ကျောက်ဖြစ်ရုပ်ကြွင်း ဒိုင်နိုဆောဥများက ပြောပြနေတဲ့ ဒိုင်နိုဆောများ အကြောင်း

Archeology Article

သိပ္ပံပညာရှင်တွေကတော့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကြက်တွေက ဒိုင်နိုဆောများမှ ပေါက်ဖွားလာတာ ဖြစ်တယ်ဟု ဆိုကြပါတယ်။

၎င်းတို့က ကြက်တွေ နှင့် ငှက်ကုလားအုတ်တွေဟာ ဒိုင်နိုဆောများမှ ဆင်းသက်လာနိုင်ကြောင်း ယုံကြည်​နေကြပြီး သမိုင်းတွင် အန္တရာယ် အရှိဆုံး ဒိုင်နိုဆောမျိုးစိတ်များထဲမှ တစ်ခုဖြစ်သည့် T-Rex ရဲ့ ဆွေမျိုးများ ဖြစ်တယ်ဟု ဆိုကြပါတယ်။

ဒါ့ကြောင့် ငှက်တွေဟာ T. Rex အပါအဝင် အသားစား ဒိုင်နိုဆောများအုပ်စုမှ ဆင့်ကဲပြောင်းလဲလာတယ်ဟု ယူဆရပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်း ဒိုင်နိုဆောဥဆိုတာ ဘာလဲ။

ကြက်ဥက အလွန်သိမ်မွေ့တယ်ဟု ထင်ကောင်းထင်ရပေမည့် ကြက်ဥအခွံကို သေးသေးမွှားမွှား ဖြစ်အောင် ခွဲကြည့်မယ် ဆိုရင် ဥများနှင့် ဥခွံများက သန္ဓေသားအတွင်းမှာ လုံခြုံစေဖို့အတွက် ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင် အခြေအနေများကို ခံနိုင်ရည် ရှိအောင် နှစ်သန်းပေါင်းများစွာ ဆင့်ကဲပြောင်းလဲလာခဲ့ရတာ ဖြစ်ပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်စဉ်ကြောင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဒိုင်နိုဆောဥများကို လေ့လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အနည်ကျခြင်းရဲ့ ရလဒ်

ကျောက်ဖြစ် ရုပ်ကြွင်းများက သြဂဲနစ် ပစ္စည်းများကို ဖုံးအုပ်ထားရာမှ စတင် ဖြစ်ပေါ်လာသည့် အမှုန်အမွှားလေးများ (အ နည် အနှစ်များ) ဖြစ်ပါတယ်။

အချိန်ကြာလာတာနှင့်အမျှ၊ အပေါ်မှ အနည်အလွှာများ ပိုမို တည်ဆောက်လာပြီး ဥရဲ့အောက်ခြေ အလွှာများက နှစ်ထောင် ပေါင်းများစွာ ကြာပြီးနောက် ကျစ်လစ်လာပြီး မာကျောလာတာ ဖြစ်ပါတယ်။

နှစ်သန်းပေါင်းများစွာကြာပြီးနောက် ရှေးဟောင်းမြေလွှာများက တိုက်စားမှုကြောင့် ထင်ရှားလာပြီး ရုပ်ကြွင်း ဒိုင်နိုဆောဥ အစုအဝေးများကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒိုင်နိုဆောတွေက ရှေးခေတ်ရေကြီးတဲ့ လွင်ပြင်များ၊ သဲခုံများ၊ ကမ်းခြေများ အပါအဝင် နေရာများစွာမှာ ဥများ ဥဥလေ့ရှိပါတယ်။

Triassic နှင့် Jurassic များ တည်နေရာပြ မြေပုံ Image: Courtesy of Kenneth Carpenter 

ပထမဆုံး ကျောက်ဖြစ်ရုပ်ကြွင်း ဒိုင်နိုဆောဥတွေကို ဘယ်အချိန်မှာ ရှာဖွေတွေ့ရှိပြီး မှတ်တမ်းတင်ခဲ့တာလဲ။

အမေရိကန် သဘာဝ သမိုင်းပြတိုက်ရဲ့ ပထမဆုံး အာရှ အလယ်ပိုင်း စူးစမ်းလေ့လာရေး အစီအစဉ်များဖြင့် စတင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေ့လာရေးခရီးကို ၁၉၂၀ ခုနှစ်တွေတုန်းက Chapman Andrews မှ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

လေ့လာရေး ခရီးများထဲမှ ပထမဆုံး ခရီးစဉ်က ၁၉၂၁ ခုနှစ် မတ်လမှာ နယူးယောက်မှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

သုတေသီအဖွဲ့က မွန်ဂိုလီးယားတောင်ပိုင်းရှိ Gobi မှာ ရုပ်ကြွင်းဥအချို့နှင့် အခြားနို့တိုက်သတ္တဝါများ၊ ဒိုင်နိုဆောရုပ်ကြွင်းများစွာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

နောက်နှစ် မတိုင်ခင်မှာပဲ မမျိုးဥတွေကို အသိုက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဥတွေနဲ့အတူ တွေ့ရှိခဲ့တယ်ဟု သိရပါတယ်။

သိပ္ပံပညာအရ ပထမဆုံး အကြိမ် အဖြစ် မှတ်တမ်းတင်ထားသော်လည်း၊ ရုပ်ကြွင်းဒိုင်နိုဆောဥများကို တစ်စုံတစ်ဦးမှ တွေ့ရှိခဲ့ခြင်းမှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

Jean-Jacques Pouech က Andrews ၁၈၅၉ ခုနှစ်မတိုင်မီ ဆယ်စုနှစ်များက ဒိုင်နိုဆောဥခွံများကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သို့သော် ၎င်းတို့ကို ဒိုင်နိုဆောဥဟု မခေါ်ဆိုဘဲ ဧရာမငှက်ကြီး တစ်ကောင်ရဲ့ ဥများဟု ထင်မှတ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရှာဖွေတွေ့ရှိမှုက အရေးမကြီးပါ။ ၁၈၅၉ ခုနှစ်တုန်းက Pouech ရဲ့ ဥခွံများ ရှာဖွေတွေ့ရှိမှု မှတ်တမ်းများကို ဖတ်ပြီးနောက်တွင် ပြင်သစ် ရုပ်ကြွင်းဗေဒပညာရှင် Eric Buffeataut နှင့် Jean Le Loeuff တို့က Pouech ရဲ့ ခြေလှမ်းများကို ပြန်လည် ခြေရာခံပြီး ရှာဖွေ လေ့လာမှုတွေကို ဆက်လက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ထို့နောက်မှာတော့ အမှန်တကယ် ဒိုင်နိုဆောဥခွံများဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။ Buffetaut နဲ့ Le Loeuff တို့က သူတို့ရဲ့တွေ့ရှိချက်တွေကို ၁၉၉၄ စာတမ်း တစ်စောင်မှာ ထုတ်ဝေခဲ့ပြီး စံချိန် တင်ခဲ့ပါတယ်။

Pouech ရှာဖွေတွေ့ရှိပြီးနောက် ဆယ်စုနှစ် တစ်ခုအ​ကြာမှာ ဘူမိဗေဒပညာရှင် Philippe Matheron က ဥခွံများကို ပြင်သစ် တောင်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။

Matheron က ဧရာမ မိကျောင်းကြီးရဲ့ ဥများဟု ယူဆခဲ့သော်လည်း ၁၉၂၃ ခုနှစ်မှာတော့ ဒိုင်နိုဆောဥများဟု ပြန်လည်အဓိပ္ပာယ်ပြန်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ အစောပိုင်း ရှာဖွေတွေ့ရှိမှုများရဲ့ အချိန်ဇယား

ဒိုင်နိုဆောဥများရဲ့ ရှာဖွေတွေ့ရှိမှု အချိန် ဇယားကို ကြည့်ကြမယ်ဆိုရင် ပြင်သစ်တောင်ပိုင်းနှင့် Pouech ရှာဖွေတွေ့ရှိမှု ၁၈၅၉ မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

  • ၁၈၅၉ ခုနှစ်တုန်းက Jean-Jacques Pouech က ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ Pyrenees တောင်ခြေတွင် ဒိုင်နိုဆောဥခွံများကို တွေ့ရှိခဲ့သော်လည်း ငှက်ဥများဖြစ်တယ်ဟု ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။
  • ၁၈၆၉ ခုနှစ်မှာ ပြင်သစ်ဘူမိဗေဒပညာရှင် Philippe Matheron က အလားတူ ယေဘူယျဒေသ (ပြင်သစ်တောင်ပိုင်း) မှာ ဥခွံရုပ်ကြွင်းများကို တွေ့ရှိခဲ့ပါတယ်။
  • ၁၉၁၃ ခုနှစ်မှာ Charles W. Gilmore က United States မှာ ပထမဆုံးဒိုင်နိုဆောဥခွံများကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
  • ၁၉၂၃ ခုနှစ်တုန်းက အမေရိကန် သဘာဝ သမိုင်းပြတိုက်ရဲ့ လေ့လာရေးခရီး အုပ်စုဟာ မွန်ဂိုလီးယားတွင် ကျောက်ဖြစ် ရုပ် ကြွင်း ဒိုင်နိုဆောဥများကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ အဖွဲ့မှ သတ္တဗေဒပညာရှင် W. Granger က ၎င်းတို့ကို ဒိုင်နိုဆောဥများ အဖြစ် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

Cretaceous အစောပိုင်းနှင့် နှောင်းပိုင်း ကာလ Image: Courtesy of Kenneth Carpenter

  • ၁၉၅၇ ခုနှစ်တုန်းက M. Sahni ဆိုသူဟာ အိန္ဒိယမှာ ပထမဆုံး ဒိုင်နိုဆောဥများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
  • ၁၉၆၉ ခုနှစ်မှာတော့ A.H. Muller က ဂျာမနီနိုင်ငံ Muschelkalk မှ ရုပ်ကြွင်းဥများကို အစီရင်ခံတင်ပြခဲ့တာ ဖြစ်ပါတယ်။
  • ၁၉၇၅ ခုနှစ်မှာ တရုတ်ရုပ်ကြွင်းပညာရှင် Zhao Zhi-Kui က ရုပ်ကြွင်းဥများ အမျိုးအစားခွဲခြင်းအတွက် စနစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။
  • ၁၉၇၉ ခုနှစ်မှာတော့ သတ္တဗေဒ ပညာရှင် Jack Horner ဦးဆောင်တဲ့ လေ့လာရေး ခရီးမှာ မြောက်အမေရိကရှိ ပထမဆုံး ဒိုင်နိုဆောရုပ်ကြွင်းဥကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
  • ၁၉၈၇ ခုနှစ်မှာ ရုပ်ကြွင်း ဝါသနာရှင် Wendy Sloboda က ကနေဒါနိုင်ငံ၊ Alberta ရှိ Milk River Ridge တစ်လျှောက်တွင် ဒိုင်နိုဆောဥအခွံအပိုင်းအစများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
  • Calgary တက္ကသိုလ်မှ စေလွှတ်သည့် အဖွဲ့တစ်ဖွဲ့က မျိုးစိတ်သစ် Hypacrosaurus stebingeri ရဲ့ ရုပ်ကြွင်းအသိုက်များ၊ ဥများနှင့် သန္ဓေသားအကြွင်းအကျန်များ အပါအဝင် ကနေဒါရဲ့ ပထမဆုံး ဒိုင်နိုဆော အသိုက်လုပ်သည့် နေရာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
  • ၁၉၉၀ ခုနှစ်တွေတုန်းက ရုရှားမှ ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင် Konstantin Mikhailov က တရုတ် ရုပ်ကြွင်း ပညာရှင် Zhao ရဲ့ စနစ်အား အသုံးပြုပြီး မွန်ဂိုလီးယားရုပ်ကြွင်းဥများအကြောင်း သုတေသနပြုထုတ်ဝေခဲ့ပါတယ်။

ထိုအချိန်တုန်းကတော့ ကျောက်ဖြစ် ရုပ်ကြွင်း ဒိုင်နိုဆောဥများဟာ ကမ္ဘာတစ်ဝှမ်း ရင်လေးစရာအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒိုင်နိုဆောဥများ သက်တမ်းဘယ်လောက်ရှိပြီလဲ။

သိပ္ပံပညာရှင်များက ရုပ်ကြွင်းတွေရဲ့ သက်တမ်းကို ဆုံးဖြတ်ဖို့အတွက် radiometric dating ကဲ့သို့ ခေတ်မီဆန်းပြားတဲ့ နည်းလမ်းများကို အသုံးပြုကြတာ ဖြစ်ပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေ တွေ့ရှိမှုများနှင့် ၎င်းတို့ရဲ့ သက်တမ်းများကို အခြေခံ၍ ဒိုင်နိုဆောများရဲ့ အသက်ကို Triassic ခေတ် (လွန်ခဲ့သည့် ၂၅၂ – ၂၀၁ သန်းကြား)၊ Jurassic (၂၀၁ -၁၄၅ သန်း) နှင့် Cretaceous ( ၁၄၅ -၆၆ သန်း) ဆိုပြီး အဓိကအမျိုးအစားသုံးမျိုးခွဲခြားထားပါတယ်။

ဒိုင်နိုဆောတွေ ဘယ်မှာနေထိုင်ခဲ့လဲ။

ဒိုင်နိုဆောများက နေရာတိုင်းတွင် နေထိုင်ခဲ့ကြပြီး ၎င်းတို့၏ရုပ်ကြွင်းများကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထောင်စုနှစ် (၂၀၀၀)မစတင်မီလေးမှာပဲ ဒိုင်နိုဆောရုပ်ကြွင်းတွေဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဥနဲ့ အရိုးနှစ်ခုစလုံးရဲ့ တွေ့ရှိမှုအရေအတွက်ဟာ အံ့သြစရာကောင်းလောက်အောင် များပြားလာခဲ့ပါပြီ။

အောက်မှာ ပြထားတဲ့ မြေပုံတွေကနေ ၂၀၀၀ ခုနှစ်မတိုင်မီက ဒိုင်နိုဆောရုပ်ကြွင်းများ တွေ့ရှိခဲ့သည့်နေရာများကို ပြသထားပါတယ်။

ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများကို အန္တာတိကတိုက်မှ လွဲ၍ တိုက်ကြီးတိုင်းတွင် တွေ့ရှိရသော်လည်း ဒိုင်နိုဆော ရုပ် ကြွင်းအများစုနှင့် အကြီးကျယ်ဆုံးမျိုးစိတ်များကို မြောက်အမေရိက၊ တရုတ်နှင့် အာဂျင်တီးနားရှိ သဲကန္တာရများနှင့် ကုန်း မြေများတွင် တွေ့ရှိရပါတယ်။

Cretaceous ခေတ်မှာ အန္တာတိကဟာ ရေခဲကင်းစင်ပြီး သစ်တောများ ရှိပါတယ်။

ဒိုင်နိုဆောများက ထိုနေရာမှာ ကျင်လည်ကျက်စားခဲ့တာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းဥများအပါအဝင် ၎င်းတို့ရဲ့ရုပ်ကြွင်းအများစုကို ရေခဲပြင်အောက်တွင် အလွန်နက်ရှိုင်းစွာ မြှုပ်နှံထားတယ်ဟု ဆိုပါတယ်။

ဒိုင်နိုဆောဥတွေကို ဘာကြောင့် လေ့လာတာလဲ။

သိပ္ပံပညာရှင်များက ဒိုင်နိုဆောများ မျိုးပွားပုံအကြောင်း ပိုမိုနားလည်ဖို့ ရုပ်ကြွင်းဥများကို လေ့လာကြတာ ဖြစ်ပါတယ်။

ထို့ထက် ပိုအရေးကြီးတာက ဥရဲ့ဖွဲ့စည်းပုံနှင့် ဥအတွင်းရှိ ကျောက်ဖြစ် ရုပ်ကြွင်း သန္ဓေသားလောင်းရဲ့ အလွန် ရှားပါးသော တွေ့ရှိမှုဟာ ဒိုင်နိုဆောများ နေထိုင်ပုံနှင့်ပတ်သက်သည့် မေးခွန်းများကို လေ့လာရာတွင် ကူညီပေးနိုင်ပြီး အချို့သောငှက်များ ဆင့်ကဲ ပြောင်းလဲလာပုံနှင့် ပတ်သက်သော အချက်အလက်များကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။

ယနေ့ခေတ်တွင် ငှက်များက ဒိုင်နိုဆောများမှ ဆင့်ကဲပြောင်းလဲလာတယ်ဟု ကောင်းစွာ အခိုင်အမာ အခိုင်အမာ လက်ခံထားသည့် သီအိုရီ တစ်ခု ဖြစ်ပါတယ်။

ဒိုင်နိုဆောအချို့က လွန်ခဲ့သော နှစ်သန်းပေါင်းတစ်ရာ့ငါးဆယ်က အမွှေးများပေါက်ဖွားခဲ့ပြီး ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ Nature ဆောင်းပါးတွင် တရုတ်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒိုင်နိုဆော ရုပ်ကြွင်း နှစ်ခုရဲ့ အကျိုးသက်ရောက်မှုကို ဆွေးနွေးထားပါတယ်။

ရှာဖွေတွေ့ရှိမှုနှစ်ခုစလုံးက အမွှေးများပါသော်လည်း အတောင်မရှိသော ဒိုင်နိုဆောမျိုးစိတ်သစ်များ ဖြစ်ပါတယ်။

ဆောင်းပါးရဲ့ စာရေးဆရာများက ၎င်းဟာ ငှက်များနှင့် ဒိုင်နိုဆောများရဲ့ အနီးကပ်ဆင့်ကဲဖြစ်စဉ် အမွေအနှစ်များ မျှဝေခြင်း ရှိ၊ မရှိ ငြင်းခုံမှုကို ထိရောက်စွာ တားဆီးနိုင်တယ်ဟု ငြင်းခုံကြပါတယ်။

ယနေ့ခေတ်မှာတော့ ငှက်များနှင့် ဒိုင်နိုဆောများကြား ဆက်နွယ်မှုအပေါ် သုတေသနနှင့် ငြင်းခုံမှုအများစုဟာ ဆင့်ကဲဖြစ်စဉ်အသေးစိတ်များကို ဗဟိုပြုထားတာ ဖြစ်ပါတယ်။

ငှက်များရဲ့ ဆင့်ကဲဖြစ်စဉ်ကို ဥခွံဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံ၊ ဒိုင်နိုဆောများတွင် အသိုက်ပြုလုပ်ခြင်း၊ မျိုးဥအတွင်း ထိန်းသိမ်းထားသော သန္ဓေသားလောင်းကို လေ့လာခြင်းဖြင့် လေ့လာမှုသုံးမျိုးမှ နားလည်နိုင်ပါတယ်။

ဒီလေ့လာမှုတွေက ခေတ်သစ်ငှက်တွေရဲ့ ဆင့်ကဲဖြစ်စဉ်အကြောင်း အများကြီးပြောပြပေးပါတယ်။

ဥများ အပါအဝင် ရုပ်ကြွင်း အထောက်အထားများကို အကဲဖြတ်ခြင်းတွင် ငှက်များရဲ့ ဆင့်ကဲဖြစ်စဉ် မတိုင်မီ ကြာမြင့်စွာကတည်းက ဒိုင်နိုဆောများ အမှန်တကယ် ပေါ်ပေါက်လာခဲ့တာကို သိရှိရပါတယ်။

ဒီအင်္ဂါရပ်များက ပျံသန်းခြင်းကဲ့သို့သော အသုံးပြုမှုအသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ငှက်များ ဆင့်ကဲပြောင်းလဲလာတာကို ညွှန်ပြနေပါတယ်။

၎င်းမှာဆိုရင် အချိန် ကာလကြာမြင့်စွာ ဖြစ်ပေါ်လာပြီး အရွယ်အစား ကျုံ့သွားခြင်း၊ အရိုးရဲ့ ဆင့်ကဲဖြစ်စဉ်၊ ပိုမို ရှုပ်ထွေးသော အမွှေးများ၊ အတောင်ပံများနှင့် ပျံသန်းမှုတို့ ပါဝင်ပါတယ်။

သော့ချက်တစ်ခုမှာ ဒိုင်နိုဆောကြီးများမှ သေးငယ်သောငှက်များအထိ လျင်မြန်စွာ ကျုံ့သွားခြင်းမှာ ပျံသန်းခြင်းအတွက် လိုအပ်သော ရှေ့ပြေးနိမိတ်ဖြစ်တယ်ဟု ပညာရှင်များက ယုံကြည်ကြပါတယ်။

တကယ်တော့ ငှက်တွေဟာ ကျောက်ဖြစ်ရုပ်ကြွင်းဥတွေကို မတွေ့ရှိခင်မှာ ဆုံးဖြတ်လို့မရတဲ့ ဒိုင်နိုဆောသန္ဓေသားတွေနဲ့ အနီးစပ်ဆုံး ဆင်တူကြောင်း တွေ့ရှိထားတာ ဖြစ်ပါတယ်။

ဒီတော့ ကြက်တွေဟာ ဒိုင်နိုဆောတွေကနေ ဆင့်ကဲပြောင်းလဲလာခဲ့တာလားဆိုတော့ အဖြေက YES လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com