေရာခံခြင်းနှင့် လှုပ်ရှားသွားလာနိုင်ခြင်း တို့ကို လုပ်ဆောင်နိုင်သည့် ဂြိုဟ်တု နည်းပညာများ ရှိနေနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါ နည်းပညာဟာ အမေရိကန် ဂြိုဟ်တု တလုံးလုံးက သိသိသာသာ နီးကပ်လာပါက တရုတ် စစ်တပ်မှ သိမြင် နိုင်စွမ်း ရှိပြီး ၎င်း၏ ကိုယ်ပိုင် ဂြိုဟ်တုကို အကြမ်းဖျင်းအားဖြင့် ၂၄ နာရီအတွင်း အမေရိကန် ဂြိုဟ်တုနှင့် ဝေးရာသို့ လမ်းကြောင်း ပြောင်းစေနိုင်ပါတယ်။
တရုတ်နိုင်ငံဟာ အာကာသအတွင်း အမှိုက်များကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ရည်ရွယ်သည့် စက်ဘက်ဆိုင်ရာ ဂြိုဟ်တု အသစ်တခု တည် ဆောက်နေကြောင်းကို Space ဝက်ဘ်ဆိုက်ဒ်မှ ဖော်ပြခဲ့ပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့မှာတော့ Shijian-21 လို့ခေါ်တဲ့ ဂြိုဟ်တုကို Long March 3B ဒုံးပျံကို အသုံးပြုပြီး တရုတ်နိုင်ငံ အနောက် တောင်ပိုင်းရှိ Xichang ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ည ၉ နာရီ ၂၇ ခုနှစ်တွင် လွှတ်တင်ခဲ့ပြီ ဖြစ်ပါတယ်။
တရုတ် နိုင်ငံပိုင် မီဒီယာတခုဖြစ်တဲ့ ဆင်ဟွာ သတင်းဌာနအဆိုအရ Shijian-21 ဟာ အာကာသ အတွင်း လွင့်မျော နေတဲ့ အမှိုက် တွေ အ ပျက် အစီးတွေကို ရှင်းလင်းစေတဲ့ နည်းပညာကို စမ်းသပ်ဖို့နှင့် စိစစ်ဖို့လို့ သိရပါတယ်။

ထိုအတောအတွင်းမှာ တရုတ် အာကာသ သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းက လွှတ်တင်ပြီး တနာရီအတွင်း ပြီးပြည့်စုံသော အောင်မြင်မှု လို့ ခေါ်ဆိုခဲ့ပါတယ်။
SpaceNews ၏ အဆိုအရ Shijian-21 ကို geosynchronous transfer orbit ပတ်လမ်းအတွင်းသို့ ပို့ဆောင်ခဲ့သည်လို့ သိရပေမယ့် ကျန်ရှိသည့် အသေးစိတ် အချက်အလက်များနှင့် ၎င်း၏ စွမ်းဆောင်ရည်များကတော့ ပဟေဠိ တစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဒီ မစ်ရှင်ဟာ အာကာသ အတွင်း အပျက်အစီး အမှိုက်များ ကြောက်စရာ ကောင်းလောက်အောင် မြင့်တက် လာနေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ယနေ့အထိ ဂြိုဟ်တု စုစုပေါင်း အရေအတွက် ၈,၉၅၀ လောက်အထိ နိုင်ငံပေါင်း ၄၀ ကျော်မှ ကမ္ဘာ့ပတ်လမ်းအတွင်း လွှတ်တင်ထားပြီး ဖြစ်ပါတယ်။
ဂြိုဟ်တု ၅ ထောင်လောက်ထဲမှ အများစုဟာ ၎င်းတို့၏ သက်တမ်း ကုန်ဆုံးချိန်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ပတ်လမ်းအတွင်းတွင် လှည့်ပတ်နေဆဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် စုစုပေါင်း ဂြိုဟ်တု ၁,၉၅၀ လောက်သာ အလုပ်လုပ် နိုင်စွမ်း ရှိတော့တာဖြစ်ပြီး ကျန်ရှိသည့် ဂြိုဟ်တုများဟာ အာကာသ အမှိုက်များအဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဒီလို အာကာသအတွင်း အမှိုက်တွေ တိုးမြင့်လာတာဟာ ပတ်လမ်းအတွင်း လည်ပတ်နေသည့် အလုပ်လုပ်နေဆဲ ဂြိုဟ်တုများကို ဝင်တိုက်မိနိုင်ကာ ဆိုးရွားစွာ ပျက်စီးစေနိုင်သည့် အန္တရာယ် မြင့်တက်နေပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ရုရှား ဒုံးပျံဟောင်း အပိုင်းအစတခုဟာ တရုတ်ဂြိုဟ်တု တခုနှင့် တိုက်မိခဲ့သည့် သတင်းများလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
ဒီအကြောင်းကို “ထိခိုက်ခဲ့တဲ့ တရုတ်ဂြိုဟ်တု တလုံးနှင့် အာကာသ ပတ်လမ်းတွင်းမှ အပိုင်းအစများ အန္တရာယ်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
Kurs Orbital ကဲ့သိုသော ကုမ္ပဏီ အများအပြားဟာ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အာကာသယာဉ်ကို စတင် တည်ဆောက်နေကြပြီ ဖြစ်ပေမယ့် တရုတ်နိုင်ငံအတွက်မူ အလားတူ မစ်ရှင်ဟာ အနည်းငယ်ပိုပြီး ပုဂ္ဂိုလ်ရေး ဆန်နေပါတယ်။
အာကာသ အမှိုက်ပြသနာကို အဖြေရှာဖို့ နိုင်ငံအများအပြားက နှိုးဆော်နေကြတဲ့အချိန် တရုတ်ဟာ အဲဒီ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မှာလား ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ မစ်ရှင် တခု သပ်သပ်ပဲလား ဆိုတာ အချိန်က စကားပြောပါလိမ့်မယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။