တရုတ်နိုင်ငံရဲ့ ပထမဆုံး လွှတ်တင်ဖို့ စီစဉ်ထားတဲ့ အာကာသတွင်း တယ်လီစကုပ် အကြောင်း

Article Science

၂၀၂၄ ခုနှစ်ဝန်းကျင်လောက်မှာ တရုတ်နိုင်ငံရဲ့ ပထမဆုံးသော ကြီးမားတဲ့ အာကာသတွင်း တယ်လီစကုပ်ဟာ အာကာသ သိပ္ပံပညာရပ်ဆိုင်ရာ လုပ်ငန်းများ စတင်နိုင်တော့မယ်လို့ တရုတ် အာကာသ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

အဆိုပါ တယ်လီစကုပ်ကို Chinese Space Station Telescope (CSST) သို့မဟုတ် Xuntian ( survey to heavens သို့ ကောင်းကင်ဘုံကို လေ့လာခြင်း ဟု အဓိပ္ပါယ်ရ) Space Telescope ဟု ခေါ်ဝေါ်ကြပါတယ်။

နက္ခတ္တဗေဒ ပညာရှင်များအတွက် အာကာသအခြေပြု optical observatory တစ်ခုဖြစ်ပြီး အာကာသမှ ပုံရိပ်များနှင့် ယေ ဘုယျမြေပုံများ ပုံဖော်ခြင်းတို့ကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

၂၀၂၂ မကုန်မီ တည်ဆောက်ပြီးစီးဖို့ မျှော်လင့်ထားတဲ့ China Space Station ရဲ့ optical cabin အနေဖြင့် Xuntian တွင် အလင်းဝင်ပေါက် နှစ်မီတာရှိပြီး ခေတ်မီသော detectors များပါရှိပါတယ်။

၎င်းဟာ ၁၀ တန်ကျော် အလေးချိန်ရှိသော ဘတ်စ်ကား အရွယ်ရှိပြီး အရှည်က သုံးထပ် အဆောက်အဦးလောက် ရှိပါတယ်။

Xuntian ရဲ့ ရှေ့ပြေးပုံစံ နမူနာကို ဖော်ဆောင်နေတဲ့အကြောင်း

တရုတ်နိုင်ငံဟာ Xuntian ရဲ့ ရှေ့ပြေးပုံစံ နမူနာ ပဏာမ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်တွေကို အဆက်မပြတ် လုပ်ဆောင်လျှက်ရှိပြီး တိုးတက်မှုနှင့်အတူ ဆက်လက် တီထွင်လျှက်ရှိတယ်ဟု တရုတ်သိပ္ပံ အကယ်ဒမီ (CAS) ရဲ့ ပြောကြားချက်အရသိရပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ က Tiangong အာကာသစခန်း ပုံစံအား ကွန်ပျူတာဖြင့် ပုံဖော်ထားပုံ

Xuntian optical facility ရဲ့ အဓိကသိပ္ပံပညာရှင် Zhan Hu က “Xuntian အာကာသတယ်လီစကုပ်တွင် အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။

တစ်ခုက Xuntian အလင်းကြည့်ကိရိယာဖြစ်ပြီး နောက်တစ်ခုက Xuntian Platform ဖြစ်ပါတယ်။ စနစ်ခွဲများစွာ ရှိသည့် မှန်ပြောင်းတစ်ခုဖြစ်တယ်” ဟု ပြောကြားခဲ့ပါတယ်။

ပထမမျိုးဆက် Xuntian အာကာသကြည့် တယ်လီစကုပ်တွင် Xuntian module၊ terahertz module၊ multichannel imager၊ integral field spectrograph နှင့် extrasolar planetary imaging coronagraph တို့အပါအဝင် စူးစမ်း လေ့ လာရေး ကိရိယာ ငါးခုပါရှိပါတယ်။

၎င်းတို့ထဲကမှ မြင်ကွင်း ကျယ်ကျယ်ရှိတဲ့ ကင်မရာဖြစ်သည့် Xuntian module ဟာ စူးစမ်း လေ့လာမှု အတွက် အဓိက အကျဆုံးဖြစ်ပါတယ်။

CAS ရဲ့ National Astronomical Observatories မှ Xuntian optical facility ရဲ့ ဒီဇိုင်နာနှင့် သုတေသီ အကြီးအကဲ Xu Shuyan က ၎င်းတို့ရဲ့ အဖွဲ့ဟာ Xuntian ရဲ့ စနစ်ခွဲများ၊ အစိတ်အပိုင်းများနှင့် ယူနစ်များ အားလုံးကို တီထွင် ပြီးစီးပြီ ဖြစ် ကြောင်း CMG သို့ ပြောကြားခဲ့ပါတယ်။

ယခုအခါ ၎င်းတို့ အနေနဲ့ Xuntian ရဲ့ အနာဂတ် အာကာသ လွှတ်တင်ခြင်း အတွက် ပူးတွဲ စမ်းသပ်ဖို့ ပြင်ဆင်နေကြပါပြီ။

ဒါ့အပြင် Xuntian ဟာ ပုံမှန်လေ့လာ စောင့်ကြည့်မှုများ အတွင်း အာကာသစခန်းကဲ့သို့ ပတ်လမ်း အတွင်း အမှီအခို ကင်းစွာ ပျံသန်းနိုင်ပါတယ်။

Hubble တယ်လီစကုပ်

Xuntian ဟာ Hubble Space Telescope ထက် အဆ ၃၀၀ ပိုကောင်းတဲ့ မြင်ကွင်း ပါရှိပြီး ကြည်လင် ပြတ်သားမှုကို ထိန်းထားပါတယ်။

CSST ဟုလည်းသိကြသော Xuntian အာကာသကြည့် မှန်ပြောင်းဟာ ၂၀၃၅ မတိုင်မီ ဆယ်စုနှစ် အတွင်း နက္ခတ္တဗေဒ အ တွက် အကြီးဆုံး အာကာသကြည့်မှန်ပြောင်း ဖြစ်လာဖွယ်ရှိကြောင်း CSST Optical Facility မှ ပရောဂျက်ပညာရှင် Zhan Hu က ပြောကြားခဲ့ပါတယ်။

CSST Scientific Data Reduction System ရဲ့ အခြား ပရောဂျက်ပညာရှင် Li Ran က CSST ဟာ ထောင်ပေါင်းများစွာသော ပုံရိပ်များကို မြင်နိုင်ပြီး၊ အားလုံးမှာ တူညီသော ကြည်လင် ပြတ်သားမှုဖြင့် မြင်နိုင်တယ်ဟု ဆိုပါတယ်။

Xuntianဟာ ကြီးမားသော ၂.၅ ဘီလီယံပစ်ဇယ်ကင်မရာဖြင့် ၁၀ နှစ်တာ ကာလအတွင်း အာကာသ ကောင်းကင်ယံရဲ့ ၄၀ ရာခိုင်နှုန်း အထိ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းဟာ တရုတ်နိုင်ငံရဲ့ အာကာသစခန်းနှင့် ကမ္ဘာကို လှည့်ပတ်နေသော စခန်းများသို့ အခါအားလျော်စွာ ဆိုက်ကပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးအနေနဲ့ Xuntian ရဲ့ အာကာသ အလင်းကြည့် လေ့လာရေးဌာနအဖြစ် မစ်ရှင်မှာဆိုရင် စကြဝဠာ၊ ဂလက်ဆီများ ဖွဲ့ စည်းပုံနှင့် ဆင့်ကဲဖြစ်စဉ်တို့ကို စူးစမ်းလေ့လာခြင်း တို့လည်း ပါဝင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 22/6/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *