General Atomics မှ လေယာဉ်များနှင့် တွဲဖက်နိုင်သည့် ဒရုန်းပုံစံ ပြသ

Military News

မောင်းသူမဲ့ စစ်ဆင်ရေးများ မြင့်တက် လာနေချိန်မှာ မောင်းသူမဲ့ လေယာဉ် တစီးကနေ အစုလိုက်အပြုံလိုက် စနစ်များအထိ အချိန်တိုအတွင်း မှာ တိုးတက်လာတာကို ကျွန်တော်တို့ မြင်နေရပါတယ်။

နိုင်ငံတွေမှာ ဒရုန်းစစ်ဆင်ရေး နှင့် ဒရုန်း ကာကွယ်ရေး စနစ်များ တွေ့ကြုံလာရခြင်းကြောင့် ဒရုန်းဖြင့် ကိုယ်ပိုင် တိုက်ခိုက်ရေးစနစ်များ ရှိဖို့ဆိုတာလည်း လိုအပ်လာပါတယ်။

အဆင့်မြင့်ကာကွယ်ရေး သုတေသန စီမံကိန်းများ အေဂျင်စီ Defense Advanced Research Projects Agency (DARPA) မှ ဒီလိုအပ်ချက်ကို အသိအမှတ်ပြုခဲ့ပြီး LongShot စီမံကိန်းကို အစပြုခဲ့ကာ အခုတော့ General Atomics ရဲ့ rendering ပုံဟာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

DARPA ဟာ LongShot စီမံကိန်းကို ယခုနှစ် အစောပိုင်းမှာ ကြေငြာခဲ့တာဖြစ်ပြီး အဓိကအားဖြင့် လေယာဉ်မှူးများ၏ လုံခြုံမှုနှင့် လေယာဉ် ပျက်စီးမှု အန္တရာယ်ကိုလျှော့ချနိုင်ဖို့ ရည်ရွယ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ရေး ပြုလုပ်နိုင်တဲ့ ဒရုန်းတစင်းဟာ လေယာဉ်မှူးများအား ပဋိပက္ခဇုံ နှင့် ဝေးကွာသည့် အကွာအဝေးတွင် ရှိနေစေကာ တိုက်ခိုက်ရေး စစ်ဆင်မှုများစွာကို ပါဝင်စေနိုင်ပါတယ်။

Northop မှ ပြသထားသည့် ဒရုန်းပုံ

DARPA ဟာ ပထမဆုံး အဆင့်စာချုပ်များကို နာမည်ကြီး ကုမ္ပဏီများဖြစ်တဲ့ General Atomics၊ Northop Grumman နှင့် Lockheed Martin တို့နှင့် စာချုပ်အသီးသီး ချုပ်ဆိုထားပါတယ်။

အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် General Atomics Aeronautical Systems Inc., (GA-ASI) ဟာ မကြာသေးမီက ၎င်းတို့၏ LongShot စီမံကိန်းအတွက် မောင်းသူမဲ့လေယာဉ်ပုံစံကို ပြသလိုက်ပါတယ်။

အဲဒီ့လေယာဉ်ဟာ ၎င်းထက်ကြီးတဲ့ ဒရုန်း သို့မဟုတ် လူမောင်းနှင်သည့် လေယာဉ်မှ တဆင့် ပစ်လွှတ်နိုင်ကာ ဝေဟင်မှ ဝေဟင် တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

ဒါ့ကြောင့် B-52H လို တာဝေးသွား ဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများတွင် တင်ဆောင်ခြင်းဖြင့် အဆိုပါ လေယာဉ်ကြီးများအား လေကြောင်းရန်မှ ကာကွယ်ပေးနိုင်မှာပါ။

ဒါ့အပြင် လက်ရှိ ထုတ်လုပ်နေတဲ့ B-21 Raider ရေဒါပျောက် လေယာဉ်များမှာလည်း အသုံးပြုဖွယ်ရှိပါတယ်။

ဒရုန်းတွင် လက်ရှိ အမေရိကန် လေတပ်နှင့် ရေတပ်တို့ ပူးပေါင်း ထုတ်လုပ်နေသည့် ဝေဟင်မှ ဝေဟင် တာဝေးပစ် AIM-260 ကို တင် ဆောင်နိုင်ဖွယ်ရှိပြီး AIM-120 များကိုလည်း တင်ဆောင်နိုင်မှာပါ။

Northop Grumman ကတော့ ၎င်းတို့ ဒရုန်း၏ rendering ပုံကို ပြသပြီး ဖြစ်ပါတယ်။

ဒီလို စွမ်းဆောင်ရည်မြင့် ဒရုန်းများကြောင့် မျိုးဆက်သစ်တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်များသာမက F-15EX ကဲ့သို့ စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များကိုပါ အကြီးအကျယ် တိုးတက်လာစေမှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *