အထင်ကရ ကားအမှတ်တံဆိပ် တခု ဖြစ်ခဲ့တဲ့ DeLorean ဟာ အနာဂါတ် ကားဈေးကွက်အတွက် လျှပ်စစ်စွမ်းအင်သုံးကား Alpha 5 ဖြင့် ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
မူရင်း ကုမ္ပဏီဖြစ်တဲ့ DeLorean Motor ဟာ ၁၉၈၂ ခုနှစ် ဒေဝါလီမခံရခင် တနှစ်အလို ၁၉၈၁ ခုနှစ်မှာ ၎င်း၏ Limited Edition ကား တစင်းကို ထုတ်လုပ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် မှတ်တမ်းများအရ လက်ရှိ ကမ္ဘာပေါ်တွင် DeLorean ကား အစင်းရေ ၆,၅၀၀ လောက်သာ ကျန်ရှိနေပါတယ်။
DeLorean ကုမ္ပဏီ အသစ်ကိုတော့ ဗြိတိန် အင်ဂျင်နီယာ တယောက်ဖြစ်တဲ့ Stephen Wynne က ၁၉၉၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၎င်းက ကုမ္ပဏီဟောင်းနှင့် Logo နှင့် အစိတ်အပိုင်းစာရင်းများကို ဝယ်ယူခဲ့တာပါ ဖြစ်ပါတယ်။
အဲဒီ့ အချိန်ကတည်းက ကုမ္ပဏီဟာ DeLorean ကားဟောင်းများအတွက် ဝန်ဆောင်မှုနှင့် ပြန်လည်ထူထောင်ရေး ကုမ္ပဏီအဖြစ် အဓိက လုပ်ကိုင်ခဲ့တာပါ။

ကုမ္ပဏီဟောင်း၏ အထင်ကရ ကားတစင်းဖြစ်တဲ့ DMC-12 ၏ မော်ဒယ်သစ်ကို လျှပ်စစ်ကားအနေဖြင့်လည်း ထုတ်လုပ်မယ်လို့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့သေးပါတယ်။
လအနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ DeLorean ကား ကုမ္ပဏီဟာ ကောလဟာလများကို အတည်ပြုခဲ့ပြီး ဇိမ်ခံ လျှပ်စစ်စွမ်းအင်သုံးကား EV အဖြစ် ပြန်လည်ရောက်ရှိလာမည့် အကြောင်း ကြေညာခဲ့ပါတယ်။
ကုမ္ပဏီဟာ Alpha5 မော်ဒယ်ကို ဒီဇိုင်း ထုတ်လုပ် နိုင်ဖို့အတွက် မူရင်း DeLorean အတွက် အလုပ် လုပ်ပေးခဲ့သည့် Italdesign နှင့် ပူးပေါင်းခဲ့ပါတယ်။
ယာဉ်၏ ဒီဇိုင်းဟာ DeLorean ၏ ဂန္တဝင်ကား ဒီဇိုင်းဟောင်းနှင့် အနည်းငယ် ဆင်တူပြီး စင်ရော် တောင်ပံ ပုံစံ တံခါးများနှင့် နောက်ပြတင်းပေါက်များ ပါရှိပါတယ်။
ယခင် ကားဒီဇိုင်းဟာ ၂ ယောက်စီး ကားတစင်း ဖြစ်ပေမယ့် Alpha5 ကတော့ ထိုင်ခုံ နှစ်တန်းနှင့် ၄ ယောက်စီး မော်ဒယ် ဖြစ်လာမှာပါ။

အထင်ကရ ဖြစ်ခဲ့သည့် DeLorean ဟာ ၎င်း၏ ခေတ်က အံ့မခန်း ထူးခြားသည့် fantastic အမျိုးအစား ကားတစင်း ဖြစ်ခဲ့ပေမယ့် ယခုကားကတော့ ခေတ်သစ် coupé ဒီဇိုင်းနှင့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Porsche Taycan နှင့် ယှဉ်နိုင်သည့် စွမ်းဆောင်ရည်
ဇိမ်ခံ လျှပ်စစ်ကားဟာ အချိန် ၂.၉၉ စက္ကန့်အတွင်းမှာ တနာရီ မိုင် ၆၀ အမြန်နှုန်းကို ရောက်ရှိလောက်အောင် လျှင်မြန်ပြီး အ မြင့်ဆုံး အနေဖြင့် တနာရီလျှင် ၁၅၅ မိုင်နှုန်းလောက်အထိ မောင်းနှင်နိုင်ပါတယ်။
ဒီအမြန်နှုန်းဟာ ထိပ်တန်း လျှပ်စစ်စွမ်းအင်သုံးကား တစင်း အတွက် အထင်ကြီးလောက်စရာ မဟုတ်ပေမယ့် အလွန်တော့ လျှင်မြန်တဲ့ ကားတစင်းလို့ သတ်မှတ်လို့ ရပါတယ်။
အရှိန်ကို ဆက်တိုက် တင်သွားပါက ကားဟာ ၄.၃၅ စက္ကန့်လောက် အတွင်းမှာ တနာရီ ၈၈ မိုင် အမြန်နှုန်းလောက်အထိ တင်နိုင်ပါတယ်။

ဒါ့အပြင် အားတခါ ဖြည်ထားပါက အကွာအဝေး အများဆုံး မိုင် ၃၀၀ လောက်အထိ ဆက်တိုက် မောင်းနှင်နိုင်လို့ အတော်လေး မဆိုးဘူးလို့ ပြောလို့ရပါတယ်။
Tesla နှင့် Karma တွင် ယခင်က အဆင့်မြင့် အရာရှိ တစ်ဦး ဖြစ်ခဲ့ဖူးသည့် DeLorean ၏ CEO Joost de Vries က ၎င်း၏ ကားဟာ Mercedes-AMG GT နှင့် Porsche Taycan တို့ကို ယှဉ်နိုင်အောင် စွမ်းဆောင်နိုင်မယ်လို့ Autocar သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
ကား၏ ဘတ္တရီကတော့ စွမ်းအင် ကီလိုဝပ်နာရီ ၁၀၀ (100 KWh) လောက်ကို ထုတ်ပေးနိုင်တဲ့အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရှိပါတယ်။
Autocar သတင်း၏ အဆိုအရ DeLorean ၏ EV ကားသစ်များကို အရေအတွက် အကန့်အသတ်ဖြင့်သာ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။

တခုရှိတာက DeLorean Alpha 5 ကို ၂၀၂၄ ခုနှစ်အထိ ထုတ်လုပ်ဦးမှာ မဟုတ်သေးဘဲ ဘယ်လောက် ကုန်ကျမလဲ ဆိုတာကတော့ မသိရှိရသေးပါဘူး။
ဒါဟာ ၂၀၂၁ ဩဂုတ်လက ပြုလုပ်ခဲ့တဲ့ Pebble Beach Concours d’Elegance ကားပြပွဲမှ ရရှိခဲ့တဲ့ DeLorean နှင့် ပတ် သက် သည့် သတင်းများပဲ ဖြစ်ပါတယ်။
ကားတွေကိုတော့ ၂၀၂၄ ခုနှစ် အတွင်း တချိန်ချိန်မှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။