တရုတ်၏ ရေငုပ် ဒရုန်းပျံ ဆိုသည့်ယာဉ်

Article Military

တရုတ် သိပ္ပံပညာရှင်များဟာ မောင်းသူမဲ့ ရေငုပ် ဒရုန်းပျံ တခုကို တီထွင်ခဲ့ပုံပေါ်တယ် လို့ Maritime warfare news တွင် ဖော်ပြလာပါတယ်။

ယခုအချိန်အထိတော့ တရုတ်၏ သတင်းရင်းမြစ်များတွင် ဒရုန်းသစ်ဟာ လေယာဉ်တင် သင်္ဘောတွေကို တိုက်ခိုက်ဖို့ ဈေးအသက်သာဆုံးနှင့် ထိရောက်မှု အရှိဆုံး စနစ်တခု ဖြစ်တယ်လို့သာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း သုတေသန အဖွဲ့တဖွဲ့ဟာ လေထဲတွင် လျှင်မြန်စွာ ပျံသန်းနိုင်သည့် ရေငုပ်ဒရုန်းပျံ၏ ရှေ့ပြေးပုံစံကို တီထွင် စမ်းသပ်ခဲ့ကြောင်း အခိုင်အမာ ဆိုပါတယ်။

ကျွမ်းကျင်သူများကတော့ အလိုအလျှောက်စနစ်ဖြင့် ထိန်းချုပ်နိုင်တဲ့ အဆိုပါယာဉ်ဟာ မိုင်းရှာခြင်းကဲ့သို့ စစ်ဘက်သုံးနှင့် အရပ်ဘက်သုံး ကဏ္ဍ ၂ မျိုးတွင် အသုံးပြုနိုင်မယ်လို့ သုံးသပ်ကြပါတယ်။

ဒရုန်းဟာ ရေအောက်ပစ်မှတ်ကို ဖြေးညှင်းစွာ ချဉ်းကပ်နိုင်ပြီး ပန်ကာ ၄ ခုဖြင့် တွန်းအားပေးနိုင်ကာ ထိုအထဲမှ ၂ ခုကို ရှေ့မှာ တပ်ဆင်ထားပြီး ဦးတည်ရာ အမျိုးမျိုးကို‌ ပြောင်းလဲနိုင်ဖွယ်ရှိနေပါတယ်။

ရေပြင်ပေါ်သို့ တက်လာတဲ့ အခါမှာတော့ ဖြန့်နိုင်သည့် တောင်ပံနှစ်ခုကို အသုံးပြုကာ တနာရီကို ၇၄.၆ မိုင်နှုန်းလောက်ဖြင့် ပျံသန်းနိုင်ဖွယ် ရှိနေပါတယ်။

ဒရုန်းဟာ တောင်ပံဖြင့် ပျံသန်းတဲ့ အချိန်မှာ စွမ်းအင် အနည်းငယ်သာ အသုံးပြုပြီး လျှင်မြန်စွာ ပျံသန်းနိုင်ကာ တာဝေး စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်မယ် လို့

စီမံကိန်းကို ဦးဆောင်သူ လေကြောင်းနှင့် အာကာပညာ တက္ကသိုလ်၏ ပါမောက္ခ Ang Haisong က ပြီးခဲ့သည့် ဇွန်လ အ တွင်း Unmanned Systems Technology ဂျာနယ်တွင် ဖော်ပြခဲ့သည့် ၎င်း၏ စာတမ်းတွင် ပြောထားပါတယ်။

SCMP တွင် ဖော်ပြခဲ့သည့် Nanjing University of Aeronautics and Astronautics မှ ရေငုပ် ဒရုန်းပျံ တစင်း ပျံသန်းနေပုံ

Shaanxi ပြည်နယ်ရှိ Northwestern Polytechnical တက္ကသိုလ်တွင် အလားတူ နည်းပညာကို လေ့လာနေသည့် သုတေသီ တဦးကလည်း တရုတ်ဟာ ရေထဲနှင့် လေထဲမှာ သွားလာနိုင်သည့် “transmedia vessels” ခေါ် ဒရုန်းပေါင်း‌ မြောက်များစွာ တီထွင်နေတယ်လို့ ဆိုပါတယ်။

“၎င်းတို့ဟာ စစ်ဘက်ဆိုင်ရာ အသုံးချဖို့ဖြစ်ပြီး အချို့ဟာ အသံထက်မြန်အောင်တောင် ပျံသန်းနိုင်တယ်” လို့ အမည်မဖော်လိုတဲ့ သုတေသီ တဦးက တရုတ်ပိုင် SCMP သတင်းဌာနကို ပြောခဲ့ပါတယ်။

ထိုသုတေသီဟာ ယခု ဒရုန်းတီထွင်မှုတွင် မပါဝင်ပေမယ့် နည်းပညာကို လျှို့ဝှက်ထားဖို့ ၎င်းရဲ့ နာမည်ကို ပြောဆိုဖို့ ငြင်းဆို ခဲ့ပါတယ်။

တကယ်လို့ ဒါဟာ တကယ်ကို အလုပ်နိုင်စွမ်း ရှိပါက သင်္ဘောများကို တိုက်ခိုက်ရာမှာ အလွန် အစွမ်းထက်နိုင်ပြီး ကာကွယ်ဖို့ ခက်ခဲနိုင်ပါတယ်။

Shandong ပြည်နယ် Yantai ရေတပ်လေကြောင်း တက္ကသိုလ်မှ ပါမောက္ခ Ji Wanfeng က ကာကွယ်ရေး စနစ် အလွှာများစွာပါဝင်တဲ့ ပြိုင်ဘက်တွေရဲ့ စစ်သင်္ဘောတွေဟာ ချဉ်းကပ်လာတဲ့ လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ ဒရုန်းတွေရဲ့ တဝက်ကျော် ကို ချေမှုန်းနိုင်စွမ်း ရှိတယ်လို့ ပြောပါတယ်။

သို့ပေမဲ့ “transmedia vessel” လို ဒရုန်းတွေဟာ ရေဒါတွေကို ရှောင်ရှားနိုင်ပြီး ရေအောက်ထောက်လှမ်းရေး ဆိုနာတွေကိုလည်း ရေပေါ်တက်ပြီး ရှောင်တိမ်းနိုင်တယ်လို့ ဆိုပါတယ်။

Ji အဆိုအရ ယခုလို ဒရုန်း အနည်းငယ်လောက်ကတောင် စစ်သင်္ဘောရဲ့ ကွန်ပျူတာ စနစ်တွေကို လွှမ်းမိုးနိုင်သလို ၎င်းတို့ကို ရှုပ်ထွေးအောင် လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

အမေရိကန် လေယာဉ်တင် သင်္ဘောအုပ်စု

တရုတ်နိုင်ငံထုတ် Electronics Optics & Control ဂျာနယ်တွင် ဖော်ပြခဲ့သည့် အချက်အလက်အရ transmedia vessel များဟာ တနာရီ ၉၃ မိုင် အထက် အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး ၆၂ မိုင် အကွာအဝေးမှ စတင်စေလွှတ်ပါက လွှတ်မြောက်နိုင်စွမ်း ၁၀၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

ယခု ယာဉ်အသစ်၏ ဝမ်းဗိုက်အတွင်းမှာ အိတ်တခုပါဝင်ကာ ရေဖြည့်တင်းထားနိုင်ပြီး ပန်ကာများနှင့် ဆူညံသံများ မထွက်စေဘဲ တိကျသည့် အနက်မှာ ဆင်းသက်နေနိုင်တယ်လို့လည်း ပြောပါတယ်။

၎င်းတွင် ရေငုပ်သင်္ဘောနှင့် ဆင်တူသည့် ကိုယ်ထည် ပါဝင်သည့်အတွက် ရေထဲတွင် လျှင်မြန်စွာ သွားလာနိုင်ပေမယ့် လှိုင်းများကြောင့် ပျံသန်းသည့် လုပ်ငန်းစဉ်ကို မတည်မငြိမ် ဖြစ်စေမှုတွေ ကြုံတွေ့ စေတယ်လို့ ဆိုပါတယ်။

ဒါကို ဖြေရှင်းနိုင်ဖို့ ၎င်းတို့ဟာ ခေတ်မှီ ထိန်းချုပ်ရေး စနစ်တခုကို ဖန်တီးကာ ကျော်လွှားနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဖြစ်မြောက်လာနိုင်မလား

ဆိုဗီယက် ကျောင်းသားတဦး ဖြစ်တဲ့ Boris Ushakov ဟာ ၁၉၂၀ ခုနှစ်များမှာ တော်ပီဒို တပ်ဆင်ထားပြီး တစိတ်တပိုင်း ရေငုပ်နိုင်တဲ့ ထောက်လှမ်းရေး ရေငုပ်လေယာဉ် တစင်းကို ဖန်တီးဖူးပါတယ်။

ဒါပေမယ့် ရေအောက်ကို ငုပ်လျှိုးဖို့ လိုအပ်တဲ့ ပစ္စည်းများဟာ လေးလံတာကြောင့် ဆိုဗီယက်ဟာ ဒီအစီအစဉ်ကို စွန့်လွှတ်ခဲ့ပါတယ်။

အလားတူ ပထမဆုံး ရေငုပ်နိုင်တဲ့ လေယာဉ်ပျံကို အမေရိကန် ကာကွယ်ရေး ကန်ထရိုက်တာ ဖြစ်တဲ့ Donald Reid က ၁၉၆၀ ခုနှစ်များမှာ ဖန်တီးခဲ့ပါသေးတယ်။

အမေရိကန် Arleigh Burke အတန်းအစား ဖျက်သင်္ဘော တစင်း

အမေရိကန်ဟာ အလားတူ စီမံကိန်းပေါင်း‌ မြောက်များစွာကို စမ်းသပ်ပြီး ဖြစ်ကာ အဓိက စီမံကိန်းများဟာ ယခုအချိန်ထိ ထွက်ပေါ်မလာပါဘူး။

ဒါဟာ လျှို့ဝှက်စီမံကိန်းများ ဖြစ်နိုင်တဲ့အတွက် တရုတ်ဟာ ဒီစီမံကိန်းများမှ အချက်အလက်အချို့ ရရှိသွားတာလည်း ဖြစ်နိုင်ပါတယ်။

အမေရိကန်၏ လေယာဉ်တင်သင်္ဘောနှင့် ၎င်း၏ ဖျက်သင်္ဘောများတွင် အလွန် အစွမ်းထက်တဲ့ ကာကွယ်ရေး စနစ်များ ရှိနေသည့်အပြင် ယခုလို ရေငုပ်ဒရုန်းပျံများကို ကိုယ်တိုင် ဖန်တီးခဲ့တာ ဖြစ်တဲ့အတွက် ၎င်းတို့ကို ခြိမ်းခြောက်နိုင်တဲ့ ရေငုပ်ဒရုန်းပျံ ဆိုတာဟာ ပြောဖို့ စောလွန်းနေပါသေးတယ်။

ဒီနည်းပညာဟာ အသစ်အဆန်း မဟုတ်ပေမယ့် တရုတ်သိပ္ပံပညာရှင်များအတွက်တော့ ဒီထက်ကောင်းတဲ့ နည်းပညာများကို ဖန်တီးနိုင်ဖို့ အတွေ့အကြုံတခုတော့ ရစေမှာပါ။

၎င်းတို့ အတော်လေး အားစိုက်ခဲ့တဲ့ Drone Swarm လို့ခေါ်တဲ့ အစုလိုက် အပြုံလိုက် နည်းပညာကတော့ ဖွံ့ဖြိုးတိုးတက်မှု မပြီးခင်မှာဘဲ ခေတ်နောက်ကျသွားပြီး ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 10/8/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *