Xiaomi က ပြသခဲ့သည့် လူသားပုံစံ စက်ရုပ် CyberOne အကြောင်း

Innovation Tech

လူသားနှင့် အလွန်တူလာသည့် စက်ရုပ်များကို အနာဂါတ်တွင် တွင်တွင်ကျယ်ကျယ် တွေ့လာရတော့မှာ ဖြစ်ပြီး အိမ်တွင်း အသုံးပြုမှများမှာ ခေတ်စားလာဖွယ် ရှိပါတယ်။

Boston Dynamics ၏ Atlas၊ Agility Robotics ၏ Digit နှင့် Tesla မှ မကြာခင် ပြသမည့် Optimus စက်ရုပ်များအပြင် ယခုအခါ Xiaomi မှ ၎င်း၏ စက်ရုပ်သစ်ကို ပြသလိုက်ပါတယ်။

ထိုစက်ရုပ်များဟာ အနာဂါတ်တွင် လူသားများ မလုပ်ဆောင်နိုင်သည့် ခက်ခဲသည့် အလုပ်များ အပါအဝင် အသုံးချမှု အမျိုးမျိုးတွင် အသုံးတော်ခံဖို့ လမ်းစများ ဖြစ်ပါတယ်။

Xiaomi ရဲ့ စက်ရုပ်သစ်ကို CyberOne လို့ အမည်ပေးထားပြီး ဒါဟာ မကြာသေးမီက ပြသခဲ့သည့် Cyberdog ခွေးစက်ရုပ်အပြီး ဒုတိယမြောက် စက်ရုပ်တခုလည်း ဖြစ်ပါတယ်။

ထိုစက်ရုပ်ကို ဘေဂျင်းမှာ ပြသခဲ့တာ ဖြစ်ပြီး Xiomi ၏ CEO ဖြစ်တဲ့ Lei Jun ကို ပန်းတပွင် လာရောက်ပေးသည့် ပုံစံဖြင့် စတင် မိတ်ဆက်ခဲ့တာပါ။

အဆိုပါ စက်ရုပ်ကို bipedal-motion position balancing ချိန်ညှိစနစ်ဖြင့် ထိန်းချုပ်ထားသည့် အဆင့်မြင့် ခြေနှင့်လက်များကို တပ်ဆင်ထားကာ အမြင့်ဆုံး လိမ်အား 300Nm အထိ စွမ်းဆောင်နိုင်ပါတယ်။

အရပ်အမြင့် ၅ပေ ၈ လက်မ အလေးချိန် ၅၂ ကီလိုဂရမ်ရှိသည့် ဒီစက်ရုပ်ဟာ Tesla ၏ မနှစ်က ပြသခဲ့သည့် Optimus စက်ရုပ်နှင့် အမြင့်နဲ့ အလေးချိန် အတူတူ ဖြစ်ပါတယ်။

Image: Courtesy of Xiaomi

CyberOne ဟာ လူများ၊ လက်ဟန် ခြေဟန်နှင့် အမူအရာများ အပြင် တုန့်ပြန်မှုများကို မှတ်မိနိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။

အချိန်ကြာလာသည်နှင့်အမျှ ၎င်းတွင် ထည့်သွင်းထားသည့် ဥာဏ်ရည်တု AI စနစ်ကြောင့် လူသားများ၏ စိတ်ခံစားမှုများကို သင်ယူနိုင်ပြီး နောက်ထပ် အမှားတွေ ထပ်မလုပ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

စက်ရုပ်၏ မျက်နှာတွင် OLED မျက်နှာပြင် အခုံးကို တပ်ဆင်ထားပြီး ပြင်ပလောကကို 3D ဖြင့် မြင်နိုင်ပါတယ်။

ဒါ့အပြင် တပ်ဆင်ထားသည့် မိုက်ခရိုဖုံး တစုံမှ နှင့် အမြင်အာရုံမှ ပတ်ဝန်းကျင်မှ အသံပေါင်း ၈၅ မျိုး နှင့် လူသားများ၏ စိတ်ခံစားမှု ပေါင်း ၄၅ မျိုးလောက်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒါဟာ အောင်မြင်ပါ့မလားဆိုတဲ့ မေးခွန်းတွေတော့ ရှိနေပြီး ၎င်းတို့ ဆိုထားတဲ့အတိုင်း ဖြစ်လာ မဖြစ်လာက မသေချာသေးပါဘူး။

ခန္ဓာကိုယ်တခုလုံး ထိန်းချုပ်မှု အယ်လ်ဂိုရစ်သမ်မှ အဆစ်ပေါင်း ၁၃ ခု ကို ဒီဂရီပေါင်း ၂၁ ခုနှင့် လွတ်လပ်စွာ လုပ်ဆောင်နိုင်ပြီး 0.5ms (စက္ကန့်ဝက်) အတွင်း တုန့်ပြန်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

အပေါ်ပိုင်း ခြေလက်အင်္ဂါများကို လှုပ်ရှားမှု ချောမွေ့စေရန် ၅၀၀ ဂရမ်သာ အလေးချိန်ရှိသည့် စွမ်းဆောင်ရည်မြင့် 30Nm လိမ်အားထုတ်ပေးနိုင်သည့် မော်တာ တပ်ဆင်ထားပါတယ်။

ထိုလိမ်အားလောက်ဖြင့် တင်ပဆုံမော်တာဟာလည်း စွမ်းဆောင်နိုင်သည့်အတွက် ချောမွေ့စွာ လှုပ်ရှားနိုင်ကာ humanoid bipedal control algorithm ကြောင့် လမ်းလျှောက်ရာမှာလည်း လူသားများကဲ့သို့ သဘာဝဟန်ကို ထိန်းကာ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Image: Courtesy of Xiaomi

စက်ရုပ်ဟာ လက်တဖက်တည်းနှင့် အလေးချိန် ၁.၅ ကီလိုဂရမ် လောက်အထိ သယ်ဆောင်နိုင်ပြီး သရုပ်ပြမှုအတွက် ပရိုဂရမ်း ရေးဆွဲနိုင်တယ်လို့ ပြောပါတယ်။

Xiaomi ကတော့ ဒီစက်ရုပ်များဟာ အနာဂါတ် ထုတ်လုပ်ရေး ကဏ္ဍများနှင့် လူသားများအတွက် အဖော်စက်ရုပ်များအဖြစ် အသုံးချနိုင်မယ်လို့ ပြောပါတယ်။

သို့ပေမဲ့ ကျွန်တော်တို့ အိမ်များတွင် အသုံးပြုနိုင်ဖို့ကတော့ အချိန်တွေ အများကြီး ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

လက်ရှိ အနေအထားကတော့ ဒီစက်ရုပ်ဟာ လမ်းလျှောက်ပြရုံ၊ အနည်းငယ် စကားများကို တုန့်ပြန်နိုင်ပြီး လက်တွေ့ကျသည့် အလုပ်များကို အသုံးမပြုနိုင်သေးသည့် ရှေ့ပြေးပုံစံတခုသာ ရှိနေပါသေးတယ်။

Lei Jun အဆိုအရ CyberOne ကို ရောင်းချတဲ့အခါ အမေရိကန် ဒေါ်လာ ၈၉,၁၀၀ မှ ၁၀၄,၀၀၀ လောက်အထိ ကျသင့်လိမ့်မယ်လို့ သိရပါတယ်။

ဒီ CyberOne စက်ရုပ်များကို မည်သည့်အချိန်တွင် အဆင်သင့်ဖြစ်ပြီး စတင်ရောင်းချမည် ဆိုတာကတော့ အခုအချိန်အထိ အတိအကျ မသိရသေးပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com