မိကျောင်း၏ အရူးလုပ်မှုကြောင့် ကံဆိုးသွားသည့် စပါးအုံး‌ မြွေကြီး

Article Nature

ရေဘုရင်လို့ အများက သတ်မှတ်ထားတဲ့ မိကျောင်းကြီးများကို အရွယ်အစား ကြီးမားလှတဲ့ စပါးအုံးကြီးများက တိုက်ခိုက် အနိုင်ယူ တတ်ကြပါတယ်။

အစာကွင်းဆက်တွင် ထိပ်ဆုံးလောက်မှာ ရှိနေတတ်ကြတဲ့ သတ္တဝါကြီးများဟာ တခါတရံမှာ ထင်မှတ်မထားတဲ့ အဖြစ် အ ပျက်တွေ ကြုံတွေ့ရတတ်ပါတယ်။

Burmese python ခေါ် စပါးအုံးများဟာ အရွယ်အစား အလွန်ကြီးမားတတ်ပြီး အမေရိကန် ဖလော်ရီဒါ ပြည်နယ်မှာ တွေ့ရှိခဲ့တဲ့ စပါးအုံးကတော့ အလေးချိန် ၂၁၅ ပေါင်နှင့် ၁၈ ပေ အရှည်ရှိပါတယ်။

ထိုမြွေတွင် ဥပေါင်း ၁၂၂ လုံး လွယ်ထားတာကို တွေ့ရှိခဲ့ပြီး တွေ့ရှိရသမျှ အကြီးဆုံး ဖြစ်သည့်အပြင် ဥအရေအတွက်ဟာလည်း အများဆုံး ဖြစ်ပါတယ်။

စပါးအုံးများ၏ ဇာတိမှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ တရုတ်အထိ နှင့် အင်ဒိုနီးရှားတောင်ပိုင်းတို့မှာ ဖြစ်တဲ့အတွက် ဒီလို အမေရိကန်မှာ တွေ့ရတဲ့ စပါးအုံးများဟာ ကျူးကျော်မျိုးစိတ်များလို့ သတ်မှတ်ထားပါတယ်။

ဂေဟ စနစ်ကို များစွာ ထိခိုက်စေသည့် ကျူးကျော် မျိုးစိတ်များဟာ နိုင်ငံတကာ အိမ်မွေး တိရိစ္ဆာန် မွေးမြူရေး ကဏ္ဍနှင့် ဆက်စပ်နေပါတယ်။

အမေရိကန် ဖလော်ရီဒါ ပြည်နယ်တွင် ပွားများနေသည့် စပါးအုံး မြွေကြီးများဟာ မြွေကိုမွေးမြူသည့် လူများမှ တောများထဲသို့ လွှတ်လိုက်ရာမှာ တဖြည်းဖြည်း များပြားလာတာ ဖြစ်ပါတယ်။

မိမိကျောင်းနှင့် စပါးအုံး တိုက်ပွဲ

ပုံတွင် တွေ့ရမှာကတော့ အရှည် ၄ မီတာ လောက်ရှိသည့် စပါးအုံးမြွေကြီးဟာ ၎င်းအတွက် ကြီးမားလွန်းတဲ့ သားကောင်ကြောင့် ဒုက္ခတွေ့သွားရတာပါ။

ဒါဟာ မိကျောင်းများ၏ ထူးခြားသည့် သဘာဝကြောင့်ဖြစ်ပြီး စပါးအုံးမြွေကြီးဟာ မိကျောင်း၏ ပရိယာယ်တွင် သက်ဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

မိကျောင်းများဟာ ၎င်း၏ နှလုံးခုန်နှုန်းကို လိုသလို လျှော့ချနိုင်ပြီး တမိနစ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်လောက်အထိ လျှော့ချကာ စပါးအုံးမြွေကြီးကို အရူးလုပ်ခဲ့ပုံ ရပါတယ်။

Image: Courtesy of Animal Wire

၎င်းတို့၏ နှလုံးတွင် အခန်း ၄ ခန်းပါရှိပြီး လေကိုတွန်းထုတ်ကာ အောက်ဆီဂျင် အသုံးပြုမှုကိုလျှော့ချပြီး ရေအောက်သို့ ငုပ် ဆင်းနိုင်ပါတယ်။

နှလုံးရှိ ဘယ် နှင့် ညာသွေးလွှတ်ကြောမများ အလယ်တွင် ရှိနေသည့် Foramen of Pannizza လို့ ခေါ်တဲ့ အပေါက်ငယ်ဟာ ရေထဲသို့ ငုပ်နေချိန် လေကို တွန်းထုတ်နိုင်ပြီး နှလုံးခုန်နှုန်းကို လျှော့ချပေးပါတယ်။

“မိကျောင်းတွေဟာ အရမ်း ခံနိုင်ရည်ရှိကြပြီး ဘာလုပ်လုပ် ၎င်းတို့ရဲ့ နှလုံးကို များစွာ မခုန်အောင် စွမ်းဆောင်နိုင်တယ်” လို့ ဂျော်ဂျီယာပြည်နယ် နည်းပညာတက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခ Flovio Fenton က ပြောပါတယ်။

စပါးအုံးမြွေများဟာ သားကောင်၏ နှလုံးခုန်နှုန်းကို အာရုံခံနိုင်ပြီး မိကျောင်းဟာ မလှုပ်မယှက် လဲလျောင်းကာ အသက်မဲ့နေပြီလို့ ထင်သွားခဲ့ဟန် တူပါတယ်။

မိကျောင်းဟာ စပါးအုံးမြွေ၏ မြိုချခြင်းကို ခံရတဲ့ အခါမှာတော့ ၎င်း၏ ဦးခေါင်း၊ ပုခုံး နှင့် ရှေ့ခြေထောက်များဖြင့် အတွင်းမှ တိုက်ခိုက်ခဲ့ပုံပါ။

Image: Courtesy of Animal Wire

တန်ပြန် တိုက်ခိုက်မှုဟာ အလွန် ပြင်းထန်တဲ့အတွက် စပါးအုံးမြွေရဲ့ ကံကြမ္မာဟာ မလှပခဲ့ဘဲ နှစ်ကောင်လုံး ရေထဲမှာ ဇီဝိန် ချုပ်သွားခဲ့ပါတယ်။

ဒီတွားသွား သတ္တဝါ နှစ်ကောင်အကြားက တိုက်ပွဲရဲ့ ရလဒ်ဟာ အံ့အားသင့်စရာ ကောင်းတယ်လို့ ဖလော်ရီဒါ တက္ကသိုလ်မှ တောရိုင်းတိရိစ္ဆာန်ဆိုင်ရာ ပါမောက္ခ Frank Mazzoti က မှတ်ချက်ပေးပါတယ်။

“စပါးအုံးမြွေတွေဟာ မိကျောင်းတွေကို အနိုင်ယူနိုင်ရင် တခြားမျိုးစိတ်တွေကိုလည်း အနိုင်ယူနိုင်တာ သိသာပါတယ်။ အခုကတော့ သရေပွဲပါ။” လို့ ၎င်းက ပြောပါတယ်။

တောရိုင်းတိရိစ္ဆာန် ကျွမ်းကျွင်သူများဟာ စပါးအုံးမြွေကြီး၏ အူလမ်းကြောင်းအတွင်းမှာ မိကျောင်း၏ အရေခွံများကိုလည်း ရှာတွေ့ခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published.