ကမ္ဘာ့ ပထမဆုံး လပေါ် Data Center ဖြစ်လာနိုင်မည့် စီမံကိန်း အကြောင်း

News Science

ကမ္ဘာပေါ်ရှိ အချက်အလက်များကို Data Center ကြီးများဖြင့် ထိန်းသိမ်းထားပြီး လုံခြုံမှု အပြည့်ရှိအောင် ဆောင်ရွက်ထားရပါတယ်။

အမျိုးမျိုးသော Data Center များတွင် နေ့စဉ် Social Media များကအစ နိုင်ငံ့ လုံခြုံရေး၊ စစ်ရေး ဆိုင်ရာ အချက်အလက်တွေ အဆုံး ထားရှိပါတယ်။

အမေရိကန်ရှိ အကြီးဆုံး Data center ဟာ Lakeside Technology Center ဖြစ်ကာ ချီကာဂို မှာ တည်ရှိပြီး ၁.၁ မီလီယံ ကုဗပေ ကျယ်ဝန်းပါတယ်။

၎င်းကို လည်ပတ်ဖို့အတွက် ၁၉၉၉ ခုနှစ်ကတည်းက ဂျင်နရေတာပေါင်း ၅၀ လောက် လိုအပ်ပြီး ဆီ ဂါလံ ၈.၅ သန်းလောက် စွမ်းအင်မပြတ်စေရန် အသုံးပြုပြီး ဖြစ်ပါတယ်။

ချီကာဂိုရှိ Lakeside Data Center Image: Courtesy of Wiki Commons (CC BY-SA 3.0)

Lonestar Data Holdings ဆိုတဲ့ ကုမ္ပဏီ တခုကတော့ အချက်အလက်များကို မပျောက်ပျက်စေရန်နှင့် လုံခြုံမှု ပိုမို ရှိလာစေရန် ၎င်း၏ အစီအစဉ်ကို ကြေငြာခဲ့ပါတယ်။

အဲဒါကတော့ လပေါ်မှာ Disaster Recovery as a Service (DRaaS) လို့ခေါ်တဲ့ ဘေးအန္တရာယ်များ ကြုံတွေ့ပါက အချက် အလက် များကို ပြန်လည်ရယူနိုင်တဲ့ ဝန်ဆောင်မှု တခု လုပ်ဆောင်ဖို့ပါ။

ဒီသတင်းဟာ SpaceX ၏ နောက်ဆုံး မစ်ရှင်ဖြစ်သည့် Transporter-5 ကိုလွှတ်တင်ခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ကာ ဒီမစ်ရှင်မှာ Crypto1 လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေး blockchain ကို လုံခြုံစေဖို့ အာကာသထဲမှာ သိမ်းဆည်းပေးမယ့် ကမ္ဘာ့ပထမဆုံး ဂြိုဟ်တု ကို လွှတ်တင်ခဲ့တာပါ။

Lonestar ကုမ္ပဏီ၏ အချက်အလက်များကို သိမ်းဆည်းလိုသည့် ဆန္ဒဟာ လူသားမျိုးနွယ်များအတွက် အာမခံနိုင်သည့် သီးနှံမျိုးစေ့များ သိုလှောင်ထားတဲ့ Svalbard Global Seed Vault နှင့် နှိုင်းယှဉ်လို့ ရပါတယ်။

မြောက်ဝင်ရိုးစွန်း တောင်ဘက် မိုင် ၆၂၀ အကွာရှိ Spitsbergen ကျွန်းမှ Svalbard Global Seed Vault ဟာ လက်ရှိ ကမ္ဘာ့ အပင်မျိုးစိတ်ပေါင်း ၅ သိန်း ကျော်ကို ထိန်းသိမ်းထားပါတယ်။

Svalbard Global Seed Vault Image: Courtesy of Wiki Commons (CC BY-SA 3.0)

ကောက်ပဲသီးနှံများအစား Lonestar ဟာ လူသားများ၏ အသိပညာကို ကာကွယ်ရန် ရည်ရွယ်ပြီး ဝေးလံသည့် အာတိတ်ဒေသအစား လပေါ်ရှိ ချော်ရည်ပြွန်များတွင် ထားရှိမှာ ဖြစ်ပါတယ်။

“အချက်အလက်တွေဟာ လူသား မျိုးနွယ်မှ ဖန်တီးထားတဲ့ အကြီးမားဆုံး ငွေကြေး ဖြစ်တယ်” လို့ Lonestar ကို တည် ထောင် သူ Chris Stott က ရှင်းပြပါတယ်။

“ကမ္ဘာ၏ အကြီးဆုံး ဂြိုဟ်ရံလဟာ ကျွန်တော်တို့ အနာဂတ်ကို လုံခြုံစွာ သိမ်းဆည်းဖို့ အကောင်းဆုံးနေရာကို ကိုယ်စားပြုနေပါတယ်” လို့ ၎င်းက ဆက်ရှင်းပြပါတယ်။

လရဲ့ မျက်နှာပြင်တဖက်ဟာ ကမ္ဘာကိုသာ မျက်နှာမူထားသည့်အတွက် ကမ္ဘာနှင့် လဟာ အပြန်အလှန် ဆက်သွယ်နိုင်ဖို့ လွယ်ကူပါတယ်။

‘Lunar ark’ လို့ခေါ်တဲ့ စီမံကိန်းဟာ လူသားတွေရဲ့ အသိပညာအတွက် အာမခံချက် ပေးနိုင်ပြီး Lonestar ဟာ NASA ကျော ထောက်နောက်ခံပြုထားသည့် အာကာသယာဉ် ကုမ္ပဏီ Intuitive Machines နှင့် လပေါ် ဆင်းသက်မှု နှစ်ခုအတွက် ရှေ့ ပြေး ပုံစံ စက်ပိုင်းဆိုင်ရာနှင့် ဆော့ဝဲလ်ပိုင်းဆိုင်ရာ စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း ကြေငြာထားပါတယ်။

ကမ္ဘာပေါ်ရှိ Data Center တခုအား မြင်ရစဉ်

Intuitive Machines ကုမ္ပဏီမှ Lonster ၏ ပထမ မစ်ရှင်အတွက် နှစ်ကုန်တွင် လွှတ်တင်မည့် Nova-C လဆင်းယာဉ်ထဲမှ တခုဖြစ်တဲ့ IM-1 ကို လပေါ်သို့ စေလွှတ်မှာပါ။

IM-1 ဟာ ဆော့ဝဲလ်ကိုသာ စမ်းသပ်မှာ ဖြစ်ပြီး လာမည့် မစ်ရှင်နောက်တခု ဖြစ်တဲ့ IM-2 ကတော့ Lonester ၏ ပထမဆုံး 16TB ရှိတဲ့ ၁ ကီလိုဂရမ် အလေးချိန်ရှိ Memory စနစ်ကို ပေးပို့မှာပါ။

IM-2 ကိုတော့ လာမယ့် နှစ် အတွင်းမှာ လွှတ်တင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ထို အစီအစဉ်တွေ အောင်မြင်ပါက Lonestar ဟာ အပြည့်အဝ အရွယ်အစားဖြင့် တည်ဆောက်ထားသည့် ရှေ့ပြေးပုံစံကို လပေါ်မှာ စမ်းသပ်ဖို့ လုပ်ဆောင်မှာပါ။

The Register နှင့် အင်တာဗျူးတခုမှ Stott မှ ကုမ္ပဏီအနေဖြင့် ၂၀၂၄ ခုနှစ်မှာ 5 Petabytes (5000TB) အထိ သိုလှောင်စနစ်ကို အဆင့်မြှင့်သွားမှာ ဖြစ်ပြီး ၂၀၂၆ မှာတော့ 50 Petabytes (50,000TB) လောက်အထိ ရှိလာမယ်လို့ ပြောပါတယ်။

လပေါ် ချော်ရည်ထွက်ပြွန်တခု သရုပ်ပြ Image: Courtesy of John Lowery/NASA

ဒီအစီအစဉ် ဖြစ်လာဖို့ မျှော်လင့်ရတဲ့ အနေအထားကတော့ ကမ္ဘာမှ လပေါ်သို့ 15 Gb/s အမြန်နှုန်းဖြင့် အချက်အလက်များ ပေးပို့နိုင်ဖို့ပါ။

Stott ၏ အဆိုအရ Data Center များကို စက်ရုပ်အကူအညီဖြင့် လ၏ ချော်ရည်ထွက် ပြွန်များတွင် ထားရှိနိုင်ကြောင်း The Register မှ ဖော်ပြခဲ့ပါတယ်။

ဒီအယူအဆဟာ အရီဇိုးနား တက္ကသိုလ်မှ သုတေသီ Jekan Thanga ဦးဆောင်သည့် အင်ဂျင်နီယာ အဖွဲ့မှ မနှစ်က ရေးသားခဲ့တဲ့ “Lunar ark” လို့ခေါ်တဲ့ နေရောင်ခြည် စွမ်းအင်သုံး လပေါ် ခေတ်သစ် ကမ္ဘာ့ အာမခံ ပေါ်လစီ မှ ရယူခဲ့တာ ဖြစ်နိုင်ပါတယ်။

ထိုအဖွဲ့ဟာ အေးခဲထားသည့် မျိုးစေ့များ၊ လူသားမျိုး နမူနာများ အပါအဝင် လ၏ ချော်ရည်ပြွန်ထဲတွင် ကမ္ဘာ့ မျိုးစိတ်ပေါင်း ၆.၇ သန်းလောက် ထားရှိရန် အကြံပြုထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *