ကိုကာကိုလာ ကုမ္ပဏီဟာ အဖုံးနှင့် အညွှန်းမှ လွဲပြီး ပုလင်းခွံတခုလုံးကို အပင်ကို အခြေခံထားသည့် ပလတ်စတစ်ကို အသုံးပြုထားသည့် ၎င်း၏ ပထမဆုံးသော ဖျော်ရည်ပုလင်းကို ထုတ်ဖော်ပြသခဲ့ပြီး စီးပွားဖြစ် အတိုင်းအတာ အနေဖြင့် ထုတ်လုပ်နိုင်တော့မယ်လို့ သိရပါတယ်။
ဒီ ရှေ့ပြေးပုံစံ ဖျော်ရည်ပုလင်းဟာ ကုမ္ပဏီ၏ PlantBottle ဟုခေါ်သည့် ၃၀ ရာခိုင်နှုန်းလောက် အပင်မှ ထွက်ရှိသည့် ပစ္စည်းများဖြင့် ထုတ် လုပ်ထားသည့် ပထမဆုံး ပြန်လည် အသုံးပြုနိုင်သည့် PET ပလတ်စတစ် ပုလင်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်က မိတ်ဆက်ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကျန်တဲ့ ပုလင်းကိုထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်း ၇၀ ရာခိုင်နှုန်းကတော့ ဆီကိုအခြေခံသော အရင်းအမြစ်မှ ရရှိတဲ့ terephthalic acid (PTA) ဖြစ်ပါတယ်။
PlantBottle ဟာ ယခင် သမားရိုးကျ အသုံးပြုနေကျ PET ပုလင်းများနှင့် ပုံပန်း သဏ္ဍာန်၊ လုပ်ဆောင်မှု နှင့် ပြန်လည် အသုံးပြုနိုင်ခြင်းများ တူညီသော်လည်း ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေ အများကြီး လျော့နည်းစေပါတယ်။
ဒီရှေ့ပြေးပုံစံ ပုလင်းကို အပင် အခြေခံသည့် ပလတ်စတစ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် Virent ၏ လုပ်ငန်းစဉ်မှ paraxylene (bPX) ကို terephthalic acid (bPTA) သို့ ပြောင်းလဲပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ပုလင်းအတွက် လိုအပ်သည့် bPX ကိုတော့ ပြောင်းဖူးမှ ရရှိသည့် သကြားကို အသုံးပြုထားတာဖြစ်ပါတယ်။
ဒုတိယ အောင်မြင်တဲ့ နည်းပညာကတော့ အပင် အခြေပြု Monoethylene Glycol (bMEG ) ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို ပိုမို ချောမွေ့စေပြီး ပြင်လွယ်ပြောင်းနိုင်သည့် လောင်စာကို အသုံးပြုနိုင်သောကြောင့် ပြန်လည် ပြည့်ဖြိုးမြဲ ပစ္စည်း အမျိုးအစားများကို ပိုမို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် bMEG ကို ကြံ သို့မဟုတ် ပြောင်းဖူးမှ တဆင့် ဘိုင်အို အီသနော Bioethanol သို့ အလယ် အလတ် အဖြစ် ပြောင်းလဲပြီး နောက်ပိုင်းမှာတော့ ဘိုင်အို အီသိုင်လင်း ဂလိုင်ကော Bioethylene glycol သို့ ပြောင်းလေ့ရှိတာပါ။
အခုတော့ သကြားရင်းမြစ်များမှ MEG ကို တိုက်ရိုက် ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ပိုမို ရိုးရှင်းသော လုပ်ငန်းစဉ်ဖြင့် ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။
UPM ဟာ လက်ရှိတွင် လွှစက် နှင့် အခြား သစ် အချောထည် စက်ရုံများမှ ပိုလျှံပစ္စည်းများကို အသုံးပြုပြီး bMEG အဖြစ် အသုံးပြုမယ့် အ သိအမှတ်ပြု သစ်မာတုံးများ ထုတ်လုပ်ရန်အတွက် ဂျာမနီတွင် အပြည့်အဝ လည်ပတ်နိုင်မယ့် စက်ရုံ တခုကို တည်ဆောက်နေပါတယ်။
ကုမ္ပဏီကတော့ ၎င်းတို့ရဲ့ နည်းပညာကို စီးပွားဖြစ် အတိုင်းအတာ အထိ ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ်။
ဥရောပနှင့် ဂျပန်နိုင်ငံတို့တွင် ကုမ္ပဏီဟာ ဆီကို အခြေပြုထားသည့် virgin PET ပလတ်စတစ် ပုလင်းများကို ၂၀၃၀ တွင် ထုတ်လုပ်မှု ရပ်ဆိုင်းပြီး recycle လုပ်ထားသည့် ပုလင်းများနှင့် ပြန်လည် ပြည့်ဖြိုးမြဲ ပစ္စည်းများကိုသာ အသုံးပြုဖို့ စီစဉ်ထားပါတယ်။
ပထမအဆင့်အနေဖြင့် ကုမ္ပဏီဟာ ရှေ့ပြေးပုံစံ ပုလင်းပေါင်း ၉၀၀ ခန့်ကို အကန့်အသတ်ဖြင့် ထုတ်လုပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။