တရုတ်နိုင်ငံရှိ သိပ္ပံပညာရှင်များဟာ သေးငယ်တဲ့ လျှပ်စစ်သံလိုက် မုန်တိုင်းငယ် ထုတ်လွှတ်ပြီး ရေဒါပျောက်လေယာဉ်များကို မြင်တွေ့နိုင်မယ့် ကွမ်တမ် ရေဒါနည်းပညာသစ်တခုကို တီထွင်နေကြောင်းသိရပါတယ်။
ဒီသတင်းကို တရုတ် နိုင်ငံပိုင် မီဒီယာဖြစ်တဲ့ တောင်တရုတ်မနက်ခင်း သတင်းဌာနတွင် ဖော်ပြခဲ့သည့်အကြောင်းကို Journal of Radars တွင် ဖော်ပြခဲ့ပါတယ်။
တကယ် အလုပ်လုပ်နိုင်မယ့် ကွမ်တမ် ရေဒါနည်းပညာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံရှိ သုတေသီများ၏ အခိုင်အမာ ပြောဆိုမှုဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
တရုတ်ဟာ ကွမ်တမ်ရေဒါနှင့် ပတ်သက်ပြီး အခိုင်အမာပြောဆိုနေ
တရုတ်တို့ တီထွင်မယ့် တကယ်အလုပ်လုပ်မယ့် ကွမ်တမ်ရေဒါဟာ အသေတပ်ဆင်ထားတဲ့ သို့မဟုတ် လည်ပတ်နေတဲ့ အပြားကြီးပါတဲ့ သမားရိုးကျ ရေဒါတွေနဲ့ မတူညီပါဘူး။
၎င်းတို့၏ ရေဒါဟာ အီလက်ထရွန်များကို အလင်းအလျှင်နီးပါးလောက်ဖြင့် အမြောက်တလက် ကဲ့သို့ ပစ်လွှတ်နိုင်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အီလက်ထရွန်များဟာ အားကောင်းတဲ့ သံလိုက်စက်ကွင်းများနှင့် ထိတွေ့ပြီး အကွေ့အကောက်များနှင့် ပြွန်ကို ဖြတ်သန်းပြီးနောက်မှာ လေ ဆင် နှာမောင်းကဲ့သို့ မိုက်ခရိုဝေ့ဖ်လှိုင်းကို ဖန်တီးပေးနိုင်မယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဆင်းဟွာ တက္ကသိုလ်မှ ကျန်းချောင် နှင့် အဖွဲ့၏ အဆိုအရ ဒီရေဒါကိုသာ အောင်မြင်စွာ ပြီးစီးခဲ့ရင် ယခင်က ရှိခဲ့သမျှ ရေဒါစနစ်များအားလုံးထက် သာလွန်မှာ ဖြစ်ပေမယ့် အခုထိတော့ “အောင်မြင်ခဲ့လျှင်” ဆိုသည့် အဆင့်သာ ရှိပါသေးတယ်။

သို့သော် အလားအလာရှိသော အကျိုးကျေးဇူးများသည် ကြိုးစားအားထုတ်မှုနှင့် စာရင် ထိုက်တန် ပါတယ်လို့ သိပ္ပံပညာရှင်များ အဖွဲ့က ပြောကြားခဲ့ပါတယ်။
“ရေဒါပျောက် နည်းပညာ ကောင်းလာလေလေ၊ ကွမ်တမ်ရေဒါမှ တွေ့မြင်နိုင်မှု မြင့်မားလာလေလေ ပါပဲ” လို့ ၎င်းတို့က တောင်တရုတ်မနက်ခင်း သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လျှပ်စစ်သံလိုက် မုန်တိုင်းတုတွင် သုံးသည့် အခြေခံ အမှုန်များတွင် ထူးဆန်းသည့် ဂုဏ်သတ္တိများ ရှိလိမ့်မယ်လို့ သုတေသီများက ပြောခဲ့ပါသေးတယ်။
လေ့လာမှုအရ အမှုန်တခုချင်းစီးဟာ ဝဲကတော့ပုံစံ အဟုန်ကို ထိန်းထားနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ အဟုန်ကျဆင်းမသွားဘဲ သွားနိုင်သည့်အကွာအဝေး မြင့်တက်လာတယ်လို့ ဆိုပါတယ်။
တကယ်တော့ ဒီလိုမျိုး အနေအထားဟာ သိပ္ပံပညာရှင် အိုင်းစတိုင်း၏ ဖော်ညွှန်းခဲ့မှုအရ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဖြစ်နိုင်စရာ မရှိပါဘူး။
ဒါပေမယ့် တရုတ် သုတေသီများကတော့ ကွမ်တမ် မက္ကင်းနစ်ဟာ နောက်ပိုင်း ရူပဗေဒ သီအိုရီများကို ကျော်လွှားပြီး သမားရိုးကျ ရေဒါမှ ဘယ်တော့မှ မမြင်နိုင်တဲ့ ပစ်မှတ်တွေကို စနစ်က ထောက်လှမ်းပေးနိုင်မယ်လို့ အသားပေး ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီစနစ်ဟာ ဝေးကွာတဲ့ အကွာအဝေးမှသာမက ရာသီဥတု ဆိုးရွားနေချိန်မှာတောင် အလုပ်လုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။
“ကွမ်တမ်ရေဒါ” ဆိုသည်မှာ တရုတ်၏ လှန့်လုံးဖြစ်နိုင် ဟု သုံးသပ်နေကြ
တကယ်လို့ ဒီစနစ်ဟာ တကယ်အလုပ်ဖြစ်ခဲ့ပြီး ပြိုင်ဆိုင်မှုတွေရှိတဲ့ လေပိုင်နက်မှာ ချထားနိုင်ရင်တော့ သိသိသာသာကြီးကို အားသာချက်ရှိနေမှာ ဖြစ်ပါတယ်။
အမေရိကန်၏ ရေဒါပျောက်လေယာဉ်များဖြစ်တဲ့ F-22 နှင့် F-35 လို တိုက်လေယာဉ်များဟာ ကိုယ်ထည်တွင် သုတ်လိမ်းထားသည့် အထူးပြုလုပ်ထားသည့် အလွှာမှ တဆင့် ရေဒါလှိုင်း အတော်များများကို စုပ်ယူနိုင်စွမ်းရှိကြပါတယ်။
ဒါ့အပြင် လေယာဉ်၏ angle များကိုလည်း ရေဒါတွင် ပေါ်နိုင်မှု နည်းသထက် နည်းအောင် ဒီဇိုင်းဆွဲထားသည့်အတွက် လေယာဉ်၏ ရေဒါ signal ဟာ ဘေ့စ်ဘော တလုံး သာသာလောက်သာ ရှိနိုင်ပါတယ်။
ဤကဲ့သို့ ရေဒါပျောက် နည်းပညာ အသုံးပြုထားတဲ့ လေယာဉ်များဟာ ၂၀ ရာစုမှ ရေဒါပျောက် နည်းပညာမပါတဲ့ လေယာဉ်များထက် ထင်ရှားတဲ့ အားသာချက်ရှိနေတာကို သက်သေပြပြီးလည်း ဖြစ်ပါတယ်။
သို့ပေမယ့် မကြာသေးမီ နှစ်များအတွင်းတွင် စစ်ဘက်ဆိုင်ရာ ရေဒါများ၏ ဖမ်းယူနိုင်မှုသည် ပိုမိုကောင်းမွန်လာပြီး ရေဒါပျောက် လေယာဉ်များကိုပင် ဖမ်းယူနိုင်စွမ်း ရှိနိုင်သည့် အနေအထားအထိ ဖြစ်လာခဲ့ပါတယ်။

အလားတူပဲ အဆင့်မြင့် ပစ္စည်းများ၏ ရေဒါပျောက်နိုင်သည့် စွမ်းရည်များကိုလည်း မြှင့်တင်နိုင်ခဲ့ပြီး ရေဒါနည်းပညာဟာ ယခင်ကထက်တောင် ပိုပြီး မြင်နိုင်ချေ လျော့ကျလာပါတယ်။
တကယ်လို့သာ ရေဒါပျောက်နည်းပညာဟာ ဆက်လက် တိုးတက်နေဦးမယမ်ဆိုပါက မည်သည့် ရေဒါကမှ မထောက်လှမ်းနိုင်သည့် အနေ အထားအလွန်ကိုတောင် ရောက်သွားနိုင်မယ်လို့ အချို့က ယုံကြည်ကြပါတယ်။
အဲဒါကြောင့် သာမန်ရေဒါများနှင့် မတူသည့် ကွမ်တမ်ရေဒါလို စနစ်မျိုးကို ဒီအကျပ်အတည်းအတွက် ဖြေရှင်းဖို့ အဖြေတခုအဖြစ် သိပ္ပံ ပညာရှင်များဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက် ကတည်းက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရှင်များက ၎င်းတို့ဟာ ၂၀၁၆ ခုနှစ်ကတည်းက ကွမ်တမ်ရေဒါ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီလို့ ဆိုပေမယ့် တရားဝင် သိပ္ပံအဖွဲ့အစည်းများကတော့ မဖြစ်နိုင်ကြောင်း အပြင်းအထန် ပြောဆိုခဲ့ပါတယ်။
မနှစ်က Science Magazine တွင် ဖော်ပြခဲ့သည့် အစီရင်ခံစာ တခုအရ သုတေသနတွင် အရေးကြီးတဲ့ ချို့ယွင်းချက်တွေ ရှိတဲ့အတွက် ကွမ်တမ်ရေဒါကို အသုံးပြုပြီး ကွာဝေးတဲ့ နေရာက ရေဒါပျောက်လေယာဉ်တွေကို ခြေရာခံဖို့ အသုံးချနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီလို ရေဒါမျိုးဟာ တရုတ်ကောင်းကင်လို အပူချိန်မျိုးထက် အောက် အများကြီးမှာ ရှိတဲ့ အကြွင်းမဲ့ သုညနီးပါး အခြေအနေတွင်သာ အလုပ်လုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။

၂၀၂၀ ခုနှစ်က သိပ္ပံမဂ္ဂဇင်း၏ အစီရင်ခံစာတွင် ပြင်သစ် လေကြောင်းအေဂျင်စီ ONERA မှ ရေဒါကျွမ်းကျင်သူနှင့် ရူပဗေဒပညာရှင် Fabrice Boust မှ
“ကျွန်တော်ဟာ တရုတ်ရဲ့ ကွမ်တမ်ရေဒါ အလုပ်မဖြစ်ဘူးဆိုတာ ကြေငြာမယ့် အချိန် ရောက်လာမယ်ဆိုတာ အခိုင်အမာ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
“ဒါပေမယ့် တုံ့ပြန်မှု တခုတော့ ရမယ်ဆိုတာ သူတို့သိပါတယ်” လို့ ဆက်ပြောပါတယ်။
ဟုတ်ပါတယ်။ တရုတ်ဟာ တုံ့ပြန်မှု တခုကို လိုချင်လို့ ကွမ်တမ် ရေဒါနဲ့ ပတ်သက်လို့ အခိုင်အမာပြောဆိုတဲ့ သတင်းတွေ ထုတ်ပြန်တာ ဆိုရင်တော့ ဒါဟာ အလုပ်ဖြစ်တယ်လို့ ပြောရမှာပါ။
သိပ္ပံလောက တခုလုံးတော့ ဗြောင်းဆန်သွားမှာပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။