ဆိုင်ကလုန်း၊ ဟာရီကိန်းနှင့် တိုင်ဖွန်း မုန်တိုင်း အမည်များ၏ ကွဲပြားချက်များ

Knowledge Nature

သင်ဟာ အပူပိုင်းဒေသများ အနီးတွင် နေထိုင်ပါက ပြင်းထန်တဲ့ ရာသီဥတုတွေ အကြောင်းနှင့် ရင်းနှီးနေမှာ အမှန်ပါပဲ။

အပြင်းထန်ဆုံး မုန်တိုင်းများဟာ ပင်လယ်ပြင်တွင် ဖြစ်ပေါ်ပြီး ဝဲဂတော့ပုံဖြစ်လာပြီး ပြင်းအားကောင်းတဲ့ လေပြင်းများကို တိုက်ခတ်စေပါတယ်။

ဖြစ်ပေါ်လာတဲ့ တည်နေရာအပေါ် မူတည်ပြီး အဲဒီ့ မုန်တိုင်းများတွင် မတူညီတဲ့ အမည်များ ပေးလေ့ ရှိပါတယ်။

တိုက်ဖွန်း၊ ဆိုင်ကလုန်းနှင့် ဟာရီကိန်း မုန်တိုင်းများဟာ တူညီတဲ့ ရာသီဥတု စနစ်ကို ဖော်ပြကြတာ ဖြစ်ပေမယ့် ၎င်းတို့မှာ အဓိက ကွဲပြားရတဲ့ အကြောင်းအချို့ ရှိပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း

အခြေခံအားဖြင့် ဆိုင်ကလုန်း မုန်တိုင်းတခုဟာ တိုင်ဖွန်း သို့မဟုတ် ဟာရီကိန်း မုန်တိုင်းတခု လို့ မခေါ်ပေမယ့် တိုင်ဖွန်းနှင့် ဟာရီကိန်း မုန် တိုင်းများ အားလုံးကတော့ ဆိုင်ကလုန်း မုန်တိုင်းများ ဖြစ်ကြပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ လေဖိအားနည်းရပ်ဝန်း၏ အလယ်ဗဟို သို့ လှည့်ပတ်နေသည့် ကြီးမားသော မုန်တိုင်းကို ခေါ်ဆိုသည့် ကျယ်ပြန့်သည့် အသုံးအနှုန်း ဖြစ်ပါတယ်။

ဤလေထုဟာ မိုး၊ လေ နှင့် လျှပ်စီးလက်မှုများကို ဖြစ်ပေါ်စေပြီး အပူပိုင်းဒေသတွင် ဖြစ်ပေါ်သည့်အခါ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းလို့ ခေါ်ဆိုကြပါတယ်။ ၎င်းတို့ဟာ ကမ္ဘာ့ပေါ်ရှိ အပြင်းထန်ဆုံး မုန်တိုင်းထဲက အချို့တွင် ပါဝင်ပါတယ်။

ပူနွေးစွတ်စိုတဲ့ လေဟာ သမုဒ္ဒရာ မျက်နှာပြင်မှ မြင့်တက်လာသောအခါ ၎င်းဟာ လေဖိအားနည်း ရပ်ဝန်းတခုကို ချန်ထားခဲ့ပါတယ်။ ဘေးပတ်ပတ်လည်မှ ဝန်းရံနေတဲ့ လေထုဟာ အဆိုပါ ရပ်ဝန်းကို ဖြည့်ပေးသည့်အခါ ၎င်းတို့ပါ ပူနွေးလာပါတယ်။

စိုထိုင်းတဲ့ လေများဟာ တိမ်ထုကို ဖြစ်ပေါ်စေပြီး သံသရာလည်နေစဉ် တိမ်တိုက်များဟာ အောက်တွင်ရှိသည့် နွေးထွေးသည့်ရေများမှ ပင့်တင်မှုဖြင့် ဝဲကတော့ပုံစံ လည်ပတ်လာကြပါတယ်။

တနာရီ ၃၈ မိုင်နှုန်းအောက် တိုက်ခတ်သည့် အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းများကို တရားဝင်အားဖြင့် အပူပိုင်း လေဖိအားနည်းရပ်ဝန်း လို့ ခေါ်ပါတယ်။

လေတိုက်နှုန်း တနာရီလျှင် ၃၉ မိုင်မှ ၇၃ မိုင်အထိ တိုက်ခတ်သည့်အခါတွင် အပူပိုင်း မုန်တိုင်းများ ဖြစ်လာကြပါတယ်။

အပြင်းထန်ဆုံး ဆိုင်ကလုန်း မုန်တိုင်းများဟာ တနာရီလျှင် ၇၄ မိုင်အထက်အထိ ရှိလာပြီး အဲဒီ့နေရာမှာ အမည်ပေးမှုတွေ ရှုပ်ထွေးကုန်တာ ဖြစ်ပါတယ်။

ဟာရီကိန်း မုန်တိုင်း

ဟာရီကိန်းမုန်တိုင်းများဟာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာ၊ မြောက်ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်း သို့မဟုတ် အရှေ့မြောက် ပစိဖိတ် သမုဒ္ဒရာ တွင် ဖြစ်ပွားသည့် ပြင်းထန်သည့် အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းများ၏ ဒေသနာမည် ဖြစ်ပါတယ်။

ဒါ့ကြောင့် သင်ဟာ တနာရီ ၇၄ မိုင်အထက် မြောက်အမေရိက သို့မဟုတ် အမေရိကအလယ်ပိုင်းမှာ တိုက်ခတ်တယ်လို့ ကြားရင် အဲဒါ ဟာရီကိန်းမုန်တိုင်းလို့ သိနိုင်ပါတယ်။

ဖလော်ရီဒါပြည်နယ်၊ မက္ကဆီကို၊ ဟာဝိုင်အီ နှင့် ကာရစ်ဘီယံ ကျွန်းများဟာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်နိုင်တဲ့ နေရာများ ဖြစ်ကြပါတယ်။

ဟာရီကိန်းများကို ၁၉၆၀ နှောင်းပိုင်းနှင့် ၁၉၇၀ အစောပိုင်းတွင် ဆောက်လုပ်ရေး အင်ဂျင်နီယာ Herbert Saffir နှင့် အမျိုးသား ဟာရီကိန်းစင်တာ၏ ဒါရိုက်တာ Robert Simpson တို့ တီထွင်ခဲ့သည့် Saffir-Simpson scale အရ အမျိုးအစား ခွဲခြားတာ ဖြစ်ပါတယ်။

အမျိုးအစား ၁ မုန်တိုင်းဟာ အားအပျော့ဆုံးဖြစ်ပြီး တနာရီလျှင် ၇၄ မိုင်မှ ၉၅ မိုင်ကြား တိုက်ခတ်ပါတယ်။ အဆိုပါ စကေးဟာ လေတိုက်နှုန်း တနာရီလျှင် ၁၅၇ မိုင်နှင့် အထက်ရှိသည့် အမျိုးအစား ၅ အထိ မြင့်တက်သွားနိုင်ပါတယ်။

အမျိုးသား ဟာရီကိန်းစင်တာ NHC နှင့် ကမ္ဘာ့ မိုးလေဝသ အသင်းတို့ဟာ ရာသီတခုခြင်းစီတွင် ဖြစ်ပေါ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းများကို ခြေရာခံရန် အမည်ပေးသည့် စနစ်ကို အသုံးပြုပါတယ်။

၎င်းတို့ဟာ အမည် ၂၁ ခု စာရင်း ၆ ခု ကို အသုံးပြုပြီး ၆ နှစ်တိုင်း တပတ်လည် အသုံးပြုပါတယ်။ ဒါပေမယ့် အရမ်းကို ပြင်းထန်တဲ့ မုန်တိုင်း နာမည်များကိုတော့ မထပ်စေရန် ဒီစနစ်ထဲက အနားပေးလေ့ ရှိပါတယ်။

တိုင်ဖွန်း မုန်တိုင်း

မိုးလေဝသအရ ပြောရလျှင် တိုင်ဖွန်းမုန်တိုင်းများဟာ ဟာရီကိန်းများနှင့် တူညီကြပါတယ်။ မတူညီတာကတော့ ဖြစ်ပွားတဲ့နေရာပါပဲ။

တိုင်ဖွန်းဆိုတဲ့ နာမည်ကို အနောက်မြောက် ပစိဖိတ် သမုဒ္ဒရာအတွင်း တနာရီလျှင် ၇၄ မိုင်နှုန်းဖြင့် တိုက်ခတ်နေသည့် မုန်တိုင်းကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

ထိုင်ဝမ်၊ ဂျပန်၊ တရုတ်နှင့် ဖိလစ်ပိုင် အပါအဝင် အရှေ့အာရှနိုင်ငံများ၏ ပိုမို နွေးထွေးတဲ့ ရေပြင်များတွင် ဖြစ်ပေါ်သည့်အတွက် တိုင်ဖွန်းမုန်တိုင်းများဟာ ဟာရီကိန်းမုန်တိုင်းများထက် ပိုပြီး ပြင်းထန်ဖို့ အလားအလာရှိပါတယ်။

၎င်းတို့ကို တိုင်းတာရာတွင် Saffir-Simpson စကေးကို အသုံးပြုနိုင်ပေမယ့် ယေဘုယျအားဖြင့် အမျိုးအစား ၂ မျိုးခွဲခြားထားပါတယ်။

တနာရီလျှင် ၇၄ မိုင်မှ ၁၄၉ မိုင် လေတိုက်နှုန်းကြားကို တိုက်ဖွန်းမုန်တိုင်း ဟု အမျိုးအစား သတ်မှတ်ပြီး တနာရီ မိုင် ၁၅၀ အထက်ကို စူပါ တိုင်ဖွန်းမုန်တိုင်း ဟု သတ်မှတ်ပါတယ်။

ဟာရီကိန်း မုန်တိုင်းများကဲ့သို့ တိုင်ဖွန်းများမှာလည်း ၎င်းတို့၏ ကိုယ်ပိုင် အမည်ပေး စနစ်ရှိပါတယ်။

ဂျပန် မိုးလေဝသ အေဂျင်စီမှ တိုင်ဖွန်း မုန်တိုင်း နာမည်များကို သတ်မှတ်ပေးပြီး နှစ်သစ်တခု၏ အစမှာ စာရင်းသစ်တခု ပြောင်းမယ့်အစား ရာသီပေါင်းများစွာအတွက် စာရင်းကြီး တခုထဲကိုသာ အသုံးပြုပါတယ်။

ဒီ ဟာရီကိန်းနှင့် တိုင်ဖွန်းမုန်တိုင်း ၂ မျိုးလုံးကို အာကာသမှ ကြည့်လျှင်တောင် ခွဲခြားလို့ မရပါဘူး။ ၎င်းတို့ဟာ Northern Hemisphere လို့ ခေါ်တဲ့ အီကွေတာ၏ မြောက်ခြမ်းမှ ဖြစ်ပေါ်လာပြီး လက်ဝဲရစ် လှည့်ပတ်ကြပါတယ်။

အီကွေတာ၏ တောင်ဘက်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းများဟာ လက်ယာရစ် လှည့်ပတ်လေ့ရှိပြီး ကမ္ဘာ့ တောင်ဘက်နိုင်ငံများဖြစ်တဲ့ ဩစတေးလျနိုင်ငံ ကဲ့သို့ နိုင်ငံများကို ဝင်ရောက်လေ့ရှိပြီး ၎င်းတို့ကိုတော့ ရိုးရိုးရှင်းရှင်းပဲ ဆိုင်ကလုန်း မုန်တိုင်းလို့ ခေါ်ကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.