အမေရိကန်လေတပ်တွင် ခေတ်မှီလေယာဉ်အရေအတွက် ၅ ထောင်ကျော်ရှိရာ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့် ယှဉ်စေကာမူ အရေအတွက်ရော နည်းပညာပါ သာလွန်အင်အားရှိပါတယ်။
နည်းပညာအားဖြင့် မတိမ်းမယိမ်းရှိ သော ရုရှားနှင့်ယှဉ်လျှင်ပင် စီးပွားရေးပိတ်ဆို့ခံရမှုများနှင့် ရင်ဆိုင်နေရသည့် ရုရှားနိုင်ငံသည် မိမိနိုင်ငံကာကွယ် ဖို့သာအလုံအလောက်ထုတ်နိုင်သည့်အနေအထားသာရှိနေပါသည်။
ဒါ့အပြင် အမေရိကန်သည် လေယာဉ်ပေါင်း ၃၇၀၀ ရှိပြီး လေယာဉ်တင်သင်္ဘော အပါအဝင် စစ်သင်္ဘောစုစုပေါင်း ၂၇၃ စီးရှိကာ တကမ္ဘာလုံး ဖြန့်ကျက်စစ်ဆင်နိုင်သည့် ကမ္ဘာပေါ်တွင် နည်းပညာ အဆင့်အမြင့်ဆုံး Blue Navy အဆင့် ရေတပ်ကိုပိုင်ဆိုင်ထားပါတယ်။
ထိုသို့ သာလွန်အင်အားကိုပိုင်ဆိုင်ထားသော်လည်း အမေရိကန်တို့တွင် အားနည်းချက်ကြီးကြီးမားမား ရှိနေ ပါသေးတယ်။ အဲဒါကတော့ အစုလိုက်အပြုံလိုက် ပစ်လွှတ်တိုက်ခိုက်ခံရနိုင်တဲ့ ဒုံးပျံများအန္တရာယ်ပဲဖြစ်ပါတယ်။
ယခုအမေရိကန်ရေတပ်သည် တရုတ်မှ ပစ်လွှတ် တိုက်ခိုက်နိုင်သည့် ခရုဇ်ဒုံးကျည် များနှင့် ပဲ့ထိန်းတပ် ဒုံးကျည်များ၏ ရန်ကို ကာကွယ်နိုင်မည် မကာကွယ်နိုင်မည် သေချာမှုမရှိသေးပါ။
လက်ရှိအမေရိကန်တို့၏နည်းပညာ တွင် ထိုကဲ့သို့တိုက်ခိုက်လာမှုများကို လုံလုံလောက်လောက်ကာကွယ်နိုင်မည့်နည်းပညာလည်း မရှိသေးပါ။

ထို့ကြောင့် ပင်တဂွန်အနေဖြင့် အနာဂတ်ကာလတွင် စစ်ပွဲများကြုံလာပါက အသုံးပြုရန် ဒုံးပျံကာကွယ်ရေးစနစ် များကို ပြန် လည်သုံးသပ်ရမည်ဖြစ်ပါတယ်။ သို့မဟုတ်ပါက ဆုံးရှံးမှုကြီးကြီးမားမား ကြုံတွေ့လာနိုင်ဖွယ် ရှိပါတယ်။
၂၀၁၈ လောက် ကတည်းက အမေရိကန်နိုင်ငံ အနေဖြင့် ဒုံးပျံ အစုလိုက်အပြုံလိုက်ဖြင့် တိုက်ခိုက်ခံရမည့်ရန်ကို ကာကွယ်ရန် စတင် လုပ်ဆောင်နေပြီလို့ ကြားသိရပါတယ်။
ကာကွယ်မည့် စနစ်များမှာ အနာဂတ် လေဆာစနစ်များ၊ CIWS များ၊ Electro-magnetic စွမ်းအင်သုံး လက်နက်များ အစရှိသဖြင့် အရေအတွက် မြောက်များစွာသော ဒုံးပျံများနှင့် ဒရုန်းများကို တပြိုင်နက်တည်း ပစ်ချနိုင်သည့် စနစ်များ ပါဝင်နိုင်ဖွယ်ရှိပါတယ်။
စစ်အေးကာလပြီးဆုံးကတည်းက အမေရိကန်နိုင်ငံအနေဖြင့် လေကြောင်းနှင့် ဒုံးပျံများဖြင့် အခြေစိုက်စစ်စခန်း များ၊ တပ်ဖွဲ့များအား တိုက်ခိုက်ခံရနိုင်မှု မရှိနိုင် သို့မဟုတ် ကာကွယ်နိုင်သည်ဟု မှတ်ယူထားခဲ့ပေမယ့်
ယခုအခါ အပြည့်အဝ ကာကွယ်နိုင်မှု မရှိတော့ကြောင်း ကို Mark Gunzinger နှင့် Bryan Clark က ဗျူဟာနှင့် ဘက်ဂျက်တွက်ချက်ရေးစင်တာအတွက် စာတမ်းတစ်စောင် ရေးသားခဲ့ပါပါတယ်။
သို့ပေမယ့် အဆိုပါနှစ်ယောက်က အမေရိကန်၏ အနာဂတ်အစီအစဉ်များကိုတော့ ပြောဆိုသွားခြင်းမရှိပါဘူး။
ရုရှား၊ တရုတ်၊ အီရန်နိုင်ငံများသည် အမေရိကန်ရှိ အခြေစိုက်စခန်းများအထိပစ်ခတ်နိုင်သော ဒုံးပျံများကို ထုတ်လုပ်ရန် အ တွက် လက်ရှိမှာ အကြီးအကျယ်ရင်းနှီး မြှုပ်နှံထားပါတယ်။
အဲဒီ့အထဲမှာ တရုတ်နိုင်ငံကတော့ တိကျစွာပစ်ခတ်နိုင်ပြီး အကွာအဝေးများစွာအထိ ရောက်နိုင်မည့် တာဝေးပစ်ဒုံးပျံများကို အများအပြားထုတ်လုပ်နေတာပါ။
ပိုပြီးဆိုးတဲ့ အချက်ကတော့ အမေရိကန်အနေဖြင့် အနောက် ပစိဖိတ်တွင် စစ်အခြေစိုက် စခန်းများ ဖြန့်ကျက်ထားနိုင်မှု များ စွာ အားနည်းကာ အများအပြားမှာ ကျွန်းများတွင်သာ အခြေစိုက်စခန်းများ ဖြန့်ကျက်ထားသောကြောင့် အဆိုပါ အခြေစိုက်စခန်းများသည် တိုက်ခိုက်ခံနိုင်မှု အခြေအနေ အများဆုံး ဖြစ်နေပါတယ်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်အခြေစိုက်စခန်းများရှိရာ တောင်ကိုရီးယား၊ အိုကီနာဝါ နှင့် Guam သို့ ပစ်ခတ်နိုင်သည့် ထောင်ပေါင်းများစွာသော ခရုဇ်ဒုံးပျံများနှင့် ရာပေါင်းများစွာသော တိုက်ချင်းပစ် ဒုံးပျံများကို နေရာချထားပြီးဖြစ်ပါတယ်။
အမေရိကန် နိုင်ငံအနေဖြင့် ပက်ထရီးရော့တ် လေကြောင်းကာကွယ်ရေး များကို အနောက်ပစိဖိတ်တွင် တပ်ဆင် ထားသော် လည်း မြောက်ကိုရီးယားရန်မှကာကွယ်ရန်အတွက်သာ လုံလုံ လောက်လောက်တပ်ဆင်ထားတာဖြစ်ပါတယ်။
တကယ်လို့ တရုတ်မှ ရှိသမျှဖြင့် ပစ်ခတ်မည်ဖြစ်ပါက Patriot ဒုံးခွင်း စနစ်ဖြင့်လည်း ကာကွယ်နိုင်မှာမဟုတ်ပါဘူး။
အမေရိကန်ရေတပ်ရှိ သင်္ဘောများမှာလည်း အလားတူ အန္တရာယ်ကိုရင်ဆိုင်နေရပါတယ်။ အမေရိကန်ရဲ့ များပြားလှတဲ့ ကာ ကွယ်ရေး ခရုဇ်ဒုံးပျံတွေဟာ Arleigh Burke-class ဖျက်သင်္ဘောလို တိုက်ခိုက်ရေး သင်္ဘောများပေါ်တွင် ရှိနေတာပါ။

ထိုသင်္ဘောတွေမှာ အဆင့်မြင့် ရေဒါများ၊ ထိန်းချုပ်ရေး ကွန်ပျူတာစနစ်များ၊ Sea Sparrow, SM2, SM3, SM6 အစရှိတဲ့ လေကြောင်းကာကွယ်ရေး ဒုံးပျံများတပ်ဆင်ထားပါတယ်။
ဒါပေမယ့် အဲဒီ့စနစ်တွေဟာ ရန်သူက ဒုံးပျံ အများအပြား ပစ်ခတ်မှုမရှိတဲ့ အခြေအနေတွင်သာ အသုံးဝင်ပြီး တကယ်လို့ အ စု လိုက်အပြုံလိုက် ပစ်ခတ်ခံရပါက ကာကွယ်နိုင်မှာမဟုတ်ပါဘူး။
တကယ်တော့ အမေရိကန် အနေဖြင့်လည်း ဒီစနစ်တွေကို တာဝေးပစ်ဒုံးပျံအရေအတွက် အနည်းငယ်ကိုသာ ကာကွယ်နိုင်ရန် တပ်ဆင် ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် SM အမျိုးအစား ဒုံးပျံစနစ်များဟာ ကြီးမား လေးလံပြီး ဈေးနှုန်းကြီးမြင့်ပါတယ်။ နောက်ထပ် ပြသနာ တစ်ခု က တော့ သင်္ဘောမှ ပစ်လွှတ်နိုင်သည့် Mark 41 VLS (Vertical Launching System) များပါ။ ဒါတွေကို အသစ်ထပ်မံတပ်ဆင်နိုင်ခြင်းမရှိပါဘူး။
Arleigh Burke ဖျက်သင်္ဘောတစ်စီးလျှင် လေကြောင်း ကာကွယ်ရေး ဒုံးပျံ ၉၀ ကျော် တင်ဆောင်နိုင်သော်လည်း ဒုံးပျံတိုင်းကတော့ ပစ်မှတ်ကို မှန်အောင်ပစ်ခတ်နိုင်မှာမဟုတ်ပါဘူး။
Gunzinger နှင့် Clark ရဲ့အဆိုအရ တိုက်ခိုက်သူမှာ သင်္ဘောဖျက်ဒုံးပျံ ၃၂ ခုအထိအသုံးပြုနိုင်ပြီး ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အောက်ပဲကုန်ကျပေမယ့် ဖျက် သင်္ဘောကို ကာကွယ်ဖို့ရာကတော့ SM6 များကိုအသုံးပြုပါက ၇၀ ရာခိုင်နှုန်းအထိသာ ကာကွယ်နိုင်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ လောက်ကုန်ကျနိုင်ဖွယ်ရှိနေပါတယ်။
ဒါဟာ အမေရိကန်ဒေါ်လာ သန်း ၂ ထောင်လောက်တန်တဲ့ ဖျက်သင်္ဘောရဲ့တန်ဖိုးကို ထည့်ထွက်မထားသေးပါဘူး။
ဒုံးပျံ တစ်စင်း ထိမှန်ခံရပြီး သင်္ဘောနစ်မြုပ်ခဲ့လျှင်၊ ပျက်စီးမှုတစ်စုံတရာရှိခဲ့လျှင် ဒါမှမဟုတ် ကြီးကြီးမားမား ထိခိုက်ကာ ရက်သတ္တပတ် သို့မဟုတ် လချီကာ စစ်ဆင်ရေးမလုပ်နိုင်ခဲ့လျှင် တိုက်ခိုက်မှုသည် အကျိုးရလဒ်ကောင်းရမှာဖြစ်တဲ့အတွက် ဒီနည်းဗျူဟာဟာ တရုတ်ကအသုံးပြုနိုင်တဲ့ နည်းဗျူဟာဖြစ်ပါတယ်။

အမေရိကန်ရေတပ်အနေဖြင့် ကာကွယ်နိုင်လျှင်ပင် အချိန်ကြာလာသည့်အမျှ ကုန်ကျစရိတ်များပြားကာ မွဲပြာကျနိုင်ဖွယ်ရှိနေပါတယ်။
တရုတ်သင်္ဘောဖျက်ဒုံးပျံများသည် ယခင်ကထက်ပိုမိုကောင်းမွန်လာပါတယ်။ အထူးသဖြင့် YJ-18 အမျိုးအစား သင်္ဘောဖျက် ဒုံးပျံဟာ အလွန်ကိုထိရောက်စွာပစ်ခတ်နိုင်တဲ့ ဒုံးပျံအမျိုးအစားဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်း ငယ်ကမှသာ ထွက်ပေါ်လာတာဖြစ်ပေမယ့် YJ-18 ဟာ ရေမိုင် ၂၉၀ မိုင်အကွာမှနေပြီး အသံအလျှင် ၀.၈ ဖြင့် ပစ်ခတ်နိုင်ပါတယ်။
ထူးခြားတာကတော့ ပစ်မှတ်နှင့်နီးကပ်လာပြီး ရန်သူ့သင်္ဘောရဲ့ လေကြောင်းကာကွယ်ရေး ဒုံးပျံများအလှမ်းမှီနိုင်တဲ့နေရာရောက်ပါက အသံထက် ၂.၅ ဆကိုကူးပြောင်းပြီး ဖျက်ဆီးနိုင်တာပဲဖြစ်ပါတယ်။
ဒါဟာ အပစ်ခတ်ခံရတဲ့ သင်္ဘောရဲ့ ကာကွယ်ရေးစနစ်ကိုရှုပ်ထွေးစေပြီး ဒုံးပျံလာတဲ့နှုန်းကို တွက်ချက်ရခက်ခဲ စေနိုင်ပါတယ်။
သို့ပေမယ့်လည်း တရုတ်ရဲ့ ဒုံးပျံများကို ကာကွယ်ဖို့ရာသည် အရေးကြီးသော ကိစ္စဖြစ်တဲ့ အတွက်ကြောင့် ဖြေရှင်းနိုင်မည့်နည်းလမ်းကတော့ ရှိနေဦးမှာပါ။
Gunziger နှင့် Clark နှစ်ဦး အကြံ ပေးထားရာမှာ ပေါင်းစပ် နည်းပညာသုံး electromagnetic railgun (လျှပ်စစ်စွမ်းအင်ဖြင့် ပေါက်ကွဲအားပြုလုပ်ကာ ကျည်ထွက်စေနိုင် အမြောက်များ) လေကြောင်းကာကွယ်ရေး လေဆာအမြှောက်များ၊ လက် ရှိထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ Multi-Azimuth Defense Fast Intercept Round Engagement System စနစ်များ
အသုံး ပြုလာနိုင်သည့်အပြင်၊ ထိုနှစ်ဦး အကြံပေးထားသည့် အခြေစိုက်စခန်းများအား ဖြန့်ကျက်ထားခြင်းဖြင့်တရုတ်အား ဒုံးပျံများ ထုတ်လုပ်ရန် ကုန်ကျစရိတ်ပိုမို များပြားလာစေကာ အမေရိကန် တပ်များအား တိုက်ခိုက်ရန်အခက်ကြုံစေခြင်း၊
ဒရုန်းများ နှင့် ဗျူဟာမြောက် ဗုံးကြဲလေယာဉ်သစ်ဖြစ်လာမည့် B-21 ကဲ့သို့လေယာဉ်များ အများအပြားတည်ဆောက်ပြီး တရုတ် လေကြောင်းကာကွယ်ရေးကိုထိုးဖောက်ကာ လက်ဦးမှု ရယူ ဖျက်ဆီးခြင်းများဖြင့် အနိုင်ယူနိုင်မှာဖြစ်ပါ တယ်။

အမေရိကန်အနေဖြင့်လည်း လက်ရှိအသုံးပြုနေဆဲဖြစ်တဲ့ လေကြောင်းကာကွယ်ရေး ဒုံးပျံစနစ်များကို ဖျက်သိမ်းနိုင်ဖွယ်မရှိပါဘူး။ ထိုဒုံးပျံများဟာ စျေးနှုန်းကြီးမြင့်ပေမယ့် အားကိုးလောက်တဲ့ အနေအထား ရှိပါသေးတယ်။
Electromagnetic လက်နက်များဟာ လေဆာလက်နက်များ၊ စွမ်းအားမြင့် မိုက်ခရိုဝေ့ လက်နက်များနှင့် တာတို ဒုံးပျံများထက် စျေးနှုန်းလွန်စွာကြီးမြှင့်ပြီး လေဆာ လက်နက်များနှင့် မိုက်ခရိုဝေ့ဖ် လက်နက်များထက် အသုံးပြုနိုင်မှု နည်းပါးနိုင်ပါတယ်။
လက်ရှိအမေရိကန်ရေတပ်သင်္ဘောများတွင် ကျွန်တော်မကြာသေးခင်က ရေးသားခဲ့သည့် Phalanx CIWS (close-in weapon system) များဖြင့် ဒုံးပျံများအား ပစ်ချနိုင်သေးသော်လည်း ထိုနည်းစနစ်မှာ လေကြောင်းကာကွယ်ရေးဒုံးပျံများအားကျော်ဖြတ်ပြီး ရောက်လာတဲ့ ဒုံးပျံကိုကာကွယ်ဖို့ နောက်ဆုံး စနစ်ပဲဖြစ်ပါတယ်။
Gunziger နှင့် Clark ရဲ့ report ရဲ့ရည်ရွယ်ချက်ကတော့ တာတို ကာကွယ်ရေးလက်နက်များအားလုံးကို railgun များ နှင့် ပို မို စျေးသက်သာသောလက်နက်များအားအသုံးပြုကာ ကွန်ယက်စနစ်ဖြင့် ချိတ်ဆက်စေပြီး တာလတ်ပစ် ဒုံးပျံများကို ပစ်ချနိုင်ဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။
အထက်ပါ သုံးသပ်ချက်ဟာ ၂၀၁၈ ခုနှစ်လောက်က ထွက်ပေါ်လာတာ ဖြစ်ပြီး အမေရိကန်တို့ဟာ Railgun စနစ်ကို ဆက် လက် မလုပ်ဆောင်တော့ပါဘူး။
ဒါပေမယ့် လေဆာ နည်းပညာမှာ သိသိသာသာ တိုးတက်လာပြီး စစ်သင်္ဘောများတွင် တပ်ဆင်နေကြပြီ ဖြစ်ပါတယ်။
အလားတူပင် F-35 များဟာလည်း အကွာအဝေး ၂ ဆ လောက်အထိ ရောက်ရှိနိုင်တော့မှာ ဖြစ်လို့ အစုလိုက အပြုံလိုက် ဒုံးကျည်များ၏ အန္တရာယ်ကို အတော်လေး သိသိသာသာ ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။
၂၀၁၈ က Knolwedgeworms တွင် ဖော်ပြခဲ့သည့် post ကို ပြန်လည် မွမ်းမံ ဖော်ပြခြင်း ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။