Elon Musk ၏ Starlink ကို ပြိုင်ဆိုင်ဖို့ ဂြိုဟ်တု အင်တာနက် ကွန်ယက် ဖန်တီးတော့မယ့် တရုတ်နိုင်ငံ

News Tech

တရုတ်ဟာ ဂြိုဟ်တုပေါင်း ထောင်ချီပါဝင်တဲ့ 5G ကွန်ယက် စနစ်ကို လာမယ့် ၃ လအတွင်းမှာ စတင် ဖန်တီးတော့မယ်လို့ နိုင်ငံပိုင် မီဒီယာများကိ ဖော်ပြလာပါတယ်။

အဲဒီ့အတွက် ပထမဆုံး အသုတ်ဖြစ်တဲ့ ကုန်ကျစရိတ်သက်သာပြီး စွမ်ဆောင်ရည်မြင့်မားတဲ့ ဆက်သွယ်ရေး ဂြိုဟ်တု ၆ လုံးကို စမ်းသပ်ထုတ်လုပ်ပြီး ဖြစ်ကာ လွှတ်တင်ဖို့ နေရာသို့ ရောက်ရှိနေပြီလို့ ဆင်ဟွာ သတင်းက ဖော်ပြခဲ့တာပါ။

ဒီစီမံကိန်းရဲ့ နောက်ကွယ်မှ ဘေဂျင်း အခြေစိုက် GalaxySpace က ဆောင်ရွက်နေတာဖြစ်ပြီး ကမ္ဘာအနှံ့ကို ဒီကွန်ယက်ကို တိုးချဲ့ကာ Elon Musk ၏ SpaceX ကုမ္ပဏီမှ လွှတ်တင်ထားတဲ့ Starlink အင်တာနက် ဂြိုဟ်တုစနစ်ကို ယှဉ်ပြိုင်လိုတယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ အင်တာနက် ဂြိုဟ်တု ကွန်ယက်စနစ်ဟာ လက်ရှိတွင် ဂြိုဟ်တု ၂ ထောင်လောက် လွှတ်တင်ထားပြီး ပြီးဆုံးတဲ့အချိန်တွင် ဂြိုဟ် တု ၄ ‌သောင်း ၂ ထောင်လောက်အထိ ရှိမယ့် Starlink ထက်တော့ အရေအတွက် နည်းပါးဦးမှာ ဖြစ်ပါတယ်။

အရေအတွက် နည်းပါးပေမယ့် တရုတ်ဟာ ၎င်း၏ ကွန်ယက်ကို 5G စနစ်အား အသုံးပြုမှာဖြစ်ပြီး ဂြိုဟ်တု ၁ ထောင်လောက်အထိ လွှတ်တင်သွားဖွယ် ရှိပါတယ်။

ဒီစီမံကိန်းတွင် ပါဝင်တဲ့ သိပ္ပံပညာရှင်များ၏ အဆိုအရ ကွန်ယက်မှ 500mbps ထက် ပိုတဲ့ အမြန်နှုန်းနှင့် latency အနည်းဆုံး ပံ့ပိုးပေးနိုင်တဲ့အတွက် စတော့၊ ငွေကြေးနှင့်ရွှေ ကစားတဲ့ ကိစ္စများအတွက် အလွန်အဆင်ပြေစေမယ်လို့ ဆိုပါတယ်။

Starlink ဟာ လက်ရှိမှာ 100Mbps အမြန်နှုန်းဖြင့် အရပ်ဖက် အသုံးပြုဖို့ ထောက်ပံ့ပေးနိုင်ပြီး ၎င်းဟာ 5G စနစ်ကို မတူညီတဲ့ နည်းပညာဖြင့် အသုံးပြုထားပါတယ်။

အနာဂါတ်တွင် Elon Musk ရဲ့ Starlink ဟာ 6G ကွန်ယက်စနစ်အထိ ဝန်ဆောင်မှု ပေးနိုင်ဖို့ရာအတွက် အလားအလာရှိနေပါတယ်။

စီးပွားရေး ပြိုင်ဖက်အဖြစ်သာမက ဘေဂျင်းဟာ Starlink အနေဖြင့် အမေရိကန်စစ်တပ်နှင့် ဒေါ်လာ သန်းပေါင်းများစွာ စာချုပ်ချုပ်ဆိုထားတဲ့အတွက် တရုတ်ရဲ့ အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုရှိတယ်လို့ ရှုမြင်ထားပါတယ်။

ဒါဟာ အင်တာနက်ကို ထိန်းချုပ်ထားတဲ့ တရုတ်နိုင်ငံ အတွင်းမှာ Starlink ကွန်ယက်ကို အသုံးမပြုစေချင်တာလည်း ဖြစ်နိုင်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း တရုတ် အမျိုးသား ကာကွယ်ရေး နည်းပညာ တက္ကသိုလ်မှ သုတေသီများ၏ တွက်ချက်မှုအရ Starlink ကြောင့် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုဆက်သွယ်ရေး အမြန်နှုန်းကို 5Mbps မှ 500Mbps အထိ တိုးမြင့်စေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းတို့မှ လက်ရှိ ဂြိုဟ်တုဖျက် လက်နက် နည်းပညာများဟာ Starlink လို အရေအတွက်ရှိတဲ့ ဂြိုဟ်တုပေါင်းများစွာကို ဖျက်ဆီးဖို့ မဖြစ်နိုင်တာကို တွေ့ရှိထားတယ်လို့ သတိပေးနေပါတယ်။

တရုတ်အာကာသ နည်းပညာ အကယ်ဒမီမှ GalaxySpace ၏ စီမံကိန်းတွင် ပါဝင် လုပ်ဆောင်နေတဲ့ အာကာသဆိုင်ရာ အင်ဂျင်နီယာ ကျူးခိုင်တင်က Elon Musk အနေဖြင့် တနေ့ကို ဂြိုဟ်တု ၆ လုံးလောက် ထုတ်လုပ်နိုင်တဲ့ အတွက် တရုတ်စီမံကိန်းဟာ ၎င်းကို မှီဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

၎င်းဟာ တရုတ်အနေဖြင့် ယခုအခါ ဂြိုဟ်တုတွေကို ဘယ်လောက် မြန်မြန် တည်ဆောက်နေလဲ ဆိုတာ မပြောခဲ့ပေမယ့် ၂၀၂၁ အောက်တို ဘာ လ အတွင်း တရုတ်ပြည်တွင်း အာကာသစက်မှုစီမံ ဂျာနယ်တွင် ထုတ်ဝေခဲ့သည့် စာတမ်းတွင် Starlink ဟာ တရုတ်ဂြိုဟ်တု ထုတ်လုပ်ရေးကို ၃ ပုံ ၁ ပုံလောက် ပိုပြီး မြန်ဆန်အောင် လုပ်ဆောင်ဖို့ ဖိအားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်ဟာ ဂြိုဟ်တုအသစ်များအတွက် အစိတ်အပိုင်းများကို အာကာသ စီမံကိန်းတွင် ယခင်က မပါဝင်ခဲ့သည့် ပုဂ္ဂလိက ကုမ္ပဏီများကပါ ထုတ်လုပ်ပေးနေပြီး ကုန်ကျစရိတ်ကို ၈၀ ရာခိုင်နှုန်းလောက်အထိ လျော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျူး က Starlink နှင့် ပြိုင်ဆိုင်ဖို့အတွက် နည်းပညာ ရှုပ်ထွေး၊ ပြိုင်ဆိုင်မှု ပြင်းထန်၊ သတ်မှတ်ရက်နည်းလွန်းပြီး အလုပ်လုပ်ရသည့် ပမာ ဏ ကြီးမားတဲ့အတွက် တရုတ် အာကာသစက်မှု လုပ်ငန်းမှာ ဖိအားအကြီးကြီး ရှိနေခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၀ ခုနှစ် အစောပိုင်းမှာ GalaxySpace ဟာ သုတေသနဂြိုဟ်တု တလုံးကို လွှတ်တင်ခဲ့ပြီး ၎င်းတို့အတွက် အကြီးမားဆုံး အခက်အခဲဟာ ရာသီဥတု ဖြစ်တယ်လို့ ဆက်သွယ်ရေးနည်းပညာ ပညာရှင် လီကျင်းချန်က ပြောပြပါတယ်။

Starlink ဟာ ရာသီဥတု ဆိုးဝါးပါက လိုင်းနှေးခြင်းနှင့် ပြတ်တောက်ခြင်းများ ရှိနိုင်တယ် ဆိုပေမယ့် အဆိုးဆုံးအနေအထားမှာတောင် 80Mbps အမြန်နှုန်းအထိ ထိန်းထားနိုင်တာကို တွေ့ခဲ့ရတယ်လို့ လီက ပြောပါတယ်။

တရုတ်နိုင်ငံပိုင် အာကာသ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ တရုတ် အာကာသသိပ္ပံနှင့်နည်းပညာ ကော်ပိုရေးရှင်း နှင့် တရုတ်အာကာသ သိပ္ပံနှင့် စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းတို့ဟာလည်း ၎င်းတို့၏ ကမ္ဘာအနှံ့ အင်တာနက် ဝန်ဆောင်မှု စီမံကိန်းများဖြစ်တဲ့ Hongyan နှင့် Hongyun တို့ကို စတင်ပြီး ဖြစ်ပါတယ်။

မတူညီတဲ့ အမြင့်နှင့် ကြိမ်နှုန်းမှာ အလုပ်လုပ်မယ့် အဆိုပါ ဂြိုဟ်တုများဟာ Starlink ထက် သေးငယ်ပြီး Hongyan ဂြိုဟ်တု အစုအဝေးဟာ ၃၂၄ လုံးလောက်ရှိကာ Hongyun မှာတော့ ၁၅၆ လုံးလောက် ပါဝင်မှာပါ။

၎င်းတို့အဆိုအရ Starlink ကဲ့သို့ ကြီးမားတဲ့ ဂြိုဟ်တု အစုအဝေးကြီးမျိုး နောက်တခုကို ကမ္ဘာ့ပတ်လမ်းနိမ့်မှာ တည်ဆောက်ပါက အချင်း ချင်း ထိခိုက်နိုင်ချေရှိလို့ အဲဒီလောက်တော့ တိုးချဲ့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

၂၀၂၁ ခုနှစ်အတွင်းက တရုတ်ဟာ ၎င်း၏ အာကာသစခန်းဟာ Starlink ဂြိုဟ်တုနှစ်လုံးနှင့် တိုက်မိလု ဖြစ်ခဲ့တယ်လို့ ကုလသမ္မဂကို အရေးဆိုခဲ့ပေမယ့် Elon Musk ကတော့ ငြင်းဆိုခဲ့ပြီး

ကမ္ဘာ့ပတ်လမ်း နိမ့်အတွင်းမှာ ဂြိုဟ်တု အရေအတွက် သန်းထောင်ချီ လွှတ်တင်နိုင်လောက်အောင် နေရာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *