ယနေ့ခေတ် ငှက်များဟာ ဒိုင်နိုဆောများမှ တိုက်ရိုက်ဆင်းသက်လာတယ် ဆိုတာကို အချိန်အတော်ကြာကတည်းက သိရှိပြီး ဖြစ်ပါတယ်။
ယခု ပြုလုပ်ထားတဲ့ ဒိုင်နိုဆော သန္ဓေလောင်း ကျောက်ဖြစ်ရုပ်ကြွင်းကို ခွဲခြမ်းစိတ်ဖြာ လေ့လာမှု အသစ်အရ သမိုင်းမတင်မီက အဆိုပါ ဆက်နွယ်မှုကို အထူးပြတ်သားစွာ အာရုံစိုက်မိစေပါတယ်။
၂၀၀၀ ခုနှစ်တုန်းက ဒိုင်နိုဆောဥလို့ သံသယရှိတဲ့ ရုပ်ကြွင်းတခုကို တရုတ်နိုင်ငံ Yingliang Group သတ္တုတွင်းနှင့် ကျောက် ရောင်းဝယ်ရေး ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Mr. Liang Liu က ဝယ်ယူခဲ့ပါတယ်။

ကုမ္ပဏီမှ ၎င်းပိုင် Yingliang ကျောက်နှင့်ဆိုင်သည့် သဘာဝ သမိုင်းပြတိုက်ကို ၂၀၁၀ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့အချိန်မှာ အဆိုပါ ရုပ်ကြွင်းကို ပြန်လည် တွေ့ရှိခဲ့ပါတယ်။
အံ့ဩဖို့ကောင်းတဲ့ အချက်ကတော့ အဆိုပါ ရုပ်ကြွင်းတွင် လုံးဝ ပြီးပြည့်စုံတဲ့ သန္ဓေသားလောင်းကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
“Baby Yinglang” လို့သိကြတဲ့ သက်တမ်း ၆၆ မှ ၇၂ သန်းလောက် သက်တမ်းရှိနေပြီဖြစ်တဲ့ ဒီ ဒိုင်နိုဆော သန္ဓေသားလောင်းကို တရုတ်နိုင်ငံတောင်ပိုင်း Ganzhou ဒေသရှိ Cretaceous ခေတ်နှောင်းပိုင်း (လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၅ သန်းမှ ၆၆ သန်းကြား ကာလ) လောက်က ကျောက်တုံးများထဲမှ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
၎င်း၏ ဦးခေါင်းခွံကို အခြေခံပြီး ယနေ့ ငှက်များနှင့် နီးစပ်သည့် မျိုးစိတ်ဖြစ်သော အစုံစား အမွှေးရှိ ဒိုင်နိုဆော မျိုးစိတ်ဖြစ်သည့် oviraptorosaurs အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဆိုပါ ဒိုင်နိုဆောဥဟာ အရှည် ၁၇ စင်တီမီတာ (၆.၇ လက်မ) လောက်ရှိပြီး သားလောင်း၏ ခန္ဓာကိုယ်ဟာ ဥအတွင်းတွင် ခွေလျက်တည်ရှိပြီး ဆန့်လိုက်ပါက ခန့်မှန်းချေ ၂၇ စင်တီမီတာ (၁၀.၆ လက်မ) ခန့် ရှိနိုင်ပါတယ်။
ထိုကဲ့သို့ ဒိုင်နိုဆော သန္ဓေသားလောင်း၏ ဥအတွင်းတွင် ခွေလျက် တည်ရှိနေရတဲ့ အကြောင်းကိုလည်း လေ့လာခဲ့ပါသေးတယ်။
ဗြိတိန်၏ ဘာမင်ဂန် တက္ကသိုလ်နှင့် တရုတ်နိုင်ငံ ကမ္ဘာမြေလေ့လာမှုသိပ္ပံ ဆိုင်ရာ တက္ကသိုလ်တို့မှ ဦးဆောင်တဲ့ နိုင်ငံတကာ လေ့လာမှုတခုတွင် သန္ဓေသားလောင်း၏ တည်ရှိနေတဲ့ ကိုယ်ဟန်အနေအထားဟာ ခေတ်သစ်ငှက်များ၏ သန္ဓေသားများ ဗဟိုအာရုံကြောစနစ်နှင့် အလွန်ဆင်တူတာကို တွေ့ရှိခဲ့ပါတယ်။

အထူးသဖြင့် oviraptorosaur များဟာ ဥအတွင်းတွင် ၎င်းတို့၏ ဦးခေါင်းကို ငုံ့ထားလေ့ရှိပြီး ခြေထောက်များကို ခန္ဓာကိုယ် တဖက်တချက်စီတွင် ခေါက်ထားလေ့ရှိကာ နောက်ကျောဟာ ဥ၏ အကွေးအတိုင်း ကွေးထားလေ့ ရှိပါတယ်။
ယခုလို ပုံစံမျိုးဟာ ငှက်မဟုတ်သည့် ဒိုင်နိုဆော သန္ဓေသားလောင်းများတွင် တခါမှ မတွေ့ရှိရဖူးဘူးလို့လည်း သိရပါတယ်။
ငှက်ဥများတွင် များသောအားဖြင့် သန္ဓေသားလောင်းဟာ အဆိုပါ ကိုယ်နေဟန်ထားမျိုး ရှိပါက ဥမှ အောင်မြင်စွာ ပေါက်ဖွားနိုင်ဖို့ အခွင့်အ လမ်း များစွာ တိုးမြင့် စေပါတယ်။
ယခင်က ဥအတွင်းတွင် ၎င်းကဲ့သို့ သန္ဓေသားဟာ ခွေခေါက်နေခြင်းဟာ ငှက်များတွင်သာ ရှိတယ်လို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။
ယခု အသစ် တွေ့ရှိမှုကြောင့် ဒီလို အနေအထားဟာ oviraptorosaurs ဒိုင်နိုဆောမျိုးစိတ်များ ပါဝင်တဲ့ theropod ဒိုင်နိုဆော မျိုးစုမှ ဆင်းသက်လာတာ ဖြစ်ကြောင်း သိရှိလာရပါတယ်။

“ဒီ သေးငယ်လှတဲ့ ဒိုင်နိုဆောငယ်လေးက ၎င်းရဲ့ ဥထဲမှာ ကွေးကောက်နေတာဟာ ငှက်ကလေးတွေနဲ့ ဆင်တူပါတယ်။”
“၎င်းဟာ ယနေ့ခေတ် ငှက်တွေရဲ့ ဒိုင်နိုဆော ဘိုးဘေးများမှ ပထမဆုံး ဆင့်ကဲ့ပြောင်းလဲလာတဲ့ အသွင်အပြင် လက္ခဏာတွေ ရှိနေတာကို သက်သေပြနိုင်ပါတယ်” လို့ University of Edinburgh မှ ပါမောက္ခ Steve Brusatte က ဆိုပါတယ်။
Yingliang ကျောက်နှင့်ဆိုင်သည့် သဘာဝ သမိုင်းပြတိုက်၊ တရုတ်သိပ္ပံ တက္ကသိုလ်၊ ကနေဒါနိုင်ငံCalgary တက္ကသိုလ် တို့မှ သိပ္ပံပညာရှင်များ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ဒီသုတေသန စာတမ်းကို iScience ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
Sources: University of Birmingham, Cell Press via EurekAlert
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။