ရုရှားနိုင်ငံပိုင် အာကာက ကော်ပိုရေးရှင်း Roscosmos ဟာ ၎င်း၏ နိုင်ငံ ယူကရိန်းအား ကျူးကျော်ပြီး နောက်မှာတော့ ငုတ် တုတ် ထိုင်နေရပါတော့တယ်။
အကြောင်းကတော့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေထဲမှာ ရုရှားရဲ့ အာကာသ အေဂျင်စီလည်း ပါဝင်ခဲ့လို့ပါ။
ပိတ်ဆို့မှု အသစ်တွေကြောင့် ရုရှားအား အတော်လေးကို အထိနာစေပြီး Rocosmos ၏ အကြီးအကဲဖြစ်တဲ့ Dmitry Rogozin ဟာ တရုတ်ကို အကူအညီ တောင်းခံနေရတဲ့ အနေအထားကို ရောက်ရှိသွားပါတယ်.
ရုရှားဟာ ပိတ်ဆို့ခံရသည့် ကဏ္ဍ အတော်များများကို သူ့နည်းသူ့ဟန်ဖြင့် တောင့်ခံနေသည့်အပြင် အခြား နည်းပညာနှင့်ဆိုင်သည့် ထုတ်လုပ်မှုများကို တရုတ်နိုင်ငံအား အတော်လေး မျှော်လင့်အားကိုးထားပုံ ရပါတယ်။
လက်ရှိ အာကာသ စီမံကိန်းများနှင့် ပတ်သက်သည့် ကိစ္စများကို ကူညီရန်အတွက်ကတော့ တရုတ်မှ တုန့်ဆိုင်းနေတဲ့အတွက် ကူညီမလား မကူညီဘူးလား မသိရသေးဘူးလို့ spacenews ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ပါတယ်။
“အီလက်ထရွန်းနစ် စက်မှုလုပ်ငန်းကို လည်ပတ်နိုင်ရန် ကျွန်တော်တို့ ကြိုးပမ်းခဲ့သော်လည်း လိုအပ်မှုများမှာ Roscosmos ၏ လုပ်နိုင်စွမ်းထက် ကျော်လွန်နေခဲ့တယ်” လို့ Dmitry Rogozin က အင်တာဗျူးတခုမှာ ပြောခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ Interfax မှဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ၎င်းက “ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် အရာအရာတိုင်းကို ထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ကောင်းတဲ့သူတွေ ရှိနေပါသေးတယ်” လို့ ဆက်ပြောပါတယ်။
ဒါဟာ ၎င်းအနေဖြင့် အာကာသ စီမံကိန်းများအတွက် လိုအပ်သည့် အပိုပစ္စည်းများကို တရုတ်မှ ဝယ်ယူဖို့ ဆန္ဒရှိနေတာကို ဆိုလိုတာပါ။
အကြောင်းကတော့ “ကျွန်တော်တို့ဟာ တရုတ်နိုင်ငံနှင့် အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်”
“ကျွန်တော်တို့ မထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကို ရောင်းရင်း ဖြစ်တဲ့ တရုတ်နိုင်ငံကနေ ရိုးရိုးရှင်းရှင်းလေး ဝယ်ယူပြီး ယခုဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ဖြေရှင်းသွားမှာပါ” လို့ ၎င်းက ပြောခဲ့လို့ပါ။
ပိတ်ဆို့မှု အသစ်များဟာ ရုရှားကို အကြီးအကျယ် ထိတ်လန့်စေခဲ့ပြီး ရုရှားငွေ ရူဘယ်ဟာ အမေရိကန် ဒေါ်လာ ၁ ဆင့်၏ တန်ဖို့ အောက် သို့မဟုတ် ၃၀ မှ ၄၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် EU မှလည်း ကမ္ဘာ့ ဘဏ်အချင်းချင်း ငွေပေးချေ လွှဲပြောင်းမှုစနစ် SWIFT မှ ပိတ်ဆို့ခဲ့ရာ အဆိုပါ ပိတ်ဆို့မှုတွင် EU မဟုတ်သည့် နိုင်ငံများလည်း ပါဝင်လာခဲ့ပါတယ်။
အဲဒီ့ထက် ပိုဆိုးတာကတော့ ပိတ်ဆို့ အရေးယူမှု အသစ်တွေကို တရုတ်က ကူညီပေးပို ဆန္ဒရှိမရှိ ရှင်းရှင်း လင်းလင်း မသိရသေးတာဘဲ ဖြစ်ပါတယ်။

အမည်မဖော်လိုသည့် တရုတ်အရာရှိ တဦးမှ ရုရှားအား အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲဖို့အတွက် တရုတ်နိုင်ငံမှ ကူညီလိမ့်မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသထားပုံ ရတယ်လို့ မကြာသေးမီက ဖော်ပြခဲ့တဲ့ ရိုက်တာသတင်းဌာန၏ သတင်းများအရ သိရပါတယ်။
ဒါဟာ အဓိပ္ပါယ်အများကြီး ရှိပြီး တရုတ်နိုင်ငံအတွက် လုပ်သင် လုပ်ထိုက်တဲ့ ကိစ္စတခု ဖြစ်ပါတယ်။
အကြောင်းကတော့ ယခု အချိန် ရုရှားအား ကူညီခြင်းဟာ ကြည့်ရ အလွန် ဆိုးမည့် လုပ်ရပ်တခု ဖြစ်ပြီး တရုတ် အနေဖြင့် အခြား ကမ္ဘာနှင့် စီးပွားရေးအရ ဖြတ်တောက်ခြင်း ခံရနိုင်ပါတယ်။
ဒဏ်ခတ် ပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်ဖို့ ရုရှားနှင့် စီပွားရေး လုပ်ပြီး ကူညီခြင်းဟာ ဥရောပအလယ်ရှိ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို ရုရှား၏ ကျူးကျော်မှုအား တိတ်တဆိတ် သို့မဟုတ် ပြတ်သားစွာ ရပ်တည်တာမျိုး ဖြစ်သွားနိုင်တယ် လို့ အဆိုပါ အရာရှိက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Wang Wenbin မှ ရုရှားနှင့် ပတ်သက်ပြီး “ကျွန်တော်တို့၏ ဆက်ဆံရေးဟာ မဟာမိတ်မဟုတ်သော၊ ရင်ဆိုင်ဖြေရှင်းခြင်း မရှိသော၊ ပြင်ပအဖွဲ့အစည်းများကို ပစ်မှတ်ထားခြင်း မရှိသော ဆက်ဆံရေးသာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
၎င်းကမှ ဆက်ပြီး “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နှင့် မူဝါဒဟာ ကောင်းခြင်း ဆိုးခြင်းအပေါ် မူတည်ပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တရုတ်နှင့် ရုရှားဟာ ပြီးခဲ့သည့် နှစ်များအတွင်း အာကာသ စူးစမ်း လေ့လာရေးနှင့် ပတ်သက်ပြီး သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးထားပါ။
ဥပမာအားဖြင့် နှစ်နိုင်ငံဟာ လပေါ်တွင် အမြဲတမ်း အခြေစိုက်စခန်း တည်ဆောက်နိုင်ဖို့ “နိုင်ငံတကာ လပေါ် အမြဲတမ်း အခြေစိုက်စခန်း ” စီမံကိန်းတွင် ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အထက်ပါ အစီအစဉ်တွေဟာ အခုတော့ ဘယ်နေရာမှာ ရောက်နေပြီလဲဆိုတာ ရှင်းပါတယ်။

SpaceNews မှ ထောက်ပြသလို ပိတ်ဆို့ အရေးယူမှု အသစ်များဟာ ထိုကဲ့သို့ နည်းပညာများကို အကျိုးတူ တီထွင်ဖန်တီးရာမှာ ခက်ခဲသွားစေနိုင်ပါတယ်။
NASA ၏ အာကာသ စီမံကိန်းများတွင် Roscosmos နှင့် လုံးဝ ဝေးကွာသွားပြီး နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ဖို့ ကိုယ်တိုင် လမ်းဖောက် ရတော့မှာပါ။
ဥရောပ အေဂျင်စီဟာလည်း ရုရှားနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Red Planet ကဲ့သို့ ExoMars မစ်ရှင်ကို ယခုနှစ်ကုန်တွင် လွှတ်တင်တော့မည် မဟုတ်ကြောင်း ကြေငြာခဲ့ပါတယ်။
နောက်ပြီးတော့ တရုတ်ကိုကြည့်ရတာလည်း ရုရှား၏ လိုအပ်နေတဲ့ အကူအညီကို ပေးလာဖွယ် မရှိပါဘူး။
ရုရှား၏ ကျူးကျော်မှုကြောင့် အနောက် အင်အားကြီး နိုင်ငံများအားလုံး စည်းလုံးလာမှုဟာ တရုတ်ကို အံ့အားသင့်စေပြီး တရုတ်အနေဖြင့် ပဲလှော်ကြားဆားညပ်သည့် အနေအထားမျိုး ကြုံရဖို့ ရှိတာ သိနေတယ်လို့ Lapland တက္ကသိုလ်ရှိ တရုတ်ယဉ်ကျေးမှုရေးရာ ပါမောက္ခ Matti Nojonen က SpaceNews ကို ပြောခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။