အမေရိကန်၊ တရုတ် နှင့် ရုရှားတို့ရဲ့ ပဥ္စမျိုးဆက် တိုက်လေယာဉ် ပြိုင်ပွဲနှင့် ၎င်းတို့၏ ဗျူဟာများ

Article Military

တရုတ်၊ ရုရှားနှင့် အမေရိကန်တို့ဟာ ၎င်းတို့ ထုတ်လုပ်ထားသည့် ပဥ္စမ မျိုးဆက်တိုက်လေယာဉ်များ တင်ပို့နိုင်ရန်အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကြားမှာ ရောက်ရှိနေပါတယ်။

ဒီလို တိုက်လေယာဉ်တွေ ရောင်းချမှုဟာ မဟာဗျူဟာ အရပါ ဩဇာလွှမ်းမိုး သက်ရောက်မှုအတွက် အရေးပါသည့် စီးပွားရေး ပြိုင်ဆိုင်မှုတခု ဖြစ်တဲ့အတွက် စစ်အေးတိုက်ပွဲသစ် ပေါ်ပေါက်လာတယ်လို့တောင် အချို့က ရှုမြင်ကြပါတယ်။

ပဥ္စမ မျိုးဆက် တိုက်လေယာဉ်များဖြစ်တဲ့ တရုတ်ရဲ့ J-20 နှင့် FC-31၊ ရုရှားရဲ့ Su-57 နှင့် Su-75၊ အမေရိကန်၏ F-22 နှင့် F-35 တို့ဟာ ၎င်းတို့၏ စတုတ္ထမျိုးဆက် တိုက်လေယာဉ်များထက် များစွာသာလွန်ကြပါတယ်။

အဆိုပါ တိုက်လေယာဉ်များတွင် အဆင့်မြင့် နည်းပညာများအနေဖြင့် ရေဒါဖြင့် ဖမ်းယူရခက်ခဲခြင်း၊ အဆင့်မြင့် ကွန်ယက်ချိတ်ဆက်ခြင်း၊ အချက်အလက်များ ပေါင်းစပ်ခြင်း အပြင် အခြား နည်းပညာများ ပါဝင်ကြပါတယ်။

လက်ရှိ တင်ပို့မှု အနေအထားများ

တရုတ်ဟာ ၎င်း၏ FC-31 များကို အနာဂါတ်တွင် ပြည်ပဈေးကွက်သို့ ရောင်းချရန် ရည်ရွယ်ထားပြီး အဲဒီ့အထဲတွင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မြောက်ကိုရီးယားနှင့် အာဖရိက နိုင်ငံအချို့ ပါဝင်ပါတယ်။

FC-31 နှင့် ပတ်သက်သည့် နောက်ဆုံး အကြောင်းအရာများကို “လေယာဉ်တင်သင်္ဘော အခြေပြု တိုက်လေယာဉ် ဖြစ်လာနိုင်သည့် FC-31” ခေါင်းစဉ်နှင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

Su-57

ရုရှားကတော့ ၎င်း၏ Su-57 တင်ပို့ ရောင်းချမှုနှင့် ပတ်သက်ပြီး စိတ်မပိုင်းဖြတ်ရသေးပေမယ့် UAE နှင့်တော့ Su-75 ခေါ် Checkmate တိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Su-75 Checkmate အကြောင်းကို “ရုရှား၏ မျိုးဆက်သစ် ကိုယ်ပျောက်တိုက်လေယာဉ် မနေ့က ပြသ” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

အထက်ပါ ၂ နိုင်ငံနှင့် ဆန့်ကျင်ဘက်အားဖြင့် အမေရိကန်ကတော့ ၎င်း၏ F-35 တိုက်လေယာဉ်များကို အောင်မြင်စွာ တင်ပို့ရောင်းချနေပြီး ထုတ်လုပ်ရာတွင် နိုင်ငံ ၁၀ နိုင်ငံ ပါဝင်ခဲ့ပြီး လက်ရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံက အသုံးပြုနေပါတယ်။

မတူညီသည့် အယူအဆများပေါ် အခြေခံထားသည့် တိုက်လေယာဉ်များ

ထူးခြားချက်တခုကတော့ အဆိုပါ ပဥ္စမျိုးဆက် တိုက်လေယာဉ် အားလုံးကို ၎င်းတို့၏ သက်ဆိုင်ရာ ထုတ်လုပ်သူများက မတူညီတဲ့ လေကြောင်းကာကွယ်ရေး အယူအဆများနှင့် ဒီဇိုင်းထုတ်ထားတာပါ။

FC-31

တရုတ်နှင့် ရုရှားကဲ့သို့ ကျယ်ပြန့်လှတဲ့ ကုန်းမြေရှိတဲ့ နိုင်ငံများဟာ ၎င်းတို့၏ တိုက်လေယာဉ်များကို လေကြောင်းရန် ကာကွယ်ရေး ကွန်ရက်များနှင့် တင်းတင်းကျပ်ကျပ် ပေါင်းစည်းကာ မြေပြင် အခြေစိုက်လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ပိုအလေးထားပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် အမေရိကန်ကဲ့သို့ တကမ္ဘာလုံး ဖြန့်ကျက်ထားတဲ့ နိုင်ငံ တခုအနေဖြင့် တာဝေး တိုက်ခိုက်နိုင်မှု စွမ်းရည် နှင့် လေကြောင်း ကာကွယ်ရေး သိပ်သည်းစွာ ထားရှိတဲ့ နေရာများကို ထိုးဖောက်နိုင်တဲ့ စွမ်းဆောင်ရည်များကို အဓိကထား လုပ်ဆောင်ပါတယ်။

တရုတ်နိုင်ငံ၏ အယူအဆ

တရုတ်ဟာ ထိုးစစ်ဆင်သည့် ပူးပေါင်း စစ်ဆင်ရေးများတွင်သာမက ခံစစ်အတွက် အရေးပါသည့် အခြေခံ အဆောက်အုံများအား ကာကွယ်ရေး၊ မြေပြင်နှင့် ရေပြင်စစ်ဆင်ရေးများအား ကာကွယ်ဖို့ရာအတွက် ဝေဟင်စွမ်းအားကို ပေါင်းစပ်ထားပါတယ်။

ဒါ့ကြောင့် အဆိုပါ သဘောတရားအရ တရုတ်ဟာ လေတပ်ကို အခြားစစ်လက်နက် များနှင့် ပေါင်းစပ်ထားတယ်လို့ ရှုမြင်နိုင်ပါတယ်။

ဒါ့အပြင် တရုတ်ဟာ ဝေဟင်မှ မြေပြင် တိုက်ခိုက်ရေး ကိုသာ အဓိကထားပါတယ်။ အကြောင်းကတော့ ဝေဟင်မှ ဝေဟင် စစ်ဆင်ရေးများအတွက် ကုန်ကျစရိတ်များပြားကာ နည်းပညာမြင့် အခြား ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ပါက ထိရောက်မှု နည်းပါးတဲ့အတွက် ဖြစ်နိုင်ပါတယ်။

J-20

ရှုပ်ထွေးတဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေရှိတဲ့ နေရာကို တာဝေး တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန် အကောင်းဆုံး ဖြစ်သည့် J-20 တိုက်လေယာဉ်တွင် ဒီလို အယူအဆမျိုးကို ကွင်းကွင်းကွက်ကွက် မြင်နိုင်ပါတယ်။

၎င်း၏ ဖြစ်နိုင်ချေရှိတဲ့ စစ်ဆင်ရေးများဟာ တာဝေး ကြားဖြတ်ခြင်း၊ မြေပြင် တိုက်ခိုက်ခြင်းနှင့် ရေကြောင်းတိုက်ခိုက်မှုတို့ ပါဝင်နိုင်ပြီး တောင်တရုတ် ပင်လယ်အတွင်း အနာဂါတ် ပဋိပက္ခများတွင် အရေးပါလာနိုင်ပါတယ်။

J-20 ဟာ တရုတ်နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေး ကွန်ယက်များရှိသည့် ဘေးကင်းရာနေရာသို့ ပြန်လည် မဆုတ်ခွာမီ ပြည်မကြီးအတွင်းရှိ လေတပ်စခန်းများမှ ဝေးကွဦသည့် နေရာများသို့ တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံ၏ အယူအဆ

ရုရှား၏ လေကြောင်းရန် ကာကွယ်ရေး အယူအဆဟာ anti-access/area denial (A2/AD) zone လို့ခေါ်တဲ့ ထူထဲတဲ့ ကာကွယ်ရေး ဧရိယာကို ဖန်တီးပြီး အလွှာ ၃ ခု ဖြင့် ဖွဲ့စည်းထားပါတယ်။

ပထမဆုံး အလွှာအနေဖြင့် ၎င်း၏ အဓိက ကြီးကြီးမားမား မှီခိုနေတဲ့ ကောင်းကင်သို့ အလယ်အလတ်မှ အမြင့်ပိုင်းလောက်အထိ ပစ်လွှတ်နိုင်တဲ့ တာဝေးနှင့် တာလတ်ပစ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ဖြစ်ပါတယ်။

ဒုတိယ အလွှာကတော့ အဲဒီ့ အဓိကထားတဲ့ ဒုံးပစ်စနစ်များကို စက်အမြောက်များ သို့မဟုတ် တာတိုပစ် ဒုံးကျည်များနှင့် ကာကွယ်ပေးထားပါတယ်။

Su-75 (Checkmate) ဘယ် နှင့် Su-57 ညာ

တတိယ အလွှာကတော့ ရုရှား၏ ပဥ္စမ မျိုးဆက် တိုက်လေယာဉ်များဖြစ်ပြီး ၎င်းဟာ မြေပြင် အခြေစိုက်စခန်းနှင့် လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ခြိမ်းခြောက်နိုင်သည့် လေယာဉ်များကို ရှာဖွေတိုက်ခိုက်ကာ ရေဒါလွှမ်းခြုံမှုအတွင်း လိုအပ်သည့်နေရာများကို ဖြည်ဆည်းပေးမှာ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ရုရှား ပဥ္စမ မျိုးဆက် တိုက်လေယာဉ်များဟာ ဝေဟင်မှ ဝေဟင် တိုက်ခိုက်ရေးအတွက် အဓိကထားတယ် ဆိုတာပါပဲ။

ဒါဟာ တရုတ်က Su-57 များကို ဝယ်ယူဖို့ စိတ်မဝင်စားရတာနဲ့ ဆက်စပ်နေပြီး ဒီအကြောင်းကို “တရုတ်လေတပ်က Su-57 ကို စိတ်မဝင်စားရတဲ့အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

အမေရိကန်၏ အယူအဆ

တချိန်ထဲမှာပဲ အမေရိကန်ရဲ့ အယူအဆကတော့ လေကြောင်းစွမ်းအားဟာ ပထဝီဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားပြီး၊ ရန်သူ့ ဗဟိုချက်တွင်ရှိသည့် အရေးပါသည့် ပစ်မှတ်များကို အချိန်တိုအတွင်း လျှပ်တပြတ် တိကျစွာ တိုက်ခိုက်ခြင်းနှင့် အဆိုပါ အချိန်အတိုင်းအတာ ကို ထိန်းသိမ်းထားခြင်းတို့ ဖြစ်ပါတယ်။

၎င်း၏ လေတပ်ဟာ စစ်ဆင်ရေးများကို ထိန်းချုပ်စေနိုင်ရုံသာမက စစ်ဘက်ဆိုင်ရာ စွမ်းအား မျိုးစုံနှင့် ပေါင်းစပ် အသုံးပြုကာ နယ်ပယ်များစွာတွင် ပေါင်းစည်းထားပါတယ်။

F-22

ဆိုလိုကတော့ ဘက်စုံ အခန်းကဏ္ဍ မျိုးစုံတွင် အသုံးပြုနိုင်ရန်အတွက် ၎င်း၏ ပဥ္စမျိုးဆက် တိုက်လေယာဉ်များကို ဦးစားပေးထားတာ ဖြစ်ပါတယ်။

အကောင်းဆုံး ဥပမာတခုကတော့ F-35 တိုက်လေယာဉ်ဖြစ်ပြီး ၎င်းကို လေတပ်၊ ရေတပ် နှင့် မရင်းတပ်ဖွဲ့များတွင် အသုံးပြုနိုင်ရန် မျိုးကွဲ ၃ မျိုးနှင့် ထုတ်လုပ်ထားပြီး ဘက်စုံအသုံးပြုနိုင်ပါတယ်။

ဒီလို ဘက်စုံ အသုံးပြုနိုင်ဖို့အတွက် ၎င်း၏ လိုအပ်သည့် အရာများကို ပံ့ပိုးပေးနိုင်သည့် စနစ်တွေဟာလည်း အများအပြား ရှိနေတဲ့အတွက် F-35 တွင် Role တခုထဲ ရှိမနေတာ ဆန်းတော့ မဆန်းပါဘူး။

နိဂုံး

တရုတ်၊ ရုရှားနှင့် အမေရိကန် ပဥ္စမျိုးဆက် တိုက်လေယာဉ်များကို ဝယ်ယူမည့် နိုင်ငံများဟာ ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေး အယူအဆများ၊၊ စွမ်းရည်သတ်မှတ်ချက်များ နှင့် နည်းပညာ အချက်အလက်များဖြင့် ကိုက်ညီနေမှသာ အဆင်ပြေနိုင်ပါတယ်။

အကြောင်းကတော့ အထက်ပါ နိုင်ငံများဟာ ပဥ္စမမျိုးဆက် တိုက်လေယာဉ်များကို ရည်ရွယ်ချက် အမျိုးမျိုးနှင့် ထုတ်လုပ်ကြတာ ဖြစ်တဲ့အတွက် ဝယ်ယူခဲ့ပြီးသည့်တိုင် အသုံးတည့်ချင်မှ တည့်မှာပါ။

F-35

ပဥ္စမ မျိုးဆက် တိုက်လေယာဉ်များဟာ လေယာဉ် တစင်းသပ်သပ်၏ စွမ်းဆောင်ရည်များထက် ကွန်ယက် ချိတ်ဆက်မှုများ၊ ISR စနစ်များ (ကင်းထောက်ခြင်း၊ စောင့်ကြည့်ခြင်း၊ ထောက်လှမ်းခြင်း များကို ပြုလုပ်နိုင်သည့် ဂြိုဟ်တု၊ ရေဒါ နှင့် ဒရုန်းကဲ့သို့ စနစ်များ) အပေါ် မှီခိုနေပါတယ်။

ဒါ့ကြောင့် ပဥ္စမမျိုးဆက် တိုက်လေယာဉ် တစင်း ဝယ်ယူခဲ့ရင်တောင် အဆိုပါ အခြေခံ အုတ်မြစ်များ မရှိပါက အဆင်ပြေမှာ မဟုတ်ပါဘူး။

Reference: Asia Times

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.