ခရုဇ် ဒုံးကျည်နှင့် ပဲ့ထိန်းတပ် ဒုံးကျည် ကွာခြားချက်များ

Knowledge Military

ကိုယ်ပိုင် တွန်းကန်နိုင်စွမ်းရှိပြီး ပေါက်ကွဲစေသည့် ထိပ်ဖူးများပါဝင်ကာ တဦးတယောက် ထိန်းချုပ်ပြီး ဖြစ်စေပစ်လွှတ်နိုင်တဲ့ လက်နက်ကို ဒုံးကျည် (missile) လို့ခေါ်ကြပါတယ်။

ဒုံးကျည်အခေါ် အဝေါ်များဟာ တခါတရံမှာ ရှုပ်ထွေးစေပြီး Ballistic ပဲ့ထိန်း ဒုံးကျည်နှင့် Cruise ခရုဇ်ဒုံးကျည် တို့ ကွာခြားပုံကို ဖော်ပြပေးလိုက်ပါတယ်။

၁၉၄၂ ခုနှစ်မှာ ဂျာမနီတို့ဟာ ballistic ပဲ့ထိန်းဒုံးကျည်ဖြစ်တဲ့ V-2 ကို ပထမဆုံး ထုတ်လုပ် ဖန်တီးခဲ့ပြီး တနာရီလျှင် ၅,၇၆၀ ကီလိုမီတာနှုန်းဖြင့် ၃၂၀ ကီလိုမီတာ အကွာအဝေးအထိ ပစ်လွှတ်နိုင်ပါတယ်။

စစ်ကြီးပြီးတဲ့အခါမှာတော့ အမေရိကန်နှင့် ဆိုဗီယက်တို့ဟာ ဂျာမန် အင်ဂျင်နီယာများ အကူအညီဖြင့် ပိုမို ကောင်းမွန်တဲ့ ballistic ပဲ့ထိန်းဒုံးကျည်များကို ထုတ်လုပ်ခဲ့ကြပါတယ်။

Cruise Missile (ခရုဇ် ဒုံးကျည်)

ခရုဇ်ဒုံးကျည်များဟာ ပစ်မှတ်ကို ကြိုတင် သတ်မှတ်ထားပြီး အဆိုပါ နေရာသို့ ဦး တည် ပစ်လွှတ်လေ့ရှိပါတယ်။

၎င်းတွင် ယေဘုယျအားဖြင့် လမ်းညွှန်စနစ်၊ ထိပ်ဖူးတခု၊ လေယာဉ်ကဲ့သို့ တွန်းကန်စနစ်နှင့် ပျံသန်းမှုကို ထိန်းချုပ်ရန် တောင်ပံငယ်နှင့် ပျံ သန်းမှုကို တည်ငြိမ်စေသည့် စနစ်များ ပါဝင်လေ့ ရှိပါတယ်။

ခရုဇ် ဒုံးကျည်များကို မြေပြင်မှဖြစ်စေ၊ ပင်လယ်မှ ဖြစ်စေ (ရေငုပ်သင်္ဘောနှင့် သင်္ဘောများ)၊ ဝေဟင်မှဖြစ်စေ မည်သည့် ယာဉ်မျိုးစုံမှ မဆို ပစ်လွှတ်နိုင်ပါတယ်။

ဒုံးကျည်တွင် အစောပိုင်း လမ်းညွှန်စနစ်များ သို့မဟုတ် မြင်ကွင်းအလွန် ဂြိုဟ်တု GPS လမ်းညွှန်သုံး စနစ်များ စသည့် အမျိုးမျိုးသော လမ်း ညွှန်စနစ်များ ထည့်သွင်းထားနိုင်ပါတယ်။

An AGM-86C ခရုဇ် ဒုံးကျည် တစင်း Credit: Popular Science

ပုံမှန်အားဖြင့် ခရုဇ် ဒုံးကျည်များဟာ ဒုံးကျည် ကာကွယ်ရေး စနစ်များ မှ မမြင်နိုင်စေရန် မြေပြင်နှင့် နီးနိုင်သမျှနီးအောင် ပျံသန်းနိုင်ပြီး အ လေး ချိန်များသည့် ထိပ်ဖူးများကို တိကျစွာ ပစ်လွှတ်နိုင်ဖို့ ဒီဇိုင်းဆွဲထားတယ်လို့ လူသိများပါတယ်။

အဓိကအားဖြင့် ဒီ ဒုံးကျည်ဟာ ပစ်မှတ်သို့ မရောက်မချင်း ဒုံးကျည်တွင် ပါဝင်သည့် လောင်စာကို အသုံးပြုပြီး ပျံသန်းလေ့ ရှိပါတယ်။

အမျိုးအစားအားဖြင့် အရွယ်အစား၊ အမြန်နှုန်း (subsonic အသံအလျှင် အောက် သို့မဟုတ် supersonic အသံထက်မြန်)၊ ပစ်လွှတ်ရောက်ရှိနိုင်သည့် အကွာအဝေး နှင့် ပစ်လွှတ်သည့် စနစ်အပေါ်မူတည်ပြီး အမျိုးအစား ခွဲခြားနိုင်ပါတယ်။

မြေပြင် တိုက်ခိုက်ရေး ခရုဇ် ဒုံးကျည် (LACM)များကတော့ မြေပြင်ရှိ တည်ငြိမ်ပစ်မှတ်များနှင့် ရွေ့လျား ပစ်မှတ်များကို တိုက်ခိုက်နိုင်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

ခရုဇ်ဒုံးကျည်များဟာ ballistic ပဲ့ထိန်းတပ် ဒုံးကျည်များထက်စာရင် ပိုမိုဈေးသက်သာ၊ ပိုမို ရွှေ့ပြောင်းလွယ်ပြီး ပြောင်းလွယ်ပြင်လွယ် ရှိပါတယ်။

Ballistic Missile (Ballistic ပဲ့ထိန်းတပ် ဒုံးကျည်)

ဒီ ဒုံးကျည်စနစ်များကတော့ ပစ်မှတ်ဆီသို့ လမ်းညွှန် စနစ် အများကြီး ထည့်သွင်း မထားဘဲ projectile (အမြောက်ဆံ သွားသကဲ့သို့) ပုံစံဖြင့် တခါတည်း ပစ်လွှတ်လေ့ ရှိပါတယ်။

ပစ်လွှတ်သည့် ပုံစံမှာ ကမ္ဘာ့လေထု၏ အလွှာမြင့်များဆီသို့ တိုက်ရိုက် ပစ်လွှတ်တာဖြစ်ပြီး အဆိုပါ အမြင့်မှ ပျံသန်းကာ ထိပ်ဖူးများ အသီးသီးခွဲထွက်ပြီးနောက် ကမ္ဘာ့ မြေပြင်ပေါ်သို့ ပြန်လည် ကျရောက်တာ ဖြစ်ပါတယ်။

အဆင့် ၃ ဆင့်ပါ ကီလိုမီတာ ၁၁,၀၀၀ လောက်အထိ ပစ်လွှတ်နိုင်သည့် Topol-M တိုက်ချင်းပစ် ဒုံးကျည်

၎င်း၏ လမ်းကြောင်းဟာ ဘောလုံးတလုံး ကန်လိုက်သည့်အခါ အပေါ်တက်သွားပြီး ပြန်ကျသကဲ့သို့ ဖြစ်ပြီး ကမ္ဘာ့ဆွဲငင်အားကို မှီခိုကာ ပစ်မှတ်ဆီသို့ ရောက်ရှိအောင် ပစ်လွှတ်ရသဖြင့် ballistic ဒုံးကျည်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

လေထု အလွှာပေါ်မှ ပျံသန်း ပစ်လွှတ်သည့် ballistic ပဲ့ထိန်းတပ် ဒုံးကျည်ဟာ ခရုဇ် ဒုံးကျည်များနှင့် အရွယ်အစား တူရင်တောင် အကွာအဝေး ပိုမို ရောက်ရှိနိုင်စွမ်း ရှိပါတယ်။

ဒီဒုံးကျည်များဟာ အလွန့်အလွန် လျှင်မြန်စွာ ပျံသန်း ပစ်လွှတ်နိုင်တဲ့အတွက် ballistics ဒုံးကျည် အမျိုးအစားထဲက အကွာအဝေး အမြင့်ဆုံးရောက်ရှိနိုင်သည့် Intercontinental Ballistics Missile ခေါ် တိုက်ချင်းပစ်ဒုံးကျည်ဟာ မိနစ် ၃၀ မှ ၃၅ မိနစ်အတွင်း ကီလိုမီတာ ၁ သောင်းလောက်က ပစ်မှတ်ကို တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

ballistic ဒုံးကျည်များဟာ နောက်ဆုံး အဆင့်တွင် တစက္ကန့်ကို မီတာ ၅ ထောင်နှုန်းကျော်လောက်အထိ ရောက်ရှိနိုင်ပြီး အချိန်တိုအတွင်း ပစ်မှတ်ဆီ ရောက်ရှိနိုင်သောကြောင့် ခရုဇ်ဒုံးကျည်များထက် ကြားဖြတ် ဟန့်တားဖို့ရာ ခက်ခဲပါတယ်။

ballistic ပဲ့ထိန်းတပ် ဒုံးကျည်များ သွားသည့် လမ်းကြောင်းပုံစံ

ရောက်ရှိနိုင်သည့် အကွာအဝေး ၃၅၀၀ ကီလိုမီတာအောက် တာတို နှင့် တာလတ် ballistic ပဲ့ထိန်းတပ် ဒုံးကျည်များကို tatical ballistic ဒုံးကျည် နှင့် theatre ballistic missile အဖြစ် ခေါ်ဝေါ်ပြီး

အနည်းဆုံး ရောက်ရှိနိုင်သည့် အကွာအဝေး ၅,၅၀၀ ကီလိုမီတာရှိသည့် ballistic ပဲ့ထိန်းတပ် ဒုံးကျည်များကိုတော့ intercontinental ballistic missile တိုက်ချင်းပစ်ဒုံးကျည် ICBM လို့ ခေါ်ဝေါ်ကြပါတယ်။

တာလတ်နှင့် တာဝေးပစ် ဒုံးကျည်များကို ယေဘုယျအားဖြင့် ကုန်ကျစရိတ် သက်သာစေရန် အကန့်အသတ်ဖြစ်စေသည့် သမားရိုးကျ ထိပ်ဖူးများကို တင်ဆောင်သည်ထက် နျူကလီးယား ထိပ်ဖူးများ တင်ဆောင်နိုင်ရန် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

မြင်သာသည့် ကွဲပြားမှုများ

ပုံမှန်အားဖြင့် ခရုဇ်ဒုံးကျည်များဟာ တွန်းကန်အားစနစ်အတွက် လေယာဉ် ဂျက်အင်ဂျင် ကဲ့သို့ စနစ်ကို အသုံးပြုပြီး ပဲ့ထိန်းတပ် ဒုံးကျည်များကတော့ အဆင့်အလိုက် ပစ်လွှတ်ရသည့် ရော့ကတ်အင်ဂျင်များကို အသုံးပြုလေ့ ရှိပါတယ်။

ခရုဇ်ဒုံးကျည်များတွင် လမ်းညွှန်စနစ်များ ပြည့်စုံစွာ ပါရှိပြီး အတောင်ပံငယ်လေးများပါ ပါဝင် တတ်ပေမယ့် ပဲ့ထိန်းတပ် ဒုံးကျည်မှာတော့ မပါရှိပါဘူး။

ခရုဇ်ဒုံးကျည်များဟာ ပဲ့ထိန်းတပ် ဒုံးကျည်များထက် အရွယ်အစားပိုမို သေးငယ်လေ့ ရှိပါတယ်။

ခရုဇ်ဒုံးကျည်တွင် ထိပ်ဖူး ၁ ခုသာ သယ်ဆောင်နိုင်ပြီး ပဲ့ထိန်းတပ် ဒုံးကျည်များတွင် decoy ထိပ်ဖူးတုများအပြင် ထိပ်ဖူး အများအပြား တင်ဆောင် ပစ်လွှတ်နိုင်ပါတယ်။

ခရုဇ်ဒုံးကျည်ပျံသန်းမှုဟာ ကမ္ဘာ့ လေထုအတွင်းမှာ ဖြစ်ပြီး ပဲ့ထိန်းတပ် ဒုံးကျည်များကတော့ ကမ္ဘာ့ လေထု အပြင်ဘက်မှ ဖြစ်ပါတယ်။

ခရုဇ် ဒုံးကျည်များဟာ ပစ်မှတ်ကို မရောက်မချင်း လောင်စာကို အသုံးပြု ပျံသန်းပြီး ပဲ့ထိန်းတပ် ballistic ဒုံးကျည်များကတော့ လေထုထဲ သို့ ပြန်လည်ဝင်ရောက်ချိန်မှာ လောင်စာကို အသုံးမပြုတော့ပါဘူး။

လိုအပ်သည်များကို ထပ်မံ ဖြည့်စွက်မှာ ဖြစ်ပြီး အချက်အလက်များ မှားယွင်းပါက ဆက်လက် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

Reference: ELE Times, defenceview india, Popular Science, pmfias

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.