NASA ထက် အဆ ၁၀၀ ပိုမိုအားကောင်းတယ်ဟုဆိုတဲ့ တရုတ်နိုင်ငံရဲ့ အာကာသ နျူကလီးယား ဓာတ်ပေါင်းဖိုအသစ် အကြောင်း

News Science

ရှေ့ပြေးပုံစံ ဒီဇိုင်းကတော့ တည်ဆောက်ပြီးသွားပြီဟု ဆိုပါတယ်။

ယခုအခါ တရုတ်နိုင်ငံရဲ့ အာကာသ အစီအစဉ် တစ်ခုက အားကောင်းတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို အတွက် ရှေ့ပြေးပုံစံ ဒီဇိုင်းကို အပြီးသတ် လိုက်ပြီဖြစ်ကြောင်း South China Morning Post မှ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ အာကာသအစီအစဥ်ဟာ လပေါ်မှာ နျူးကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်​ဖို့ စီစဥ်နေတဲ့ NASA ကဲ့သို့သော တခြားသောအေဂျင်စီများကို အမှီလိုက်နိုင်ဖို့ နျူးကလီးယားဓာတ်ပေါင်းဖို တည်ဆောက်နေပြီ ဟု သိရပါတယ်။

NASA ရဲ့ လပေါ် နျူကလီးယား ဓာတ်ပေါင်းဖို အစီအစဉ် အကြောင်းကို “လပေါ်တွင် နျူကလီးယားဓာတ်ပေါင်းဖို ထားရှိဖို့ အကြံဉာဏ်တွေ တောင်းခံနေတဲ့ NASA” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

မကြာသေးမီကမှ ပုဂ္ဂလိကကုမ္ပဏီတွေကလည်း လပေါ်ရှိ စွမ်းအင်သုံးမစ်ရှင်တွေကို ၁၀ နှစ်အတွင်း အကောင်အထည်ဖော်ဖို့ တောင်းဆိုခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ရဲ့ အာကာသ ပြိုင်ပွဲအသစ်အကြောင်း

တရုတ်နိုင်ငံရဲ့ အာကာသအစီအစဉ်က ၎င်းတို့ရဲ့ဓာတ်ပေါင်းဖို အပြည့်အစုံအတွက် အစိတ်အပိုင်းအချို့ကို တည်ဆောက်ထားပြီးဖြစ်တယ်ဟု သိရပါတယ်။

ဒါဟာ လနှင့် အင်္ဂါဂြိုဟ်မှာ လုပ်ဆောင်မည့် အနာဂတ်မစ်ရှင်များအတွက် နျူကလီးယားစွမ်းအင်ဖြင့် စွမ်းအင်ပေးနိုင်မှာဖြစ်တယ်ဟုလည်း ဆိုပါတယ်။

NASA မှ ဓာတ်ပေါင်းဖို ပုံစံ Photo: Courtesy of NASA

တရုတ်နိုင်ငံရဲ့ ဓာတ်ပေါင်းဖိုဟာ လျှပ်စစ်ဓာတ်အား တစ်မဂ္ဂါဝပ် ထုတ်လုပ်နိုင်မှာဖြစ်ပြီး ၎င်းဟာ ၂၀၃၀ မှာ NASA မှ လကမ္ဘာသို့ ပေးပို့မည့် နျူးကလီးယားဓာတ်ပေါင်းဖိုထက် အဆ ၁၀၀ ပိုမိုအားကောင်းလာမှာ ဖြစ်တယ်ဟု ပြောပါတယ်။

NASA ရဲ့ နျူကလီးယားဓာတ်ပေါင်းဖိုစနစ်ဟာ အကြမ်းဖျင်းအားဖြင့် 40 ကီလိုဝပ်အား ပေးစွမ်းနိုင်မှာဖြစ်ပြီး ဒါဟာ အိမ်ထောင်စု ၃၀ ကို ဆယ်စုနှစ်တစ်ခုအတွက် လုံလောက်တဲ့ စွမ်းအင်ပေးနိုင်တယ်ဟု အမေရိကန် အာကာသအေဂျင်စီက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တရုတ်နိုင်ငံဟာ ၎င်းရဲ့ အာကာသစခန်းသို့ ဒုတိယအကြိမ် အမှုထမ်းများ ပို့ဆောင်တဲ့ မစ်ရှင်ကို စတင်ခဲ့ပါသေးတယ်။

NASA ဟာ ၎င်းရဲ့ Artemis Moon ဆင်းသက်ခြင်းဆိုင်ရာ စာချုပ်ကို SpaceX အား ပေးအပ်တာနဲ့ ပတ်သက်ပြီး Jeff Bezos ရဲ့ Blue Origin နှင့် ကာလကြာရှည်စွာတရားဝင်အငြင်းပွားမှု ဖြစ်ခဲ့ပါသေးတယ်။

ဒါတွေကြောင့် ၎င်းရဲ့ မူလပစ်လွှတ်တဲ့နေ့ကို ၂၀၂၄ ကနေ ၂၀၂၅ သို့ ပြန်လည်ပြောင်းလဲခဲ့ရပါတယ်။

NASA မှ စီမံခန့်ခွဲသူ Bill Nelson က NASA မှ လပေါ်သို့ လူသားများ မပို့ဆောင်ခင် တရုတ်နိုင်ငံမှ ပို့ဆောင်နိုင်မှာကို စိုးရိမ်မှု မြင့်တက်လာစေခဲ့တယ် ဟုဆိုပါတယ်။

လျှို့ဝှက်နျူကလီးယားဓာတ်ပေါင်းဖိုစီမံကိန်းနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို မသိရ​သေးသော်လည်း ပရောဂျက်မှာ ပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင်နှစ်ဦးကတော့ ဓာတ်ပေါင်းဖိုအတွက် ရှေ့ပြေးပုံစံ နှင့် အချောထည်ဓာတ်ပေါင်းဖိုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ချို့လည်း ပြီးမြောက်ပြီ ဖြစ်ကြောင်း ယခုအပတ်မှာပဲ အတည်ပြုခဲ့တယ် ဟု South China Morning Post က ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ လျို့ဝှက်အာကာသနျူကလီးယားဓာတ်ပေါင်းဖိုအစီအစဉ်ကြောင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ရေဒီယိုသတ္တိကြွပစ္စည်းများ ပျံ့နှံ့သွားနိုင်တဲ့ မတော်တဆမှုတစ်ခု ဖြစ်လာမှာကို စိုးရိမ်မှုအချို့ ရှိနေကြပါတယ်။

“ကျွန်ုပ်တို့နိုင်ငံရဲ့ နည်းပညာအဆင့်အတန်းနှင့် ကိုက်ညီတဲ့ ဘေးကင်းရေး အကဲဖြတ်ခြင်းနှင့် စီမံခန့်ခွဲမှုစနစ်တစ်ခု ထူထောင်ဖို့ နဲ့ အများပြည်သူများရဲ့ စိုးရိမ်ပူပန်မှုများကို လျှော့ချနိုင်ဖို့အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပွင့်လင်းမြင်သာမှုတွေကို တိုးမြှင့်ဖို့ အရေးတကြီး လိုအပ်တယ်” ဟု Shanghai Institute မှ အာကာသသိပ္ပံပညာရှင် Zhang Ze မှ South China Morning Post သို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၉ တုန်းက လပေါ်သို့ ဆင်းသက်ခဲ့တဲ့ Yutu 2 Rover အတွက် ရေဒီယိုသတ္တိကြွ ဘက်ထရီငယ် တစ်ခုကိုလည်း အသုံး ပြုခဲ့ ပါသေးတယ်။

အဆိုပါ ပစ္စည်းက Rover ကိုကူညီပေးဖို့ watts အနည်းငယ်သာ ထုတ်ပေးနိုင်စွမ်းပဲ ရှိပါတယ်။

နျူးကလီးယားဓာတ်ပေါင်းဖိုရဲ့ ရှေ့ပြေးပုံစံဟာ တရုတ်နိုင်ငံအတွက် အာကာသထဲမှာ ကမ္ဘာ့ခေါင်းဆောင်အဖြစ် ရပ်တည်ဖို့ ရည်မှန်းထားတာကို တွေ့မြင်ရပြီး ဒါဟာလည်း စီမံကိန်းရဲ့ ပိုမိုကြီးမားတဲ့ တစ်စိတ်တစ်ပိုင်းတစ်ခု ဖြစ်ပါတယ်။

ဒီအရာတွေကြောင့် ယခုနှစ်အစောပိုင်းမှာပဲ တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ဖို့အတွက် နျူကလီးယားစွမ်းအင်သုံး အာကာသယာဉ်ကို တီထွင်ဖို့ အမေရိကန်မှ ကြိုးပမ်းအားထုတ်ရမည်ဟု NASA မှ လွှတ်တော်ဆိုင်ရာ ကြားနာမှု ကော်မတီမှာ ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.