အမေရိကန်၏ XQ-58A ဒရုန်းသစ် မှာ အားနည်းချက်တွေရှိတယ်လို့ တရုတ် အင်ဂျင်နီယာများပြော

Article Military

တရုတ် လေကြောင်းအင်ဂျင်နီယာများဟာ အမေရိကန်မှာ တည်ဆောက်နေဆဲ ရေဒါပျောက် ဒရုန်း၏ အရေးပါတဲ့ ကန့်သတ်ချက်အချို့ကို ဖြေရှင်းပြီးပြီလို့ တောင်တရုတ်မနက်ခင်း သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

၎င်းတို့ဟာ အမေရိကန်တို့ ထုတ်ပြန်ထားသည့် အချို့ဓာတ်ပုံများ၊ အချက်အလက်များနှင့် reverse-engineering ဆော့ဖ်ဝဲ များကို အသုံးပြုပြီး XQ-58A Valkyrie ဟာ ဝေဟင်တိုက်ခိုက်ရေးအတွက် အဆင်မပြေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ရှိချက်အရ အဆိုပါ ဒရုန်းဟာ U-Turn (ဂ ငယ်ကွေ့) ကွေ့ရန် အတွက် မြေဆွဲအား ၁.၇ ဆ လောက်သာ ခံနိုင်မှာဖြစ်ပြီး တိုက်လေယာဉ်အဆင့် ရောက်ရန်အတွက် ၇ ဆလောက်အထိ ခံနိုင်ရမှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

ဒီ XQ-58A ရဲ့ အားနည်းချက်ကို Shenyang လေယာဉ် ဒီဇိုင်းနှင့် သုတေသန အင်စတီကျုမှ အကြီးတန်း အင်ဂျင်နီယာ Lu Yuanjie နှင့် ၎င်း၏ အဖွဲ့က ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အားနည်းချက်တခု ဖြစ်ပေမယ့် အမေရိကန်စစ်တပ်တွင် ပုံမှန်မဟုတ်သည့် ဒီဇိုင်းများဟာ အခြားနေရာများတွင် အားသက်ချက်ရှိတယ်လို့ သုတေသီများက ပြောပါတယ်။

XQ-58A Valkyrie ကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံး သရုပ်ပြ ပျံသန်းနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မတိုင်မီ တာဝန်ထမ်းဆောင်နိုင်စေရန် Kratos ကုမ္ပဏီနှင့် ဒေါ်လာ ၁၃.၂ သန်းတန် စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှ စတင်ပြီး စမ်းသပ်ပျံသန်းမှုပေါင်း ၆ ကြိမ် ပြုလုပ်ပြီးဖြစ်ပြီး မတော်တဆ ဖြစ်ရပ် ၂ ကြိမ် ကြုံတွေခဲ့ ရပါတယ်။

XQ-58A Valkyrie ကို အမေရိကန်လေတပ်၏ Skyborg စီမံကိန်း၏ အဓိက ကျောရိုး မောင်းသူမဲ့လေယာဉ်အဖြစ် ထုတ်လုပ်နေတာဖြစ်ပြီး ကင်းထောက် သို့မဟုတ် တိုက်ခိုက်ရေး စစ်ဆင်ရေးများအတွက် လူလိုက်ပါသည့် တိုက်လေယာဉ်များကို အလိုအလျှောက်စနစ်ဖြင့် ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒီ မောင်းသူမဲ့လေယာဉ်အကြောင်းကို ဇန်နဝါရီလက “F-22၊ F-35 တို့နှင့်တွဲဖက် ပျံသန်းခဲ့တဲ့ XQ-58 Valkyrie UCAV နှင့် အနာဂါတ်နည်းပညာများ” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

ဘိုးအင်း Boeing အပါအဝင် အခြား ကုမ္ပဏီများကလည်း Loyal Wingmann ကဲ့သို့ မောင်းသူမဲ့လေယာဉ် စီမံကိန်းများကို အောင်မြင်အောင် လုပ်ဆောင်နေကြပါတယ်။

ယခုနှစ် အစောပိုင်း တရုတ်စစ်တပ်၏ လေ့လာမှု တခုအရ အမေရိကန်ဟာ ထိုင်ဝမ်အရှေ့ဘက်ရှိ ကျွန်းငယ်များ သို့မဟုတ် သင်္ဘောများတွင် XQ-58A Valkyrie များစွာ ချထားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ရော့ကတ် အင်ဂျင် အကူအညီဖြင့် ပျံတက်နိုင်သည့် ဒီ မောင်းသူမဲ့လေယာဉ်များဟာ ကြီးမားသည့် အုပ်စုများကို လျှင်မြန်စွာ ဖွဲ့စည်းနိုင်ပြီး ရေလက်ကြားကို ဖြတ်ကျော်ကာ တရုတ်စစ်တပ်များကို ခြိမ်းခြောက်နိုင်ပါတယ်။

အဆိုပါ မောင်းသူမဲ့လေယာဉ်တွေဟာ တရုတ်ပြည်မကြီးထဲရှိ အချို့သော ပစ်မှတ်များကိုတောင် ဝင်ရောက်တိုက်ခိုက်နိုင် သို့မဟုတ် F-22 နှင့် F-35 များအတွက် လမ်းကြောင်း ရှင်းပေးနိုင်မယ်လို့ သိရပါတယ်။

“XQ-58A ဟာ စမ်းသပ်မှုနှင့် စစ်ဆေးမှု အဆင့်မှာရှိသေးပေမယ့် ဆက်စပ်နည်းပညာများ စုဆောင်းခြင်းနှင့် အသုံးချနိုင်မည့် နည်းလမ်းများကို စိစစ်ခြင်းများကနေ အနာဂါတ် လေကြောင်း တိုက်ခိုက်ရေး အခြေခံ ပုံစံအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။”

“ဒါကို ကျွန်တော်တို့ အနေဖြင့် အပြည့်အဝ အာရုံစိုက်သင့်ပါတယ်” လို့ အမျိုးသား ကာကွယ်ရေး နည်းပညာ တက္ကသိုလ်မှ ပါမောက္ခ Guo Zheng နှင့် ၎င်း၏ အဖွဲ့သားများက ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် အမျိုးသားကာကွယ်ရေး နည်းပညာ စာတမ်းတွင် ဖော်ပြခဲ့ပါတယ်။

XQ-58A အားနည်းချက်ကို‌ ထောက်ပြခဲ့တဲ့ Lu Yuanjie နှင့် အဖွဲ့မှ ၎င်းတို့ အဆိုပါ ဒရုန်းကို လေ့လာနေသည်မှာ ကူးချဖို့ မဟုတ်ဘဲ အမေရိကန် စစ်တပ်၏ မဖော်ထုတ်နိုင်တဲ့ အချက်အလက်များမှ ပျောက်ကွယ်နေတဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့လို့ ဆိုပါတယ်။

၎င်းတို့ဟာ အမေရိကန် ဒီဇိုင်နာများအနေဖြင့် အတောင်ပံ၊ အင်ဂျင်နှင့် စုစုပေါင်း အရွယ်အစားကို တတ်နိုင်သမျှ သေးငယ်အောင် ပြုလုပ်ပြီး ပစ္စည်းများနှင့် လောင်စာများကို ပိုမို တင်ဆောင်နိုင်အောင် ကြိုးစားခဲ့တာ တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီဇိုင်းဟာ စစ်ကစား ပျံသန်းနိုင်သည်ထက် လက်နက်များတင်ဆောင်ရန်နှင့် ကင်းထောက် စစ်ဆင်ရေးများကို ပိုပြီး ရှေ့တန်းတင်ထားသည်ကိုလည်း ထောက်ပြနေပါတယ်။

XQ-58A ကို ပြန်လည် အသုံးပြုနိုင်မယ့် မောင်းသူမဲ့လေယာဉ်လို့ အမေရိကန်က ကြေငြာခဲ့ပေမယ့် တကယ်တော့ ဒီထက်ပိုတဲ့ အသုံးချမှုတွေရှိလာနိုင်ပြီး ကာမိကာဇေလို တခါသုံး ဒရုန်းများအနေဖြင့်တောင် အသုံးချနိုင်တယ်လို့ Lu Yuanjie က ပြောပါတယ်။

ဒါ့ကြောင့် ဒီ ဒရုန်းဟာ ကာကွယ်ထားသည့် ဇုန်ပြင်ပတွင် အမိန့်ပေး စေခိုင်းကာ အတွင်းပိုင်း နယ်မြေထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်အောင် ပြုလုပ်ထားတယ်လို့ ပြောကြား ခဲ့ပါတယ်။

Guo Zheng မှလည်း တရုတ်စစ်တပ်ဟာ XQ-58A နှင့် အလားတူ လေယာဉ်များကို တုန့်ပြန်ဖို့ နည်းလမ်းများစွာရှိတယ် ဆိုတာ လေ့လာမှုအရ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

တရုတ်ဟာ ရေဒါပျောက် လေယာဉ်များကို ထောက်လှမ်းရန် ကွမ်တမ် ရေဒါ ကဲ့သို့ (ရေဒါပျောက်လေယာဉ်တွေ ခေတ်ကုန်စေမည်ဆိုသည့် ကွမ်တမ်ရေဒါ အကြောင်း သုံးသပ်မှု တွင် ရှု) နည်းပညာသစ်များ ဖန်တီးနေသည့်အပြင် ကြိမ်နှုန်းနိမ့် ရေဒါ အများအပြားလည်း တည်ဆောက်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

“ထိရောက်စွာ ရေဒါမှာ တွေ့မြင်နိုင်တဲ့အတွက် XQ-58A ၏ ညံ့ဖျင်းတဲ့ စစ်ကစား ပျံသန်းနိုင်မှာကြောင့် မြေပြင်မှာ အခြေစိုက်ထားတဲ့ တာလတ် လေကာ အမြောက်များ၊ တိုက်လေယာဉ်များနှင့် ဝေဟင်ပစ် ဒုံးများကြောင့် X-58A ဟာ ပျက်စီးသွားမှာ ဖြစ်တယ်။” လို့ Guo Zheng နှင့်အဖွဲ့က ပြောပါတယ်။

အီလက်ထရောနစ် စစ်ပွဲသုံး ကိရိယာများဟာလည်း မောင်းသူမဲ့လေယာဉ် နှင့် လူသား ကွပ်ကဲမှု အကြား ဆက်သွယ်မှုကို ဖြတ်တောက်နိုင် သို့မဟုတ် အားကောင်းသည့် လျှပ်စစ်သံလိုက်လှိုင်းများက ဒရုန်းများကို နှိမ်နင်းနိုင်မယ်လို့လည်း ဆိုပါတယ်။

Guo Zheng ၏ နောက်ဆုံး တန်ပြန်မှုဟာ ဒရုန်းအချင်းချင်းဖြင့် တိုက်ခိုက်စေခြင်းဖြစ်ပြီး “ရန်သူ့ လေယာဉ်ဟာ ရေဒါတွေကို ဖြတ်ကျော်လာနိုင်ပါက ရှောင်ကွင်း လာနိုင်ပါက ခုခံကာကွယ်တဲ့ အဖွဲ့ဟာ မောင်းသူမဲ့လေယာဉ်များကိုလည်း အသုံးပြုနိုင်သေးတယ်”လို့ သူ၏ စာတမ်းတွင် ဖော်ပြထားပါတယ်။

တရုတ်ဟာ အသံထက် ၅ ဆ သို့မဟုတ် ၎င်း၏ အထက် မြန်သည့် ဟိုက်ပါဆိုးနစ် မောင်းသူမဲ့လေယာဉ်များကို ထုတ်လုပ်ဖို့ ဆောင်ရွက်နေပြီး မကြာသေးမီက တရုတ် သုတေသန စာတမ်းတခုတွင် အဆိုပါ ဒရုန်းများဟာ F-22 လေယာဉ်များကို အမှီလိုက်နိုင်ပြီး နောက်မှ သုတ် သင်နိုင်မယ်လို့တောင် ဆိုပါတယ်။

အမေရိကန် လေတပ်၏ အဆိုအရ XQ-58A ဟာ အလိုအလျှောက်စနစ်ဖြင့် ပျံသန်း တိုက်ခိုက်နိုင်ပြီး အသံအလျှင် ၀.၉၅ အမြန်နှုန်းရှိကာ ကုန်ကျစရိတ် တစင်းလျှင် ၂ သန်းသာ ရှိမည့် အဆင့်မြင့် မောင်းသူမဲ့လေယာဉ် တစင်း ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.