တိုကျို အိုလံပစ် ပြိုင်ပွဲတွင် ပေးအပ်သော ဆုတံဆိပ်များဟာ အရောင်အဆင်း မှိန်လာပြီး စတင် ပျက်စီနေကြောင်းကို လူမှုကွန်ယက်ပေါ်မှာ တရုတ်အားကစား တဦးမှ ပြောကြားခဲ့ပါတယ်။
အဲဒီ့ တရုတ်အားကစားသမားဟာ အမျိုးသမီး ထရမ်ပိုလင်း ကျွမ်းဘား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့ Zhu Xueying ပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ Weibo လူမှုကွန်ယက်ပေါ်တွင် သူမ၏ အကောင့်မှတဆင့် ရရှိခဲ့သည့် တံဆိပ်ကို ပြသခဲ့ပြီး အရောင်တွေ ကျွတ်နေပြီလို့ ပြောခဲ့တာပါ။
“မင်းရဲ့ ဆုတံဆိပ်ရော ဒီလိုမျိုး အရောင်ကျွတ်နေလား” ဆိုပြီး သူမက မေးခွန်း ထုတ်ခဲ့ပါသေးတယ်။
သူမက ဆက်ပြီး “ဒီကိစ္စကို ငါရှင်းအောင် ပြောပါရစေ။ အစက ဒါကို အရောင်ကျွတ်နေတယ်လို့ မပြောသေးပါဘူး။ ဆုတံဆိပ်ပေါ်မှာ အ မှတ်ရာ သေးသေးလေးပဲ တွေ့ခဲ့တာပါ”

“ငါက ဒါကို အမှိုက်ကပ်နေတယ်လို့ပဲ ထင်ခဲ့မိတာပါ။ ငါ လက်နဲ့ပွတ်ကြည့်လိုက်တော့ ဘာမှမပြောင်းလဲ သွားတဲ့အပြင် အဲဒီ့အမှတ်အရာက ပိုတောင် ကြီးလာပါတယ်” လို့ Global Times သတင်းဌာနကို ပြောပြခဲ့ပါတယ်။
နောက်ထပ် တရုတ်အားကစားသမားတယောက်ဖြစ်တဲ့ Wang Shun ဟာလည်း သူ၏ ရွှေတံဆိပ်ဆုဟာလည်း အရောင်စကျွတ်နေပြီလို့ ပြောပါတယ်။
သူဟာ မီတာ ၂၀၀ တန်း တဦးချင်း အလွတ်ကူး ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့သူ ဖြစ်ပြီး ၎င်းမှ “ငါနောက်ထပ်တောင် အဲဒါကို ထပ်မကိုင်ရဲတော့ဘူး” လို့ ဆိုပါတယ်။
ယခုနှစ်မှာ ချီးမြှင့်ခဲ့တဲ့ အိုလံပစ် ဆုတံဆိပ်များဟာ စွန့်ပစ် အီလက်ထရောနစ် ပစ္စည်းများမှ ထုတ်ယူရရှိတဲ့ ရွှေ ငွေ ကြေးများနှင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
တန်ချိန် ၇၈,၉၈၅ လောက်ရှိသည့် လက်ခံရရှိသည့် အီလက်ထရောနစ် စွန့်ပစ် အမှိုက်များတွင် အသုံးပြုပြီး မိုဘိုင်းဖုန်းများမှာ ၆.၂၁ သန်း လောက် ပါဝင်ပါတယ်။
သတ္တုများကို စစ်ထုတ် အရည်ကြိုပြီးနောက်တွင် ရွှေ ပေါင် ၇၀ (၃၂ ကီလိုဂရမ်)၊ ငွေ ၇၇၁၆ ပေါင် (၃၅၀၀ ကီလိုဂရမ်) နှင့် ကြေး ၄၈၅၀ ပေါင် (၂၂၅၀ ကီလိုဂရမ်) ကို ရရှိခဲ့ပါတယ်။

အဆိုပါ ရရှိလာတဲ့ သတ္တုများကို အိုလံပစ်နှင့်မ သန်စွမ်း အားကစားပွဲများအတွက် ဆုတံဆိပ်ပေါင်း ၂၅၀၀ ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းကို ကျွန်တော်တို့ Knowledgeworms မှ “အီလက်ထရောနစ် အမှိုက်များမှ အိုလံပစ် ဆုတံဆိပ်များ ပြုလုပ်ခဲ့တဲ့ ဂျပန်နိုင်ငံ” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
အဆိုပါ အရောင်ကျွတ်သည်ဆိုသည့် ကစားသမားများ၏ ပြောဆိုမှုကို တုန့်ပြန်သည့်အနေဖြင့် နိုင်ငံတကာ အိုလံပစ်ကော်မတီမှ
အဆိုပါ အရောင်ကျွတ်မှုသည် အပြင်မှ အကာအကွယ် အလွှာဖြစ်ပြီး ဆုတံဆိပ်၏ အရည်အသွေးကို ထိခိုက်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
“တကယ်လို့ အပေါ်ယံ အကာအကွယ် အလွှာကို ဖယ်ပစ်ရင်တောင် သတ္တုရဲ့ အရည်အသွေးကို တိုက်ရိုက် မထိခိုက်နိုင်ပါဘူး” လို့ တိုကျို အိုလံပစ် ကျင်းပရေး ကော်မတီမှ Global Times သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။