ဖြတ်တောက်ခံရမည့် နာရီများ
တရုတ်အစိုးရဟာ မကြာသေးမီကပဲ အသက် ၁၈ နှစ်အောက် အရွယ်ရှိ အွန်လိုင်း ဂိမ်းကစားသူများအတွက် တင်းကျပ်တဲ့ ကန့်သတ်ချက် အသစ်များကို ကြေငြာခဲ့ပါတယ်။
အဲဒါကတော့ ဂိမ်းလောက၏ အကြီးမားဆုံး ဂိမ်းထုတ်လုပ်သူ အချို့ကို ၁၈ နှစ်အောက် ဂိမ်းကစားသူများအတွက် တပတ်လျှင် ၃ နာရီသာ ဂိမ်းကစားခွင့် ပြုဖို့ ဆောင်ရွက်စေတာ ဖြစ်တယ်လို့ Bloomgberg မီဒီယာက ဖော်ပြခဲ့ပါတယ်။
ဒါဟာ နိုင်ငံအတွင်း ဂိမ်းစွဲလမ်းမှု ပြသနာအတွက် ဖြေရှင်းဖို့ နည်းလမ်းတခု အနေဖြင့် ဘောင်ခတ် သတ်မှတ်လာတာ ဖြစ်ပါတယ်။
ဝေဖန်သူများကတော့ ဒီလုပ်ရပ်ဟာ အရမ်းကို တင်းကျပ်လွန်းပြီးတော့ နိုင်ငံ၏ ကြီးထွားလာသည့် ဂိမ်းလုပ်ငန်းကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
Statista အချက်အလက် လေ့လာမှု ဝက်ဘ်ဆိုဒ်အရ တရုတ်၏ eSports ဈေးကွက်ဟာ ၁၃၆.၅၆ ယွမ် (အမေရိကန် ဒေါ်လာ ၂၁ ဘီလီယံ) ခန့်အထိ ရှိနေပါတယ်။

တပတ်လျှင် ၃ နာရီ
ဩဂုတ်လ ၃၀ ရက်နေ့က အမျိုးသား စာနယ်ဇင်းနှင့် ထုတ်ဝေမှု ကြီးကြပ်ရေး အဖွဲ့ (NPPA) မှ ထုတ်ပြန်ခဲ့သော စည်းမျဉ်းများအရ ကမ္ဘာကျော် ကုမ္ပဏီကြီး Tencent အပါအဝင် တခြား Developer များကို
အရွယ်မရောက်သေးသူများ၏ အွန်လိုင်း ဂိမ်းကစားချိန်ကို သောကြာနေ့ နှင့် စနေ၊ တနင်္ဂနွေ နေ့အပါအဝင် အားလပ်ရက်များတွင် ည ၈ နာရီမှ ၉ နာရီအထိ သာ ကစားနိုင်ရန် ကန့်သတ်ဖို့ ညွှန်ကြားထားပါတယ်။
ယခု စည်းကမ်း မတိုင်ခင် ၂၀၁၉ ခုနှစ်ကလည်း ၁၈ နှစ်အောက် လူငယ်များကို တရက်လျှင် ၁ နာရီခွဲသာ ဂိမ်းကစားခွင့်ပြုထားတာ ဖြစ်ပါတယ်။
ဒီ အသစ်ထပ်မံ ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက်ဟာ အွန်လိုင်း တခုတည်းအပေါ်ပဲ သက်ရောက်မှုရှိတာလား အင်တာနက်ဖြင့် မဟုတ်ဘဲ ကစားတဲ့ သူတွေအပေါ်ရော သက်ရောက်မှုရှိလား ဆိုတာကတော့ မသိရသေးပါဘူး။
ဘာပဲဖြစ်ဖြစ် တပတ် ၃ နာရီထက် အွန်လိုင်းဂိမ်းပိုဆော့တဲ့ တရုတ် ကလေးများအတွက်ကတော့ မြိုချရ ခက်တဲ့ ဆေးခါးကြီး တခွက်ပဲ ဖြစ်နေမှာပါ။

NPPA အတွက်မူ ၎င်းတတို့၏ အကောင်းဆုံး အကျိုးစီးပွားများကို ရှာဖွေသည့် နည်းလမ်းဖြစ်ပြီး ပြီးခဲ့သည့်လက အစိုးရမီဒီယာမှ ထုတ်ဝေသည့် ဆောင်းပါ တပုဒ်တွင်
ဂိမ်းစွဲလမ်းမှုကို “စိတ်ပိုင်းဆိုင်ရာ ဘိန်း” လို့ ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ အဲဒီ့ ဆောင်းပါးကို ဖယ်ရှားခဲ့ပါတယ်လို့ The Verge မီဒီယာက ပြောပါတယ်။
“အရွယ်မရောက်သေးသူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကာကွယ်ခြင်းဟာ ပြည်သူတို့အတွက် အရေးကြီးသည့် အကျိုးစီးပွားနှင့် ဆက်စပ်နေပြီး အမျိုးသားပြန်လည် နုပျိုမှု ခေတ်တွင် မျိုးဆက်သစ်လူငယ်များကို ပြုစု ပျိုးထောင်ခြင်းနှင့်လည်း ဆက်စပ်နေပါတယ်”
လို့ NPPA ၏ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက ကြေငြာချက်မှာ ပြောကြားခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အရွယ် မရောက်သေးသူများအတွက် ဂိမ်းအတွင်းတွင် ကန့်သတ်မှု သေချာစေရန် အမည်အရင်းဖြင့် အတည်ပြုစနစ်ကိုလည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။
ဒါ့ကြောင့် အွန်လိုင်းဂိမ်းအားလုံးဟာ အစိုးရ၏ ဂိမ်းစွဲလမ်းမှု တိုက်ဖျက်ရေး စနစ်နှင့် ချိတ်ဆက်ပေးရန် လိုအပ်မှာ ဖြစ်ပါတယ်။
မိဘနှင့် ဆရာ/ဆရာမ များကလည်း ကလေးများအတွက် ဂိမ်းစွဲလမ်းမှုကို တိုက်ဖျက်ပေးဖို့ အကူအညီ တောင်းခံလျှက်ရှိတယ်လို့လည်း သိရပါတယ်။
ဒီ ထုတ်ပြန်ချက်ကြောင့် တရုတ်၏ ဂိမ်းနှင့်ဆိုင်သည့် စတော့များ တန်ဖိုးဟာ ကျဆင်းခဲ့တယ် လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။