Comanche သို့မဟုတ် ခေတ်သစ် ရေဒါပျောက် ရဟတ်ယာဉ်များ၏ ဖခင်

Knowledge

ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင် ၁၀ နှစ်လောက်အလို ၁၉၈၀ ခုနှစ်များ အစောပိုင်းမှာ အမေရိကန်နှင့် လက်နက်ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

ထို့ကြောင့် အမေရိကန်ဟာ လက်ရှိအသုံးပြုနေတဲ့ အပေါ့စားတိုက်ခိုက်ရေး နှင့် ကင်းထောက် ရဟတ်ယာဉ်များကို အစားထိုးရန်အတွက် Light Helicopter Experimental LHX ဆိုတဲ့ စီမံကိန်းကို စတင်ခဲ့ပါတယ်။

အဓိကကတော့ ဗီယက်နမ် စစ်မြေပြင်မှာ အသုံးတော်ခံခဲ့တဲ့ UH-1, AH-1, OH-6 နှင့် OH-58 ရဟတ်ယာဉ်များကို အစားထိုးဖို့ဖြစ်ပါတယ်။

အဲဒီ့ဆယ်စုနှစ်အကုန် ၁၉၉၁ ခုနှစ်မှာပဲ အမေရိကန်ဟာ အဆိုပါ စီမံကိန်းအတွက် Boeing-Sikorsky နှင့် Bell-McDonnell Douglas တို့ဟာ ဆန်ကာတင် အရည်အချင်းပြည့်မှီတာကြောင့် ဒီကုမ္ပဏီ ၂ ခုကို နောက်ထပ် ဒီဇိုင်းများ ဖန်တီးစေပြီးနောက် ၁၉၉၁ မှာ Boeing-Sikorsky ဟာ ဒေါ်လာ ၂.၈ ဘီလီယံတန်ဖိုးရှိတဲ့ ဒီရဟတ်ယာဉ်ရဲ့ ရှေ့ပြေးပုံစံ ၆ စီးထုတ်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

OH-6 နှင့် OH-58

ဒီလေယာဉ်ကို RAH-66 Comanche လို့ခေါ်ကာ ကင်းထောက်နှင့် အပေါ့စားတိုက်ခိုက်ရေး တာဝန်ကိုထမ်းဆောင်ဖို့ဖြစ်ပြီး ရန်သူ့နယ်မြေထဲသို့ ဝင်ရောက်၍ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ မြေပြင်တပ်တွေကို ထောက်လှမ်းရမယ့်အပြင် တိုက်ခိုက်မှုတွေပါ လုပ်ဆောင်နိုင်မှာပါ။

အမေရိကန် ကြည်းတပ်၏လိုအပ်ချက်အရ ဒီရဟတ်ယာဉ်သစ်ဟာ အပေါ့စားသံချပ်ကာယာဉ်များကို ရင်ဆိုင်နိုင်ပြီး ပိုပြီးရင်ဆိုင်ဖို့ ခက်ခဲတဲ့ AH-64 Apache လိုမျိုး အစွမ်းထက်တဲ့ ရန်သူ့ရဟတ်ယာဉ်များကိုပါ ထောက်လှမ်းပေးရမှာပါ။

RAH-66 ရဲ့ အဓိက လိုအပ်ချက်ကတော့ လက်ရှိအသုံးပြုနေတဲ့ ကင်းထောက်လေယာဉ်များထက် လွတ်မြောက်နိုင်စွမ်း မြင့်မားရမှာပါ။

ဒါ့ကြောင့် ဒီလေယာဉ်ကို အဲဒီ့အချိန်က တာဝန်ထမ်းဆောင်နေတဲ့ F-117 Nighthawk ရေဒါပျောက်လေယာဉ်မှာ အသုံးပြုထားတဲ့ ဒီဇိုင်းကိုသုံးကာ လေကာတွေ၊ တခြားရဟတ်ယာဉ်တွေက ပစ်ခတ်မှုတွေကို ရှောင်ရှားဖို့ တည်‌ဆောက်ခဲ့ပါတယ်။

ကုမ္ပဏီဟာ ဒီလေယာဉ် ရှေ့ပြေးပုံစံ ၂ စီးကို ထုတ်လုပ်ခဲ့ပြီး F-117 ၏ ရေဒါလှိုင်းပြန် မျက်နှာပြင်မျိုး ဒီဇိုင်းဆွဲ ထားပါတယ်။

ရေဒါလှိုင်းကို စုပ်ယူနိုင်တဲ့ ပေါင်းစပ်သတ္တုများနှင့် တည်ဆောက်ထားတဲ့အတွက် ရန်သူ့ရေဒါမှ ဖမ်းယူနိုင်စွမ်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

UH-1 နှင့် AH-1

ဒါ့ပြင် အိပ်ဇောကို အမြှီးပိုင်းမှာမြှုပ်နှံပြီးတပ်ဆင်ထားတဲ့အတွက် infrared or heat အပူသို့မဟုတ် အနီအောက်ရောင်ခြည်ဖြင့် ရှာဖွေခံရနိုင်ခြေနည်းပါတယ်။

ရဟတ်ယာဉ်ဒလတ်ကိုလည်း အောက်ကို လှန်ထားတဲ့အတွက် လေယာဉ်မှဆူညံသံကိုလျှော့ချပေးပြန်ပါတယ်။

Comanche ရဟတ်ယာဉ်ကို အဲဒီ့ခေတ်က ခေတ်အမှီဆုံး ရေဒါသတိပေးစနစ်တွေ၊ အီလက်ထရောနစ်စစ်ပွဲ စနစ်တွေ၊ ဒုံးကျည်ကာကွယ် ရေး မီးကျည်တွေတပ်ဆင်ထားပြီး မောင်းနှင်သူတွေမထိခိုက်အောင် စက်သနက်ဒဏ် ခံနိုင်သည့် ကဗက်လာနှင့် ဂရက်ဖိုက်သံချပ်ကာပြားများဖြင့် ကာကွယ်ပေးထားပါတယ်။

ဒီလိုခေတ်မှီပစ္စည်မျိုးစုံ တပ်ဆင်ပြီးတဲ့အခါမှာ ဒီရဟတ်ယာဉ်ဟာ ရေဒါပေါ်မှာ OH-58 ရဟတ်ယာဉ်ထက် အဆ ၂၅၀ ပိုသေးပါတယ်။

အနီအောက်ရောင်ခြည်နှင့် ပုံပေါ်မှုကလည်း ၇၅ ရာခိုင်နှုန်း ပိုလျော့ပါတယ်။ ဒါ့ကြောင့် အဲဒီ့ခေတ်ရေဒါတွေမှာ ပေါ်ဖို့ခဲယဉ်းပြီး အပူအာရုံခံ မစ်ဇိုင်းတွေနဲ့ ပစ်ချဖို့ အတော်ခက်ခဲသွားပါတယ်။

ရဟတ်ယာဉ်ရဲ့ အသံကို တဝက်လောက်အထိ လျှော့ချနိုင်လို့ အသံကြားရသေးသည့်တိုင်အောင် ယခင် ရဟတ်ယာဉ်များထက် ရန်သူ့ပြင်ဆင်နိုင်ချိန်ကို လျှော့ချပေးနိုင်ခဲ့ပါတယ်။

ဒီရဟတ်ယာဉ်ကို မြေပြင်ရော ဝေဟင်ပါ တိုက်ခိုက်နိုင်အောင် ဒီဇိုင်းဆွဲထားတာဖြစ်လို့ ၂၀ မီလီမီတာ ထုတ်နိုင်သွင်းနိုင်တဲ့ XM301 စက်အမြောက် နှင့် လေယာဉ်၏ ဗိုက်ထဲမှာ ဟဲလ်ဖိုင်းယားမစ်ဇိုင်း ၆ လုံးကို တင်ဆောင်စစ်ဆင်နိုင်ပါတယ်။

ဒီ လက်နက်အရေအတွက်ဟာ ရေဒါပျောက်အသားပေး စစ်ဆင်ရေးမှာ သုံးဖို့ဖြစ်ကာ၊ လေကြောင်းအကဲသာမှုရှိပါက ဘေးဘက်မှာနောက်ထပ် ဟဲလ်ဖိုင်းယား မစ်ဇိုင်း ၈ လုံးထပ်ချိတ်နိုင်ပါတယ်။

တခြား ရဟတ်ယာဉ်များကို တိုက်ခိုက်လိုပါက ဝေဟင်မှ ဝေဟင်ပစ် AIM-92 Stinger ၁၂ လုံးတင်ဆောင်နိုင်ပြီး လေကြောင်းအကဲသာမှုရှိပါက နောက်ထပ် ၁၆ လုံးထပ်မံ ချိတ်ဆွဲနိုင်ပါတယ်။

လေယာဉ်မောင်းနှင့် လက်နက်ပစ်ခတ်သူတို့ဟာ ယနေ့ F-35 မှာအသုံးပြုတဲ့ အဆင့်မြင့် ဒိုင်ခွက်နှင့် မြင်ကွင်းများလိုမျိုး အသုံးပြုထားတဲ့ helmet-mounted စနစ်များကို အသုံးပြုနိုင်ပါတယ်။

ရန်သူကို ရှာဖွေနိုင်ဖို့ တာဝေးအနီအောက်ရောင်ခြည်ဆင်ဆာများကို တပ်ဆင်ထားပြီး ဒလတ်အပေါ်တွင် longbow ရေဒါများပါတပ်ဆိုင်နိုင်ပါတယ်။

Comanche ရဟတ်ယာဉ် Image: Courtesy of Wiki Commons

ဒီရဟတ်ယာဉ်တွေဟာ ပစ်မှတ်ကိုတွေ့တာနဲ့ လေဆာစနစ်ကိုအသုံးပြုပြီး ပစ်မှတ်ကို lock တန်းလုပ်နိုင်ပါတယ်။ တစ်နာရီကို မိုင် ၂၀၀ နှုန်းဖြင့် ပျံသန်းနိုင်ပြီး စစ်ကစားလှုပ်ရှားနိုင်စွမ်း မြင့်မားပါတယ်။

ပထမဆုံး Comanche ရဟတ်ယာဉ်ရဲ့ ရှေ့ပြေးပုံစံကို ၁၉၉၆ ဇန်နဝါရီ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး ၅ နှစ်အကြာမှာ စတင်ပျံသန်းခဲ့ပါတယ်။

ဒီရဟတ်ယာဉ်ကို စစ်အေးကာလအတွက် ထုတ်လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆိုဗီယက်လို ပြိုင်ဖက် နိုင်ငံမျိုးရဲ့ ရန်က သက်သာသွားတဲ့အတွက် Comanche တွေဟာ ပြသနာကောင်ကြီးဖြစ်လာပါတော့တယ်။

Comanche တွေဟာ တကယ်ကို ခေတ်ရှေ့ပြေးနေတဲ့ ရဟတ်ယာဉ်တွေပါ။ ဒါပေမယ့် ပြသနာတွေက တသီကြီးပါ။

ပထမဆုံးက အလေးချိန်ပါ။ Comanche တွေရဲ့အလေးချိန်ဟာ သတ်မှတ်ထားတာထက်ပိုနေပါတယ်။ ဒါ့ကြောင့် တပ်ဆင်ထားတဲ့ T-800 တာဘိုအင်ဂျင်ဟာ ထင်သလောက်မြန်အောင်မစွမ်းဆောင်နိုင်ပါဘူး။

Apache ရဟတ်ယာဉ်နှင့် တွဲဖက်ပျံသန်းနေစဉ် Image: Courtesy of Wiki Commons

ဒါ့ပြင် ဆော့ဝဲ့ပြသနာတွေကလဲ ယနေ့ F-35 များထုတ်လုပ်စဉ်ကလိုပဲ bug (error) မှားယွင်းမှုတွေ အရမ်းများပါတယ်။

သူ့မှာ တပ်ဆင်ထားတဲ့ ပြောင်း ၃ ခုပါ စက်အမြောက်ကလဲ ပစ်ခတ်ရာမှာ ကောင်းကောင်း မတိကျတဲ့အပြင် ပစ်မှတ် ရှာဖွေမှု စနစ်ကလဲ အဆင်မပြေပြန်ပါဘူး။ ဒါ့အပြင် Comanche မှာတပ်ဆင်သမျှတွေဟာ တပ်လိုက် အဆင်မပြေလိုက် တပ်လိုက်အဆင်မပြေလိုက်နှင့် လုံးခြာလိုက်နေပါတယ်။

ဒါကြောင့် အချိန်ကုန် ငွေကုန်ဖြစ်နေတဲ့ Comanche တွေအပေါ် ဆက်လုပ် ရင်းနှီးမြှပ်နှံမှုမလုပ်လိုတော့ဘဲ အကြမ်းဖက် နှိမ်နင်းရေးဘက်ကိုသာ အာရုံစိုက်လာတဲ့ အမေရိကန် ကြည်းတပ်ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာလမှာ 1213 စင်းမှာယူဖို့ စီစဉ်ထားတာ ကနေ တဝက် အထိလျှော့ချလိုက်ပါတယ်။

အဲဒီနောက် ၂ နှစ်အကြာမှာ ဒီစီမံကိန်းကိုပါ ရပ်တန့်ခဲ့ပါတယ်။

ဒီစီမံကိန်းဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီး ဒေါ်လာ ၇ ဘီလီယံလောက် ကုန်ကျခဲ့ပါတယ်။ ဒါပေမယ့် Comanche ၂ စီးသာ ရှေ့ပြေးပုံစံအနေနှင့် ထွက်ပေါ်ခဲ့ပါတယ်။

ဘင်လာဒင်စစ်ဆင်ရေးမှ ပျက်ကျလေယာဉ်၏ အမြှီး

ဒီလိုရပ်တန့်ခဲ့ပေမယ့် အမေရိကန်ဟာ ဒီနည်းပညာတွေကို လျှို့ဝှက်ထားခဲ့ပါတယ်။ ဥပမာအနေဖြင့် ဘင်လာဒင်ကို သုတ်သင်ရာမှာ အမေရိကန်တို့ အသုံးပြုခဲ့တဲ့ Blackhawk ရဟတ်ယာဉ်မှာ ဒီနည်းပညာတွေ အမြောက်အမြားပါဝင်နိုင်ပါတယ်။

တစ်စီးပျက်ကျခဲ့ရာမှ ကျန်ခဲ့တဲ့ အမြှီးကိုကြည့်ချင်းအားဖြင့် ရေဒါပျောက်စနစ်များ နှင့် အသံတိတ်စနစ်များ တပ်ဆင်ထားတာကို မြင်ရပါတယ်။

ဘင်လာဒင်တို့ သတိမမူမိအောင်ပင် အနားကပ်လာမှ အသံကြားရတဲ့ အနေအထားရှိတဲ့ ဒီရဟတ်ယာဉ်ရဲ့ နည်းပညာဟာ Comanche အ တွက် ကုန်ကျစရိတ်ဟာ အကျိုးရှိတယ်လို့ ယူဆနိုင်ပါတယ်။

လက်ရှိမှာ Sikorsky မှ S-97 Raider အပေါ့စားဗျူဟာမြောက် ရဟတ်ယာဉ်ကိုထုတ်လုပ်နေပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းခဲ့ပေမယ့် အခုချိန်ထိတော့ မွန်းမံမှုများပြလုပ်နေဆဲပါ။

Sikorsky မှ S-97 Raider

S-97 ဟာ Comanche တွေထက် ပိုမိုမြန်ဆန်ပြီး တစ်နာရီကို မိုင် ၂၅၀ အထိ ပျံသန်းနိုင်ပါလိမ့်မယ်။

Comanche တွေဟာ အဲဒီ့ခေတ်အနေအထားအရ ခေတ်ရှေ့အရမ်းရောက်နေခဲ့ပြီး ထုတ်လုပ်ရာမှာ အခက်အခဲတွေရှိခဲ့ပေမယ့် ယခုတော့ အဲဒီ့ နည်းပညာတွေဟာ အနာဂါတ် ရေဒါပျောက် ရဟတ်ယာဉ်တွေ အတွက် အရမ်း အသုံးဝင်နေပြီ ဖြစ်ပါကြောင်း ဖော်ပြ လိုက်ရပါတယ်ခင်ဗျာ။

ယခုဆောင်းပါးကို Knowledgewroms တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၁ နေ့က ပထမဆုံး ရေးသားခဲ့တာ ဖြစ်ပြီး ယခု ထပ်မံ ဖြည့်စွက်ထားတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *