မကြာသေးမီက ပြိုင်ဘက် ဘီလျံနာနှစ်ဦးဖြစ်သည့် Jeff Bezos နှင့် Richard Branson တို့ စီးပွားဖြစ် အာကာသခရီးစဉ် အတွက် ပြိုင်ဆိုင်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ကြပါတယ်။
သို့ပေမယ့် အာကာသခရီးစဉ်ဆိုတာ စီးပွားဖြစ် ပျံသန်းမှုများအတွက် ကျယ်ပြန့်တဲ့အတွက် အခြား ကုမ္ပဏီများကလည်း ၎င်းတို့လို ဒီ ပြိုင် ဆိုင်မှုမှာ ပါဝင်လာကြပါတယ်။
၂၀၂၁ ခုနှစ်ဟာ အာကာသ ခရီးသွားလုပ်ငန်းတွေ အပြိုင်အဆိုင် လုပ်ကြတဲ့ နှစ်တနှစ်လို့ ပြောရမလားပါပဲ။
နောက်ထပ် အာကာသ ခရီးသွားလုပ်ငန်း ပြိုင်ဆိုင်မှုအတွင်း ဝင်ရောက်လာတဲ့ ကုမ္ပဏီများထဲက တခုကတော့ Dawn Aerospace ဖြစ်ပြီး မောင်းသူမဲ့ Mk-II Aurora အာကာသသွား လေယာဉ်ပျံနှင့် ပထမဆုံး စမ်းသပ်ပျံသန်းမှု ၅ ကြိမ်အထိ အောင်မြင်ထားပါတယ်။

ဒီ စမ်းသပ် ပျံသန်းမှုတွေကို နယူးဇီလန် နှင့် ဒက်ချ် အာကာသ ပို့ဆောင်ရေး ကုမ္ပဏီမှ ပြုလုပ်ခဲ့တာဖြစ်ပြီး နယူးဇီလန် တောင်ဘက်ကျွန်းပေါ်ရှိ Glentanner ပုဂ္ဂလိကသုံး လေယာဉ်ကွင်း မှ ပျံတက်ခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လက အစားထိုး တပ်ဆင်ထားသည့် ဂျက်အင်ဂျင်ဖြင့် လေယာဉ်ကို ဖြေးညင်းစွာ မောင်းနှင်စမ်းသပ်မှုကို စတင်ခဲ့ပြီး ဇူလိုင် ၂၈ မှ ၃၀ ရက် ကြား အမြင့်ပေ ၃,၄၀၀ တွင် ၅ ကြိမ် ပျံသန်းခဲ့ပါတယ်။
စမ်းသပ်ပျံသန်းမှုများတွင် လေယာဉ် ကိုယ်ထည် နှင့် avionics စနစ်များကို အကဲဖြတ် လေ့လာမှုများ ပြုလုပ်နိုင်ခဲ့ပါတယ်။
အမြင့် မီတာ ၁ ထောင်ကျော်ကို ရောက်ရှိခဲ့တဲ့ ၅ ကြိမ် ပျံတက်မှုတွင် နောက်ပိုင်း Mark-II အာကာသသွား လေယာဉ်အတွက် သုတေသနနှင့် တိုးတက်မှုများ လေ့လာနိုင်ဖို့ ကျယ်ပြန့်တဲ့ အချက်အလက်များကို ရရှိစေခဲ့ပါတယ်။
Mk-II Aurora အာကာသသွား လေယာဉ်ကို အခြား အာကာသယာဉ်များကဲ့သို့ အာကာသအနီးသို့ မရောက်ခင် ဒုံးပျံသို့မဟုတ် လေယာဉ်ကြီးများတွင် ချိတ်ဆွဲပြီး ပျံတက်စရာမလိုဘဲ ကိုယ်တိုင် လေဆိပ်များမှ အဆင်းအတက် လုပ်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

အစောပိုင်း စမ်းသပ်မှုများကို အစားထိုး တပ်ဆင်ထားသည့် ဂျက်အင်ဂျင်ဖြင့် စမ်းသပ်ခဲ့တာဖြစ်ပြီး ထုတ်လုပ်မှု၏ နောက်ဆုံး အဆင့်သို့ ရောက်ရှိလာပါက အရည်လောင်စာသုံး ရော့ကတ် အင်ဂျင်ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ့ အင်ဂျင်မှ ပိုမို မြင့်မားတဲ့ စွမ်းဆောင်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ကာ လေယာဉ်ကို စမ်းသပ်သည့်အခါတွင် အသံထက်မြန်သည့် အမြန်နှုန်းဖြင့် အလွန်မြင့်သည့် အမြင့်ကို ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။
Mk-II ကို နောက်ဆုံးထွက်ရှိလာမည့် တကယ်အသုံးပြုမယ့် မျိုးကွဲလေယာဉ်အတွက် နည်းပညာသရုပ်ပြမှု တခုအနေဖြင့် အသုံးပြုသွားမှာ ဖြစ်ပြီး အဲဒီ့ Mk-III မျိုးကွဲ ဖြစ်လာမယ့် လေယာဉ်ဟာ အဆင့် ၂ ဆင့် ရော့ကတ်သုံး အာကာသသွားယာဉ် အဖြစ် ကမ္ဘာ့ပတ်လမ်း အစွန်း အထိ ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
အာကာသသွား လေယာဉ်ကို ကမ္ဘာ့ အထက် အမြင့် ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အထိ ပျံတက်နိုင်ဖို့ ဒီဇိုင်းဆွဲထားပြီး တရက်လျှင် အကြိမ်ပေါင်းများစွာ အာကာသထဲ အတက်အဆင်း လုပ်နိုင်မယ့် ပထမဆုံး လေယာဉ်ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။
ယခု အာကာသယာဉ်၏ အရွယ်အစားဟာ ၅ မီတာသာ ရှိသောကြောင့် ကားတစင်းသာသာပဲ ရှိပြီး ၇၅ ကီလိုဂရမ်သာ အလေးချိန်ရှိပါတယ်။
ဒါဟာ Mk-III မဖြစ်လာခင် Mk-II ကို စမ်းသပ်ရာတွင် ကုန်ကျစရိတ် သက်သာစေရန်အတွက် အရွယ်အစား ချုံ့ထားတာဖြစ်ပြီး လက်ရှိမှာတော့ ၄ ကီလိုဂရမ်သာ တင်ဆောင် ပျံသန်းနိုင်ပါတယ်။

Mk-II ကို အခြေခံပြီး အများကြီး ပိုကြီးတဲ့ Mk-III ကို ထုတ်လုပ်မှာ ဖြစ်ပြီး အလေးချိန် ၂၅၀ ကီလိုဂရမ်ရှိတဲ့ ဂြိုဟ်တုတွေကိုတောင် အာ ကာသ ထဲသို့ ပေးပို့နိုင်ဖွယ် ရှိပါတယ်။
လက်ရှိစမ်းသပ်မှုများဟာ အင်ဂျင်နီယာပညာနှင့် ပတ်သက်သည့် စမ်းသပ်မှုများအပြင် Mk-II ကို မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ ပုံစံဖော်မှုများတွင် အသုံးပြုသည့် လေထုဆိုင်ရာ အချက်အလက်များ ဖမ်းယူရန်နှင့် သိပ္ပံ သုတေသနနှင့် နည်းပညာ သရုပ်ပြမှုများတွင်ပါ အသုံးပြုနေတာ ဖြစ်ပါတယ်။
ပြီးခဲ့သည့် နှစ်က Dawn Aerospace ကုမ္ပဏီဟာ အရေးကြီးတဲ့ မှတ်တိုင်တခုဖြစ်တဲ့ Mk-II လေယာဉ်ငယ်အတွက် သမားရိုးကျ လေယာဉ် ကွင်းမှ သီးသန့်လေပိုင်နက် ကန့်သတ်ချက်မရှိဘဲ ပျံသန်းခွင့်ရမည့် နယူးဇီလန် အရပ်သားလေကြောင်းလိုင်း ခွင့်ပြုချက် လက်မှတ်ကို ရရှိခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။