နှစ်ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်တဲ့ အာကာသပြိုင်ပွဲတွင် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း အမေရိကန်ဟာ ဦးဆောင်နေပေမယ့် တရုတ်နိုင်ငံဟာ အမေရိကန်ကို ပြိုင်ဆိုင်နိုင်ဖို့ ၎င်း၏ ကိုယ်ပိုင် အာကာသစခန်းကို တည်ဆောက်နေပါတယ်။
တရုတ်နိုင်ငံဟာ ၎င်း၏ Tiangong အာကာသစခန်းအတွက် လိုအပ်သည့် တပ်ဆင်မှုများပြုလုပ်ရန် ပတ်လမ်းအတွင်း ဒုံးပျံ ၄၀ လောက် လွှတ်တင်ရန် လိုအပ်ပြီး ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးနိုင်မယ်လို့ တရားဝင် ကြေငြာထားတာပါ။
အမေရိကန်၊ ရုရှား၊ ဂျပန်၊ ကနေဒါ၊ ဘရာဇီး၊ အိန္ဒိယ၊ တောင်ကိုရီးယား နှင့် ဥရောပ အာကာသအေဂျင်စီ၏ အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် နိုင်ငံတကာ အာကာသ စခန်း ISS တွင်တော့ တရုတ်ဟာ ပါဝင်ခြင်း မရှိပါဘူး။
တရုတ်ဟာ ၂၀၁၁ ခုနှစ်ကတည်းက စစ်ဘက်မှ ဦးစီးတဲ့ သုတေသန စခန်းတခုကို တည်ဆောက်ပြီး စတင်ခဲ့တဲ့ ၎င်း၏ ကိုယ် ပိုင် စီမံကိန်းကို လုပ်ဆောင်နေတာပါ။
၂၀၂၁ ခုနှစ်မှာတော့ အစိတ်အပိုင်း ၁၁ ခုလောက်ပါဝင်တဲ့ Tiangong လို့ခေါ်တဲ့ အာကာသစခန်းအတွက် module အပိုင်းများကို စတင်တပ်ဆင်လာပါတယ်။

ပတ်လမ်း အတွင်း ပထမဆုံး ရှိနေမည့် မော်ဒယ်ဟာ အာကာသယာဉ်မှူးများ နေထိုင်ရန် အတွက်ဖြစ်ပြီး ပြီးစီးရန်အတွက် နောက်ထပ် လွှတ်တင်မှု ၁၀ ခုလောက် လိုအပ်နေပါတယ်။
တရုတ်နိုင်ငံပိုင် မီဒီယာဖြစ်တဲ့ ဆင်ဟွာ သတင်းမှာတော့ အဲဒီ့ လွှတ်တင်မှု ၁၀ ခုကို ၂၀၂၂ ခုနှစ်အတွင်းမှာ လုပ်ဆောင်သွားမယ်လို့ ကြေငြာထားပါတယ်။
အလားတူ အမေရိကန်ဟာလည်း ၂၀၂၂ ခုနှစ်အတွင်းတွင် အာကာသ လွှတ်တင်မှု ၁၀ ခုလောက်အထိ လုပ်ဆောင်ဖွယ်ရှိပြီး အဓိကအားဖြင့် လမစ်ရှင်များ ပြန်လည်လုပ်ဆောင်ရန်အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Tiangong အာကာသစခန်းဟာ ကမ္ဘာ့ပတ်လမ်းအတွင် လူနေထိုင်နိုင်သည့် အာကာသစခန်း တည်ဆောက်ဖို့ ကြိုးစားမှု၏ တတိယမြောက် စခန်းတခု ဖြစ်ပါတယ်။
ရုရှားနှင့် အမေရိကန် တို့ကတော့ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုနီးပါးဖြစ်သည့် ၂၀၀၃ ခုနှစ်ကတည်းက အောင်မြင်စွာ လုပ် ဆောင် ပြီး ဖြစ်ပါတယ်။
နောက်ပိုင်းဟာ တရုတ်ဟာ အာကာသအတွင်း လမ်းလျှောက်ခြင်း၊ အာကာသယာဉ်များ ဆိုက်ကပ်ခြင်း စသည့် ကိစ္စများကို သုတေသန လုပ်ဆောင်ခဲ့သည့်အပြင် လ နှင့် အင်္ဂါဂြိုဟ်တို့တွင် လူမဲ့ယာဉ် စေလွှတ်ခြင်းများကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

တရုတ်ဟာ နိုင်ငံတကာ အာကာသစခန်းတွင် ပူးပေါင်း ပါဝင်ဖို့ စိတ်ဝင်စားခဲ့ပေမယ့် အမေရိကန်၏ ကန့်ကွက်မှုကြောင့် မပါဝင်ခဲ့ရပါဘူး။
၂၀၁၁ ခုနှစ်မှာတော့ အမေရိကန်ဟာ FBI နှင့် လွှတ်တော်မှ ခွင့်ပြုချက်မပေးပါက တရုတ်အစိုးရ သို့မဟုတ် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ဖို့ NASA မှ အစိုးရရန်ပုံငွေများကို အသုံးပြုခြင်းမှ တားမြစ်သည့် ဥပဒေကို အတည်ပြုခဲ့ပါတယ်။
အကြောင်းအရင်းကတော့ တရုတ်အနေဖြင့် အာကာသ နှင့် ပတ်သက်သည့် နည်းပညာများကို စစ်တပ်သို့ လွှဲပြောင်းပြီး အကျိုးအမြတ် ရယူမှာ စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။
NASA ဟာ တရုတ်အရာရှိများကို ၎င်းနှင့် ဆက်စပ်သည့် နေရာများတွင် လက်ခံကျင်းပရန်အတွက် ရန်ပုံငွေ အသုံးပြုခြင်းကိုပင် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားနှင့် ပတ်သက်ပြီး အမေရိကန်ဟာ အနည်းငယ် စိုးရိမ်မှု ရှိခဲ့ပေမယ့် ၂၀၁၁ ခုနှစ်နောက်ပိုင်း NASA ၏ အာကာသ လွန်း ပြန်ယာဉ်များကို အနားပေးပြီးနောက်ပိုင်း ရုရှားအာကာသ အေဂျင်စီကိုသာ အသုံးပြုနေခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ရုရှားဟာ နိုင်ငံတကာ အာကာသစခန်း ISS မှ အပြီးတိုင် ထွက်ခွားသွားဖွယ် ရှိနေပါတယ်။

တရုတ်၏ အာကာသစခန်းသစ်တွင် Tianzhou-2 ကုန်တင် အာကာသယာဉ်ကို ပထမဆုံး ဆိုက်ကပ်နိုင်ခဲ့ကာ အမှုထမ်းများ အာကာသတွင်းသို့ လိုက်ပါစီးနင်းလာသည်မှာ ဒုတိယအကြိမ်အထိ ရှိလာပြီ ဖြစ်ပါတယ်။
အာကာသယာဉ်မှူများဟာ အာကာသစခန်းတွင် ၆ လခန့် နေထိုင်မှာ ဖြစ်ပြီး ဒါဟာ တရုတ် အာကာသယာဉ်မှူးများ၏ ၂၀၀၃ ခုနှစ် အာကာသ မစ်ရှင်အပြီး အကြာဆုံး နေထိုင်ရမယ့် မစ်ရှင်တခု ဖြစ်လာပါတယ်။
တရုတ်၏ အာကာသစခန်းသစ် ပြီးစီးသွားပါက နိုင်ငံတကာ အာကာသစခန်း ISS ၏ လေးပုံ တပုံလောက် ရှိမည်ဖြစ်ပြီး အ လေး ချိန်အားဖြင့် ၆၆ တန်လောက် ရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အာကာသစခန်းကို ၁၉၉၈ ခုနှစ်က စတင် လွှတ်တင်ခဲ့တာဖြစ်ပြီး စတင်လွှတ်တင်ခါစတွင် အလေးချိန် တန် ၄၅၀ ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။