ကန္တာရထဲမှာ အလိုအလျှောက် မျိုးစေ့ချ စိုက်ပျိုးနိုင်တဲ့ ချစ်စရာ စက်ရုပ်ငယ် အကြောင်း

Innovation Tech

စက်ရုပ်အသေးစားလေးဟာ ကန္တာရထဲမှ ဘာပင်မှ မရှိတဲ့ မြေလွတ်မြေရိုင်းတွေထဲမှ စိုက်ပျိုးလို့ ဖြစ်နိုင်တဲ့ မြေကို လိုက်လံ ရှာဖွေနေတဲ့ ပုံစံကို မြင်ယောင်ကြည့်ပါက အနာဂါတ်ရဲ့ တိုးတက်မှုကို သတိထားမိလာမှာပါ။

ဟုတ်ပါတယ်။ ဒီအသေးစား စက်ရုပ်လေးဟာ ကန္တာရထဲမှာ ၎င်းရဲ့ အာရုံခံ ကိရိယာနှင့် လမ်းပြစနစ်များကို အသုံးပြုပြီး စိုက်ပျိုးနိုင်တဲ့ မြေကို ရှာတွေ့ပါက ပျိုးပင်တွေကိုပါ တခါထဲ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။

အလိုအလျှောက် စက်ရုပ်အမျိုးအစား ဖြစ်တဲ့ A’seedbot လို့ခေါ်တဲ့ ဒီစက်ရုပ်ငယ်ဟာ UAE နိုင်ငံရှိ သဲကန္တာရရဲ့ အရွယ်အစားကို ကြီးမားတဲ့ အတိုင်းအတာ တခုအထိ လျှော့ချပေးသွား နိုင်ဖွယ် ရှိပါတယ်။

Image: Courtesy of Globalgradshow

စက်ရုပ်ဟာ ဒူဘိုင်းရှိ Institute of Design and Innovation မှ ဘွဲ့ကြို ပရောဂျက် တခုမှ ထွက်ပေါ်လာတာ ဖြစ်ပြီး ကျောင်းသား တယောက်ဖြစ်တဲ့ Mazyar Etehadi မှ ဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ A’seedbot စက်ရုပ်ကို လူမှုရေး နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများအတွက် ဆန်းသစ်တဲ့ ဖြေရှင်းနည်းများကို ပြသဖို့ ဒီဇိုင်း ရေးဆွဲသူများကို ပံ့ပိုးပေးနေတဲ့ Global Grad Show ပြပွဲတွင် ထုတ်ဖော်ပြသ ခဲ့တာပါ။

Etehadi ရဲ့ ပရောဂျက်ဟာ နယ်ပယ် အသီးသီးရှိ ဆန်ကာတင် စာရင်း ၁၅၀ တွင် ပါဝင်ခဲ့ပါတယ်။

“ကျွန်တော်က ဒီထက်ပိုပြီး သစ်ပင်တွေ ရှိနေစချင်တာနဲ့ ပိုမို စိမ်းလန်း စိုပြေ နေစေချင်တာပါ” လို့ ၎င်းက CNN နှင့် အင်တာဗျူးတခုတွင် ပြောပြ ခဲ့ပါတယ်။

Image: Courtesy of Globalgradshow

သဲကန္တရာဖြစ်တည်နေမှု ပြဿနာဟာ သူ့ကို လူသားများ မပါဝင်ဘဲ ပိုမို လွယ်ကူကာ ထိရောက်တဲ့ ဖြေရှင်းနည်းများကို ရှာဖွေနိုင်ဖို့ လှုံ့ဆော်ပေးခဲ့တယ်လို့ ဆိုပါတယ်။

A’seedbot ဟာ အရှည် ခန့်မှန်းခြေ ၈ လက်မ (၂၀ စင်တီမီတာ) လောက်ရှိကာ ဆိုလာပြားများ တပ်ဆင်ထားပြီး နေ့အချိန်တွင် အားသွင်းစေကာ ညပိုင်းမှာ အလုပ်လုပ်ဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

စက်ရုပ်ငယ်ဟာ ၃ မိုင်လောက် (၅ ကီလိုမီတာ) လောက် နယ်မြေအတွင်းမှာ အလိုအလျှောက်အားဖြင့် သွားလာကာ တပ်ဆင်ထားသည့် မျက်လုံး ၂ ခုမှ တခုဟာ စိုထိုင်းဆကို တိုင်းတာနိုင်သည့် ကိရိယာပါဝင်ပြီး လိုအပ်သည့် စိုထိုင်းဆရှိပါက တခါတည်း တူးဆွ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။

သစ်ပင်စိုက်ရန် တူးဆွနေပုံ Image: Courtesy of Globalgradshow

3D Printing နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ စက်ရုပ်၏ ခြေထောက်များဟာ သဲကန္တာရအတွင်းမှာ ကောင်းမွန်စွာ သွားလာနိုင်သလို မျိုးစေ့များ စိုက်ပျိုးဖို့အတွက်လည်း ကောင်းစွာ တူးဆွပေးနိုင်ပါတယ်။

၎င်းတွင် ကိန်းဂဏန်း အချက်အလက်များကို ပြန်လည် ပေးပို့ နိုင်သည့် အကွာအဝေး အာရုံခံ ကိရိယာနှင့် အရာဝတ္ထု များနှင့် တိုက်မိမှုမှ ရှောင်ရှားနိုင်သည့် အာရုံခံ ကိရိယာ များတပ်ဆင်ထားပြီး မျိုးစေ့များ ပြန်လည် ဖြည့်တင်းဖို့အတွက်သာ လူ၏ အကူအညီ လိုအပ်ပါတယ်။

Image: Courtesy of Globalgradshow

“ဒါဟာ ဖြေရှင်းဖို့ လွယ်ကူတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ အဲဒါကို အမှန်တကယ် အကောင်အထည်ဖော်ခြင်း မရှိခဲ့ပါဘူး” လို့ Etehadi က ဆိုပါတယ်။

A’seedbot ကိုနောက်ပိုင်းမှာ အစိုးရအဖွဲ့အစည်းများ၊ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍများ နှင့် ပုဂ္ဂလိက တောင်သူ လယ်သမားများ ကပါ အ သုံးပြု လာနိုင်ကြောင်း သူက ပြောပါတယ်။

Image: Courtesy of Globalgradshow

ဒါ့ကြောင့် A’seedbot ဟာ ယခင်က စမ်းသပ်ခဲ့ကြဖူးသည့် မျိုးစေ့ကြဲ ဒရုန်းများထက် စွမ်းအင် လိုအပ်မှု နည်းပါးကာ အလိုအလျှောက် လုပ်ဆောင်နိုင်ပြီး တူးဆွနိုင်သည့် စွမ်းရည်ပါ ပိုင်ဆိုင်ထားသည့်အတွက် ပိုမို ထိရောက်တဲ့ နည်းလမ်းလို့ ပြောနိုင်ပါတယ်။

အနာဂါတ်မှာ A’seedbot ကို အသုံးပြုပြီး UAE ရဲ့ ကန္တာရ အရွယ်အစားကို လျှော့ချနိုင်ကာ အခြား စိုက်ပျိုးရေး နယ်ပယ်မှာလည်း အများအပြား မြင်လာရဖွယ် ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *