နွားတွေကို ပွေ့ဖက်ပေးခြင်းဟာ လူအတွက် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့ လက်ရှိ ခေတ်စားနေတဲ့ နည်းလမ်းများထဲမှ တခုဖြစ်နေပါတယ်။
နယ်သာလန်၊ ဗြိတိန်၊ ဆွစ်ဇာလန် နှင့် အမေရိကန်ရှိ အချို့ နွားခြံများတွင် နွားများကို ပွေ့ဖက်ခြင်းဖြင့် အပန်းဖြေခြင်း အစီ အစဉ်များကို စတင် ကမ်းလှမ်းနေကြပါပြီ။
အလားတူ အိန္ဒိယ မြောက်ပိုင်း နယူးဒေလီ၏ အနောက်မြောက်ဘက်ရှိ Gurugram မြို့မှ NGO တခုကလည်း နွားပွေ့ဖက်ခြင်း ဝန်ဆောင်မှု စင်တာတခု ဖွင့်လှစ်တော့မယ်လို့ India Times က ဖော်ပြခဲ့ပါတယ်။
Kamdhenu Gowdham နှင့် Arogya Sansthan ဆိုသူတို့က ဒီလို နွားများကို ပွေ့ဖက်ရသည့် ကုထုံးတရပ်ကို ဖန်တီးခဲ့တာပါ။
ဒါဟာ အလုပ်များသည့် မြို့ပြဘဝမှ စိတ်ဖိစီးနေသူများအတွက် စိတ်သက်သာရာ အရဆုံးဖြစ်အောင်နှင့် အခြား ကုထုံးများကို အစားထိုးဖို့အတွက် ရှာဖွေနေသူများအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။

ကုထုံးတွင် နွားများကို ပွတ်သပ်ပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ ပွေ့ဖက်ခြင်းနှင့် ၎င်းတို့နှင့် အတူတကွ ထိုင်ခြင်း တို့ ပါဝင်ပြီး ရည်ရွယ်ချက်ကတော့ “နွားတကောင်ကို ပွေ့ဖက်ပြီး သင်၏ ပြဿနာများ အားလုံးကို မေ့ပစ်ရန်” ဟု ထုတ်ပြန်ချက်တခုတွင် ဖော်ပြထားပါတယ်။
အဆိုပါ ဝန်ဆောင်မှုကို ဖွင့်လှစ်ထားတဲ့ NGO ၏ အဆိုအရ နွားများကို ပွေ့ဖက်တာဟာ ကျန်းမာရေးဆိုင်ရာ ရောဂါအချို့ကို သက်သာစေနိုင်ပြီး လူတဦးအား အခြား အကျိုးကျေးဇူးများစွာနှင့် စိတ်ကျန်းမာရေးကို ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။
အဖွဲ့အစည်းမှ ကြေငြာချက်တွင် “နွားများကို ပွေ့ဖက်ခြင်းဟာ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ၊ သွေးပေါင်ချိန်၊ ကျောရိုးနာ၊ နှလုံးပြဿနာ၊ စိတ်ကျခြင်းများသာ မက
ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှု နှင့် စိတ်ပိုင်းဆိုင်ရာ တင်းမာမှု အမျိုးမျိုးတို့ကို ပျောက်ကင်း စေသည်” ဟု ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် စီမံကိန်း အင်ဂျင်နီယာ ဖြစ်တဲ့ Sachin Deol ကတော့ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ ရဖို့တော့ လုံးဝကြီး အာမ မခံဘူးလို့ ဆိုပါတယ်။
အကြောင်းကတော့ “လူသားတိုင်းတွင် မတူညီတဲ့ တုန့်ပြန်မှုတွေ ရှိတဲ့အတွက် ဖြစ်ပါတယ်” လို့ ၎င်းက The Logical Indian မီဒီယာနှင့် အင်တာဗျူး ပြုလုပ်ရာတွင် ပြောပြခဲ့ပါတယ်။

နောက်ကွယ်မှာ သိပ္ပံဆိုင်ရာ အယူအဆ ရှိသလား
နိုင်ငံ တော်တော်များများတွင် အကျိုးရှိသည့် ပျော်ပွဲရွှင်ပွဲများဟာ အပြုသဘောဆောင်သည့် ခံစားချက်များကို တိုးပွားစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးတယ်လို့ ယုံကြည်ကြပါတယ်။
ပျော်ပွဲရွှင်ပွဲများမှ အတွေ့အကြုံဟာ လူသားများ၏ oxytocin ကို မြှင့်တင်ပေးပါတယ်။
ကျွန်တော်တို့အနေဖြင့် ခွေးတွေ ကြောင်တွေကို ပွေ့ဖက်ရတာဟာ ဘယ်လောက် စိတ်ချမ်းသာသလဲဆိုတာ သိပြီးဖြစ်ပြီး ပိုကြီးတဲ့ တိရစ္ဆာန်များကို ပွေ့ဖက်ရတဲ့အခါ ခံစားချက်က ပိုတိုးလာတယ်လို့ BBC က ဖော်ပြဖူးပါတယ်။
ဒါ့အပြင် ခံစားချက်ဟာ အပြန်အလှန်အားဖြင့် သက်ရောက်ပုံပါပဲ။
နွားများဟာ ထိုကဲ့သို့ ပွေ့ဖက်ခံရတာနှင့် ပတ်သက်ပြီး ပြဿနာမှရှိဘဲ ၎င်းတို့ဟာ ပွေ့ဖက်ခြင်းနှင့် နှိပ်နယ်ခြင်းကို နှစ်သက်ကြကြောင်း ၂၀၀၇ ခုနှစ်က Applied Animal Behavior Science ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာမှုတခုမှ သိရှိခဲ့ရပါတယ်။
လေ့လာမှုတွင် နွားများဟာ ၎င်းတို့၏ လည်ပင်းနှင့် ကျောအပေါ်ပိုင်းကို ပွတ်သပ်ခံရပါက နက်နဲသည့် အပန်းဖြေမှုကို ရရှိစေတယ်လို့ ဖော်ပြခဲ့တာပါ။

ကျွန်တော်တို့ လူသားတွေရဲ့ နေ့စဉ် ဘဝဟာ လှုပ်ရှားရုန်းကန်နေရတဲ့ အတွက် အမြဲလိုလို စိုးရိမ်ပူပန်မှုတွေ မြင့်မားနေလေ့ရှိပါတယ်။
ဒါ့ကြောင့် နွားတွေကို ပွေ့ဖက်တာဟာ အနည်းဆုံးတော့ စိတ်အပန်းဖြေမှုကို ရရှိစေမှာပါ။
စိတ်ပညာရှင်တယောက်ဖြစ်ပြီး ဒီလို နွားတွေကို ပွေ့ဖက်တဲ့ အတွေ့အကြုံရှိဖူးတဲ့ NIIT တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဒေါ က်တာ Ritu Dangwal ကတော့ နွားတွေနဲ့ နေရတာ အလွန့်အလွန်ကို ကောင်းမွန်တဲ့ ကုထုံးတခု ဖြစ်ပါတယ် လို့ ပြောပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။