တကမ္ဘာလုံးရှိ သန္တာကျောက်တန်းတွေ လုံးဝ ပျောက်ကွယ်သွားမယ့် အန္တရာယ် ကြုံတွေ့နေ

Article Science

ပူနွေးလာတဲ့ သမုဒ္ဒရာရေပြင်နှင့် အက်စစ်ဓာတ်ကဲတဲ့ ရေတွေကြောင့် လာမယ့် ၂၁၀၀ ခုနှစ်မှာ သန္တာကျောက်တန်းများ အားလုံးနီးပါးဟာ ပျောက်ကွယ် ပျက်စီး သွားတော့မှာ ဖြစ်ပါတယ်။

ဆန်ဒီယေဂို တွင် ပြုလုပ်ခဲ့သည့် သမုဒ္ဒရာဆိုင်ရာ သိပ္ပံအစည်းအဝေး ၂၀၂၀ မှာ ပြသခဲ့တဲ့ သုတေသနပြုမှု အသစ်တခုအရ သက္ကရာဇ် ၂၁၀၀ ခုနှစ်မှာ ကမ္ဘာပေါ်ရှိ မည်သည့် သမုဒ္ဒရာတွင်မဆို သန္တာကျောက်တန်းများ ရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

သန္တာကျောက်တန်းများဟာ မျှော်လင့်ထားသည့်ထက် စောစီးစွာ သေဆုံးနေကြပါတယ်။

ရာသီဥတု ပြောင်းလဲခြင်း နှင့် လေထု ညစ်ညမ်းမှုများကြောင့် သိပ္ပံပညာရှင်များ ခန့်မှန့်ထားသည်ထက် စောပြီး လာမယ့် နှစ် ၂၀ အတွင်း မှာ ခန့်မှန်းခြေအားဖြင့် ၇၀% မှ ၉၀% ကြားရှိတဲ့ သန္တာကျောက်တန်းများဟာ သမုဒ္ဒရာတိုင်းမှနေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

အချို့ သုတေသီများကတော့ ရှင်သန်နေတဲ့ သန္တာကျောက်တန်းများကို ဓာတ်ခွဲခန်းတွင် ပြောင်းလဲ စိုက်ပျိုးစေပြီး သေဆုံးနေတဲ့ သန္တာ ကျောက်တန်းများကို ကယ်တင်နိုင်ဖို့ အဆိုပြုခဲ့ပါတယ်။

၎င်းတို့ အဆိုပြုချက်အရ ဓာတ်ခွဲခန်းတွင် ရှင်သန်နေသည့် နုပျိုတဲ့ သန္တာကျောက်တန်းများဟာ ပြန်လည် ကျန်းမာမှုကို မြှင့်တင်ပေးပြီး ကျန်းမာသော အဆင့်ကို ပြန်လည် ရောက်ရှိနိုင်မယ်လို့ သိရပါတယ်။

ဒါပေမယ့် သုတေသန အသစ်များအရ ဒီလို ပြန်လည် ဖန်တီးဖို့ ကြိုးစားမှုဟာ လာမယ့် ဆယ်စုနှစ်များအတွင်းမှာ အအောင်မြင်ဆုံး ဖြစ်လာနိုင်ပေမယ့် ၂၁၀၀ ခုနှစ်မှာတော့ ဒီ သန္တာကျောက်တန်း အသစ်တွေအတွက် သင့်လျှော်တဲ့ ထားစရာ နေရာ သမုဒ္ဒရာထဲမှာ ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကနဦးတွေ့ရှိချက်များအရ ပင်လယ်မျက်နှာပြင် အပူချိန်နှင့် အက်စစ်ဓာတ်ဟာ သန္တာကျောက်တန်းတွေ ရှင်သန်နိုင်မယ့် ရေအောက်တွင် အန္တရာယ်ကင်းဇုံများ ရှိမရှိ၏ သိသိသာသာ ပြောင်းလဲပေးနိုင်မယ့် အရာများပဲ ဖြစ်ပါတယ်။

“၂၁၀၀ ခုနှစ်လောက် ရောက်တာနဲ့ အတော်ဆိုးလာမယ့် ပုံပါပဲ” လို့ ဟာဝိုင်အီ Manoa တက္ကသိုလ်မှ ဇီဝပထဝီ ပညာရှင် Renee Setter က နေ့စဉ်သိပ္ပံ အစီရင်ခံစာမှာ ၎င်းရဲ့ ရှာဖွေတွေ့ ရှိမှု အသစ်ကို ဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဟာ သန္တာကျောက်တန်းများကို အများဆုံး ခြိမ်းခြောက်နေ

သုတေသီများ အဆိုအရ ကမ္ဘာမြေကြီး၏ ပြောင်းလဲနေသော ရာသီဥတုဟာ အဏ္ဏဝါသက်ရှိများအပေါ် ကြောက်စရာအကောင်းဆုံး သက်ရောက်မှု အချို့ကို မီးမောင်း ထိုးပြနေပါတယ်။

ညစ်ညမ်းမှုများဟာ သမုဒ္ဒရာနေ သက်ရှိ အများအပြားအပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်လာနေပေမယ့် လေ့လာမှုအသစ်များအရ ပတ်ဝန်း ကျင် ထုတ်လွှတ်မှုမှ သန္တာကျောက်များကို အများဆုံး အန္တရာယ်ပေးနေတာကို တွေ့ရှိရပါတယ်။

“ကမ်းခြေတွေကို သန့်ရှင်းဖို့ ကြိုးစားတာ အရမ်းကောင်းပါတယ်။ ညစ်ညမ်းမှုတွေကို တိုက်ဖျက်ဖို့ ကြိုးစားတာလည်းအရမ်းကောင်းပါတယ်။ ကျွန်တော်တို့ဟာ ဒီလို ကြိုးစားမှုတွေကို ဆက်လုပ်ဖို့ လိုအပ်ပါတယ်” လို့ Science Daily ကို Setter မှ ပြောခဲ့ပါတယ်။

အရောင်ကျွတ်နေတဲ့ သန္တာကျောက်တန်းများဟာ ပိုပြီး အန္တရာယ်ရှိနေ

သန္တာကျောက်တန်းများ ရှင်သန်ရာ နေရာများသည် ရာသီဥတု ပြောင်းလဲမှုကြောင့် အပူချိန် မြင့်တက်လာသည်နှင့်အမျှ မသေချာ မရေရာမှုများနှင့် ရင်ဆိုင်နေရပါတယ်။

ပူနွေးသောရေများသည့် သန္တာကောင်များကို ဖိအားပေးပြီး ၎င်းတို့အထဲမှာ နေထိုင်တဲ့ သဟဇီဝ ရေညှိများကို ညှစ်ထုတ်ပစ်နေပါတယ်။

အရောင် ပျောက်ဆုံးသွားသော သန္တာကျောက်တန်း

ဒီဖြစ်ရပ်ကြောင့် အရောင်အဆင်းရှိသည့် သန္တာကျောက်တန်းများကို အရောင်ကျွတ်ကာ အဖြူရောင်သို့ ပြောင်းသွားစေပါတယ်။

အရောင်ကျွတ်နေတဲ့ သန္တာကျောက်တန်းများဟာ သေတော့ မသေဆုံး သေးပေမယ့် သေဆုံးနိုင်ခြေပိုများကြောင်း နှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ဒီလိုဖြစ်စဉ်တွေ ပိုများလာကြောင်း အစီရင်ခံစာအရ သိရပါတယ်။

simulation စနစ်များကို အသုံးပြုပြီး ရှေ့အနာဂါတ်ကို တွက်ချက် ကြည့်သည့် အခါ ၂၀၄၅ ခုနှစ်လောက်မှာတောင် ကျွန်တော်တို့ဟာ သန္တာ ကျောက်တန်းများ ရှင်သန်နိုင်တဲ့နေရာများကို တွေ့နိုင်ဖို့ မလွယ်တော့ပါဘူး။

နိုင်ငံကြီးတွေဟာ တနေ့ထက် တနေ့ ကာဗွန်ထုတ်လွှတ်မှုတွေ လျှော့ချဖို့အတွက် နည်းမျိုးစုံ ကြိုးစားနေကြပေမယ့် အနာဂါတ်တွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို ထိန်းသိမ်းနိုင်မလားဆိုတာ နောက်မျိုးဆက်တွေမှပဲ သိနိုင်လောက်မှာပါ။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *