NASA ၏ အင်္ဂါဂြိုဟ်သွား ရဟတ်ယာဉ် ပုံစံ ထုတ်လုပ်လိုက်တဲ့ တရုတ် ဂြိုဟ်သွားရဟတ်ယာဉ်

News Science

မြန်မာအမျိုးသမီး မမီမီအောင် ဦးဆောင်မှုနဲ့ NASA မှ မားစ်ဂြိုဟ်သို့ Ingenuity လို့ အမည်ရတဲ့ ဂြိုဟ်ပေါ်သွား ရဟတ်ယာဉ်လေး ကို စေလွှတ် ထားတာ လူတိုင်း သိကြပြီး ဖြစ်ပါတယ်။

ဒီအကြောင်းနှင့် ပတ်သက်ပြီး “မားစ်ဂြိုဟ်သို့ မြန်မာ အင်ဂျင်နီယာ ဦးဆောင်စေလွှတ်ခဲ့တဲ့ ရဟတ်ယာဉ် ၉ ကြိမ်မြောက်ပျံသန်း” တွင်လည်း အသေးစိတ် ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

အခုပြောပြမှာတော့ တရုတ်ဟာလည်း NASA ကဲ့သို့ “Mars cruise drone” ဆိုပြီး ရဟတ်ယာဉ်ငယ် တစင်းကို ပြသလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က NASA ၏ Ingenuity ရဟတ်ယာဉ် မားစ် ဂြိုဟ်ပေါ်သို့ ဆင်းသက် နိုင်ခဲ့သလိုမျိုး ဒီရဟတ်ယာဉ် ကိုလည်း အ လား တူ ဒီဇိုင်းဆွဲ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ ရဟတ်ယာဉ်ငယ်၏ ရှေ့ပြေးပုံစံကို နောက်ဆုံးလက်ခံမှု အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ တရုတ် အမျိုးသား အာကာသ သိပ္ပံစင်တာ (CNNSC) မှ ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

သိပ္ပံစင်တာမှ ဝေမျှခဲ့သည့် ဓာတ်ပုံများအရ အဆိုပါ ရဟတ်ယာဉ် ရှေ့ပြေးပုံစံဟာ ယခုနှစ်အတွင်းမှာ တီထွင်ခဲ့တဲ့ NASA ၏ Ingenuity ရဟတ်ယာဉ်နှင့် အတော်လေးကို ဆင်တူနေတာကို တွေ့ရပါတယ်။

Ingenuity

တရုတ်လုပ် ရဟတ်ယာဉ်၏ ရှေ့ပြေးပုံစံတွင် ပန်ကာဒလတ် ၂ ခု၊ အာရုံခံကိရိယာနှင့် ကင်မရာ၊ ဒေါက် ၄ ခုပါဝင်သော်လည်း Ingenuity ကဲ့သို့ ဆိုလာပြားတော့ ပါဝင်ခြင်း မရှိပါဘူး။

Mars cruise drone ရဟတ်ယာဉ်ငယ်ဟာ တရုတ်အမျိုးသား အာကာသ သိပ္ပံစင်တာ၏ နည်းပညာ ပျိုးထောင်မှု စီမံကိန်း ၃ ခုအနက်မှ တခုဖြစ်ပါတယ်။

အဲဒီ့ ရဟတ်ယာဉ်ကို တရုတ်၏ အနာဂါတ် မားစ်ဂြိုဟ် စူးစမ်း လေ့လာမှုများတွင် အသုံးပြုမယ့် ကိရိယာတခု အဖြစ် အသုံးပြုနိုင်ဖွယ် ရှိနေပါတယ်။

ဒါပေမယ့် အေဂျင်စီကတော့ ၎င်းတို့ ဆောင်ရွက်မယ့် မစ်ရှင်၏ အသေးစိတ် အချက်အလက်များကို မပြောပြခဲ့ပါဘူး။

တရုတ်ဟာ ဂြိုဟ်နီကြီး ခေါ် မားစ်ဂြိုဟ်ကို စူးစမ်းလေ့လာဖို့အတွက် ကျယ်ပြန့်တဲ့ အစီအစဉ်များ ရှိနေပါတယ်။

မကြာသေးမီကပဲ တရုတ်နိုင်ငံဟာ ၎င်းတို့၏ ပထမဆုံး ဂြိုဟ်ဆင်းယာဉ် Zhurong Mars rover နှင့် မားစ်ဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

Ingenuity နှင့် ဆင်တူနေသည့် ရှေ့ပြေးပုံစံ

သက်ရှိများနေထိုင်ဖို့ ဖြစ်နိုင်ချေရှိတဲ့ အထောက်အထားများ ရှာဖွေရန် စေလွှတ်ခဲ့တဲ့ NASA ၏ Curiosity နှင့် Perseverance ဂြိုဟ်သွားယာဉ်များ အပြီး Zhurong ကိုစေလွှတ်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံဟာ မားစ်ဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

တချိန်တည်းမှာပဲ NASA ၏ Ingenuity ရဟတ်ယာဉ်ဟာ ဂြိုဟ်ပေါ်တွင် သွားလာရာမှာ အကြီးအကျယ် အောင်မြင်မှု ရရှိနေပြီး ရဟတ်ယာဉ်ဟာ ဧပြီလအတွင်းမှာ ဂြိုဟ်မျက်နှာပြင် အမြင့် ၃ မီတာ (၁၀ ပေ) အမြင့်အထိ တက်ရောက် ပျံသန်းနိုင်ခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *