DEFIANT X နှင့် V-280 သို့မဟုတ် အမေရိကန်၏ အနာဂါတ် ရဟတ်ယာဉ်များ

News

တိုက်ခိုက်ရေး ရဟတ်ယာဉ်သစ်ကိုထုတ်လုပ်နေတဲ့ Sikorsky နှင့် Boeing ကုမ္ပဏီတို့ဟာ ၎င်းတို့၏ အဆင့်မြင့်ရဟတ်ယာဉ် DEFIANT X ရဲ့ အသေးစိတ်အချက်အလက်တွေကို ဒီတစ်ပတ်ထဲမှာ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

ဒီ ရဟတ်ယာဉ်ဟာ အမေရိကန်ရဲ့ အနာဂါတ် တာဝေးတိုက်ခိုက်ရေးရဟတ်ယာဉ်ပြိုင်ဆိုင်မှု (FLRAA) အတွက် Black Hawk၊ chinook နှင့် Apache ရဟတ်ယာဉ်တွေလို အမေရိကန်ရဲ့ စစ်တပ်ရဲ့ အထင်ကရ ရဟတ်ယာဉ်တစ်စီး ဖြစ်လာဖို့ Bell ကုမ္ပဏီရဲ့ V-280 နှင့်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့အဆိုအရ ဒီ DEFIANT X ရဟတ်ယာဉ်ရဲ့ သွားနိုင်တဲ့အကွာအဝေး၊ အမြန်နှုန်း၊ စစ်ကစားလှုပ်ရှားနိုင်မှု၊ အဆင့်မြင့် လက်နက်စနစ်များ နှင့် ရန်သူ့နယ်မြေမှာ လွတ်မြောက်နိုင်စွမ်းရှိမှုများက အမေရိကန်ကြည်းတပ် တိုက်ခိုက်တဲ့ ပုံစံတွေကိုတောင် ပြောင်းလဲနိုင်မှာဖြစ်ပါတယ်တဲ့။

SB>1 DEFIANT


ဒီရဟတ်ယာဉ်ဟာ ရှုပ်ထွေးတဲ့ မြေမျက်နှာပြင် အနေအထားမှာ အနိမ့်အနေထားဖြင့် လျှင်မြန်စွာမောင်းနှင်ပြီး ဆင်းသက်နိုင်ကာ၊ စစ်သည်များနှင့် ပစ္စည်းများကို သတ်မှတ်ထားသောဧရိယာအတွင်း သွက်သွက်လက်လက် နေရာချ ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ DEFIANT X ရဟတ်ယာဉ်ဟာ အစားထိုးဖို့စီစဉ်နေတဲ့ Black Hawk ရဟတ်ယာဉ်ထက် ၂ ဆ မြန်ပါတယ်။

DEFIANT X ရဲ့ သရုပ်ပြရဟတ်ယာဉ်ဖြစ်တဲ့ SB>1 DEFIANT ကို ၂၀၁၇ လောက်မှာ ပထမဆုံးပျံသန်းဖို့ စီစဉ်ခဲ့ပေမယ့် နှောင့်နှေးကြန့်ကြာခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ပထမဆုံး ရှေ့ပြေးပုံစံကို ရရှိခဲ့ပြီး ၂၀၁၉ မတ်လ ၂၁ ရက်နေ့တွင် ပထမဆုံး ပျံသန်းနိုင်ခဲ့ပါတယ်။

ပင်မ ပန်ကာဒလတ်များကို ရုရှားလုပ် Ka-50 များပုံစံ coaxial rotar system ၂ ထပ် တပ်ဆင်ထားပြီး။ အမြှီးပန်ကာဒလတ်များကိုတော့ သမားရိုးကျရဟတ်ယာဉ်နှင့်မတူဘဲ လေယာဉ်ပန်ကာများကဲ့သို့ pusher propeller ကို သုံးထားပါတယ်။ ဒီနည်းပညာကို Sikorsky X2 technology လို့အမည်ပေးထားပါတယ်။

၂၀၁၃ ခုနှစ်အထိ Sikorsky ဟာ X2 နည်းပညာနှင့် Raider (S-97) အတွက် ဒေါ်လာ သန်း ၂၅၀ လောက် အကုန်အကျခံပြီး စမ်းသပ်နေခဲ့တာပါ။ နောက်ဆုံးမှာ SB-1 DEFIANT အပေါ်မှာ ပိုမိုယုံကြည်မှုရှိလာပြီး ဒီစီမံကိန်း ဒီဇိုင်းကုန်ကျစရိတ်ရဲ့ တဝက်အထိအသုံးပြုခဲ့ပါတယ်။ သူတို့ရဲ့ ယခင်စီမံကိန်းဟာ ကျွန်တော်မကြာသေးမီက ရေးခဲ့တဲ့ ဖျက်သိမ်းခဲ့ရတဲ့ RAH-66 Comanche စီမံကိန်းပါ။

တစ်နာရီကို ၂၄၂ မိုင်အထိ မောင်းနှင်နိုင်တဲ့ SB>1 ကို ၂ နှစ်နီးပါးကာလအတွင်းမှာ ၃၁ ကြိမ် နာရီပေါင်း ၂၆ နာရီပျံသန်း ထားပါတယ်။ ကုမ္ပဏီဟာ ဒီရဟတ်ယာဉ်ကို တစ်နာရီ ၂၈၈ မိုင်နှုန်းထိ ပျံသန်းနိုင်အောင် ကြိုးစားနေပါတယ်။

Sikorsky နှင့် Boeing ပူးပေါင်းရဟတ်ယာဉ်သစ် DEFIANT X ဟာ အမေရိကန်ကြည်းတပ်အတွက် Bell ကုမ္ပဏီမှ အသစ်ထုတ်လုပ်ထားတဲ့ V-280 များနှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ V-280 တွေဟာ နာမည်ကျော် အထူးစစ်ဆင်ရေးသုံး V-22 တွေက ဆင်းသက်လာတာပါ။

V-280

V-280 ကတော့ လေပေါ်မှာ ခေါက်နိုင် ဆန့်နိုင်တဲ့ ပန်ကာတွေပါရှိပြီးတော့ ရဟတ်ယာဉ်လိုရော၊ သမားရိုးကျလေယာဉ်လိုပါ မောင်းနှင်နိုင်ပါတယ်။ အမြန်နှုန်းမှာလဲ တစ်နာရီကို ၃၅၀ မိုင်အထိပျံသန်းနိုင်ပြီး လက်ရှိမှာ အကြိမ်၁၅၀ နှင့် နာရီပေါင်း ၂၀၀ ကျော် စမ်းသပ်မောင်းနှင်ထားပါတယ်။

Sikorsy ကတော့ သူတို့ရဲ့ရဟတ်ယာဉ်ဟာ လက်ရှိကြည်းတပ်မှာအသုံးပြုနေတဲ့ ရဟတ်ယာဉ်များနှင့် ဆင်တူပြီး ရဟတ်ယာဉ်သစ်အတွက် လေ့ကျင့်ရေးတွေ၊ ဗျူဟာတွေ ပြောင်းလဲစရာ မလိုသည့်အပြင် အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လေယာဉ်ရုံတွေတောင် ပြန်လည်ပြင်ဆင်စရာမလိုဘူးလို့ ပြောထားပါတယ်။

ဒါ့ကြောင် V-280 ထက် သိသိသာသာ နှေးကွေးပေမယ့် ကြည်းတပ်ရဲ့ နည်းဗျူဟာလိုအပ်ချက်နဲ့တော့ ပိုပြီးကိုက်ညီတယ်လို့ ပြောပါတယ်။ DEFIANT ဟာ ဝန်ချိတ်ဆွဲသယ်ဆောင်နိုင်ပြီး V-280 ကတော့ ချိတ်ဆွဲသယ်နိုင်မှုကို ပြသခဲ့ပေမယ့် အကွားအဝေးနှင့် ဝန်ချိန် အမြင့်ဆုံးအထိ မစမ်းသပ်ရသေးပါဘူး။

ဒီကုမ္ပဏီနှစ်ခု ယှဉ်ပြိုင်မှုကို အမေရိကန်ကြည်းတပ်အတွက် ဒီနှစ်အလွန်မှာ စတင်ဖွယ်ရှိပြီး ၂၀၂၂ လောက်မှာ စာချုပ်ချုပ်ဆိုနိုင်ဖွယ် ရှိပါတယ်ခင်ဗျာ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.