ကွန်ပျူတာ မျိုးဆက်များကို Vacuum tubes များ Transistors စသည့် ၎င်းတို့၏ အဓိက နည်းပညာ အပြောင်းအလဲများအပေါ် မူတည်ပြီး ခွဲခြား သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ယနေ့အချိန်အထိ ကွန်ပျူတာ မျိုးဆက်ပေါင်း ၅ ခု ရှိပြီး ဒါဟာ Intel သို့မဟုတ် AMD ကဲ့သို့ CPU များ၏ မျိုးဆက်များနှင့် မသက်ဆိုင်ပါဘူး။
ပထမ မျိုးဆက် (၁၉၄၀-၁၉၅၆)
ကွန်ပျူတာများ၏ ပထမဆုံး မျိုးဆက်တွင် တွက်ချက်မှုများကို Vacuum tubes များကို အသုံးပြုသည့် နည်းပညာအား အ သုံးပြုထားတာ ဖြစ်ပါတယ်။
အလွန်ကြီးမားပြီး နေရာ အလွန်ယူသည့် Vacuum tubes များကို ၁၉၄၀ မှ ၁၉၅၆ ခုနှစ် အထိ တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါတယ်။

ENIAC ဟာ ပထမဆုံး ကွန်ပျူတာ မျိုးဆက်များ၏ အကောင်းဆုံး ဥပမာ တစ်ခု ဖြစ်ပြီး ၎င်းတွင် Vacuum tubes ပေါင်း ၂ သောင်း၊ Capacitor ပေါင်း ၁ သောင်း နှင့် Resistor ပေါင်း ၇ သောင်းလောက် ပါဝင်ပါတယ်။
အရွယ်အစားအားဖြင့် အိမ်တလုံး၏ အခန်း တခန်းစာလောက် နေရာယူပြီး အလေးချိန် တန် ၃၀ လောက် ရှိပါတယ်။
ပထမမျိုးဆက် ကွန်ပျူတာများတွင် EDSAC၊ IBM 701 နှင့် Manchester Mark 1 များဟာ အထူး ထင်ရှားပါတယ်။
ဒုတိယ မျိုးဆက် (၁၉၅၆-၁၉၆၃)
ဒုတိယ မျိုးဆက်များတွင်တော့ ကွန်ပျူတာများမှာ ယခင်က အသုံးပြုသည့် Vacuum tubes များအစား Transistor များကို ပြောင်းလဲ ထည့်သွင်း လာကြပါတယ်။

Transistor များကို ၁၉၆၅ ခုနှစ်မှ ၁၉၆၃ ခုနှစ် အထိ ကျယ်ပြန့်စွာ စတင် အသုံးပြုလာပြီး ၎င်းတို့ဟာ ပိုမို သေးငယ်၊ မြန်ဆန်ပြီး ကုန်ကျစရိတ် သက်သာပါတယ်။
ပထမဆုံး Transistor ကို စတင် အသုံးပြုခဲ့သည့် ကွန်ပျူတာကတော့ ၁၉၅၆ ခုနှစ်ထုတ် TX-0 ကွန်ပျူတာ ဖြစ်ပါတယ်။
အခြား ၎င်းကဲ့သို့ ကွန်ပျူတာ များကတော့ IBM 7070၊ Philco Transac S-1000 နှင့် RCA 501 တို့ ဖြစ်ကြပါတယ်။
တတိယ မျိုးဆက် (၁၉၆၄-၁၉၇၁)
တတိယမျိုးဆက် ကွန်ပျူတာများမှာတော့ Integrated circuit (IC) များ ပါဝင်လာကြပါတယ်။
IC များဟာ ကွန်ပျူတာ များ၏ အရွယ်အစားကို ပိုမို သေးငယ်လာစေပြီး ပိုမို မြန်ဆန်လာစေတဲ့အတွက် ၁၉၆၀ ခုနှစ်များ အလယ်ပိုင်း လောက်မှ နှောင်းပိုင်းအထိ ကွန်ပျူတာအားလုံးနီးပါးဟာ IC တွေကို အသုံးပြုလာပြီ ဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀ လောက်ရှိပြီ ဖြစ်တဲ့ ထိုအချိန်က IC များဟာ ယနေ့ ကွန်ပျူတာများ၏ အခြေခံကျတဲ့ ပစ္စည်းများ ဖြစ်ပါတယ်။
စတုတ္ထမျိုးဆက် (၁၉၇၂-၂၀၁၀)
စတုတ္ထ မျိုးဆက် ကွန်ပျူတာများတွင် CPU လို့ခေါ်တဲ့ Microprocessor များကို အဓိကထား သုံးစွဲ လာပါတယ်။
၎င်းတို့နှင့်အတူ IC များ တွဲဖက်ပြီး တည်ဆောက်လာတဲ့ အခါမှာတော့ ကွန်ပျူတာများဟာ စားပွဲခုံပေါ်တွင် တင်သုံးလို့ ရနိုင်လောက်အောင် သေးငယ်လာပြီး Laptop များကို စတင် ထုတ်လုပ်လာနိုင်ပါတယ်။
စတုတ္ထမျိုးဆက်၏ အစောဆုံး ကွန်ပျူတာများဟာ Altair 8800၊ IBM 5100 နှင့် Micral တို့ ဖြစ်ကြပါတယ်။

ယနေ့ခေတ် ကွန်ပျူတာများအထိ Microprocessor များကို အသုံးပြုနေဆဲ ဖြစ်ပေမယ့် စတုတ္ထမျိုးဆက် ကွန်ပျူတာ များ ၏ နည်းပညာကို ၂၀၁၀ ခုနှစ်မှာ အဆုံးသတ်တယ်လို့ ယူဆထားပါတယ်။
ပဥ္စမမျိုးဆက် (၂၀၁၀ မှ ယနေ့အထိ)
ယနေ့ အသုံးပြုနေသည့် ပဥ္စမ မျိုးဆက် ကွန်ပျူတာများတွင် Artificial Intelligence (AI) ခေါ် ဥာဏ်ရည်တုကို အသုံးပြုထားပြီး အသုံးချမှုတွေ များစွာရှိလာနေပြီ ဖြစ်ပါတယ်။
AI နည်းပညာနှင့် ကွန်ပျူတာများဟာ နည်းပညာအားဖြင့် တဆင့် တက်လာပြီ ဖြစ်ပေမယ့် ၎င်းတို့ကို ဒီ့ထက် ပိုမို တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ အများကြီး ကျန်နေပါသေးတယ်။
အဆင့်မြင့် AI ကွန်ပျူတာများထဲမှ လူသိအများဆုံး ကွန်ပျူတာတွေကတော့ IBM ၏ Watson ဖြစ်ပါတယ်။
အခြား လူသိများသည့် ကွန်ပျူတာ စနစ်များကတော့ Apple ၏ iPhone ကဲ့သို့ Device များတွင် အသုံးပြုသည့် Siri၊ Microsoft ၏ Windoes 8 နှင့် 10 တို့တွင် အသုံးပြုသည့် Cortana တို့ ဖြစ်ပါတယ်။

Google ၏ Search engine နှင့် Meta ၏ စနစ်များဟာလည်း AI ကွန်ပျူတာ စနစ်များကို အခြေခံထားပြီး အလိုအလျှောက် သုံးစွဲသူများနှင့် သက်ဆိုင်သည့် အချက်အလက်များကို ပြသပေးပါတယ်။
ဆဌမ မျိုးဆက် (အနာဂါတ်မျိုးဆက်)
၂၀၂၂ ခုနှစ်အထိ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာ နည်းပညာများကို ပဥ္စမ မျိုးဆက်များ အဖြစ်သာ သတ်မှတ်ထားပြီး AI နည်းပညာဟာလည်း ဆက်လက် တိုးတက်နေဆဲ ဖြစ်ပါတယ်။
နောက်ထပ် ဖြစ်နိုင်တဲ့ အနာဂါတ် ကွန်ပျူတာ မျိုးဆက် များကတော့ လက်ရှိ တီထွင် ဖန်တီးနေကြတဲ့ Quantum ကွန်တမ် ကွန်ပျူတာများ ဖြစ်ပါတယ်။
၎င်းတို့ကို သုတေသနနှင့် စစ်ဘက်ဆိုင်ရာများတွင် အသုံးပြုဖို့ လုပ်ဆောင်နေပေမယ့် နေ့စဉ် အများပြည်သူသုံး ကွန်ပျူတာများအဖြစ် ရောက်ရှိလာဖို့ဆိုတာ ခရီးအဝေးကြီးမှာ ရှိနေပါသေးတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။