အစောပိုင်း ခွေးတွေ အရွယ်အစား နှစ်ဆအထိ တိုးလာခဲ့တဲ့ ဆင့်ကဲပြောင်းလဲမှု

Archeology Article

လွန်ခဲ့တဲ့နှစ်ပေါင်း ၈,၀၀၀ နှင့် ၂,၀၀၀ အကြားမှာမှ အိမ်မွေးခွေး မွေးမြူသူတွေ များပြားလာတာ ဖြစ်တယ် ဟု ရှေးဟောင်း သုတေသန အထောက် အထားများအရ သိရပါတယ်။

ဥရောပမှ ခွေးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၈,၀၀၀ မှ ၂,၀၀၀ အတွင်း အရွယ်အစား နှစ်ဆတိုးလာကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြနေပါတယ်။

ခြံစောင့် ခွေးအမျိုးအစားတွေဟာ သိုးအုပ်တွေကို ဝက်ဝံတွေ နှင့် ၎င်းတို့ရဲ့ တိုက်ရိုက် ဘိုးဘွားများဖြစ်သည့် မီးခိုးရောင် ဝံပု လွေတို့ ရန်မှပင် ကာကွယ်ပေးကြပါတယ်။

အယ်လ်ဘာတာ တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robert Losey က ရှေးခေတ် လူနှင့် တိရစ္ဆာန် ဆက်နွယ်မှုအကြား အထူးလေ့လာမှုတွေကို ပြုလုပ်ခဲ့ပြီး အချိန်နှင့်အမျှ ခွေးအရွယ်အစား လမ်းကြောင်းများကို ကြည့်ရှုလေ့လာခဲ့တဲ့ ဥရောပတွင် အခြေစိုက်သည့် နှစ်ရှည်လေ့လာမှုများထဲမှ တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

စွတ်ဖားဆွဲသည့် ခွေးများ

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀၀ နှင့် ၃၀၀၀၀ ကြားမှာ ခွေးများကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့ကြပါတယ်။

အစောဆုံး ခွေးပေါက်လေးများရဲ့ အရွယ်အစားနှင့် အခန်းကဏ္ဍများကို အတိအကျ မသိရသော်လည်း ၎င်းတို့ဟာ ၎င်းတို့ဆင်းသက်လာတဲ့ မီးခိုးရောင် ဝံပုလွေများထက် သေးငယ်ဖွယ်ရှိပါတယ်။

ရှေးခေတ် ခွေးတွေဟာ အမဲလိုက်ခြင်းနှင့် စွတ်ဖားဆွဲခြင်းများကို ကူညီပေးနိုင်တယ်ဟု သုတေသီများက ဆိုပါတယ်။

ရှေးခေတ်ခွေးများရဲ့ အရွယ်အစားနှင့် အလုပ်အကိုင်များ အချိန်နှင့်အမျှ ပြောင်းလဲလာပုံကို လေ့လာဖို့အတွက် အရီဇိုးနားပြည်နယ် ပြတိုက်ရှိ ရှေးဟောင်းတိရစ္ဆာန် သုတေသန ပြတိုက်မှူး Martin Welker နှင့်

၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ခရိုအေးရှားရှိ ရှေးခေတ်လူသား အခြေချနေထိုင်ရာ နေရာများမှ တူးဖော်တွေ့ရှိခဲ့တဲ့ ခွေး ၁၄ ကောင်ရဲ့ ရုပ်ကြွင်းများကို စစ်ဆေးကြည့်ရှုခဲ့​ကြပါတယ်။

သိုးထိန်းခွေး

၎င်းတို့ဟာ ခရိုအေးရှားမှ အချို့နှင့် အိမ်နီးချင်းနိုင်ငံများမှ အချို့ အချက်အလက်များကိုလည်း ပေါင်းစပ် ထည့်သွင်းပြီး ရှေး ဟောင်းခွေး ၄၅ ကောင်ကို လေ့လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဆိုပါ ရုပ်ကြွင်းတွေဟာ လွန်ခဲ့သောနှစ်ပေါင်း ၈၀၀၀ ခန့် Neolithic (သို့မဟုတ် နောက်ပိုင်းကျောက်ခေတ်) မှ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်က ရောမခေတ်အထိ ရက်စွဲများဖြစ်ပါတယ်။

အဆိုပါ ခွေးတွေဟာ ယခင်က ထိုဒေသတွင် နေထိုင် ခဲ့ကြသော်လည်း Anatolia နှင့် အရှေ့ အလယ်ပိုင်း ဒေသမှ ရောက်ရှိလာသော ပထမဆုံး Neolithic လယ်သမားများက ၎င်းတို့နှင့်အတူ မျိုးကွဲအသစ်ကို ယူဆောင်လာခဲ့ကြပါတယ်။

ဒီတိရစ္ဆာန်မျိုးကွဲ အသစ်တွေဟာ ပျမ်းမျှအားဖြင့် ၁၅ ကီလိုဂရမ်ခန့်ရှိပြီး border collie အမျိုးအစားခွေး အရွယ်ခန့်သာရှိပါတယ်။

ကမ္ဘာ့ ဥာဏ်အကောင်းဆုံးလို့ သတ်မှတ်ထားသည့် border collie ခွေးမျိုးစိတ်

လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ခန့်က စတင်ခဲ့တဲ့ ကြေးခေတ်တွင် ပျမ်းမျှအလေးချိန်ဟာ ၁၇ ကီလိုဂရမ်ခန့် တိုးလာခဲ့ပါတယ်။

ရောမခေတ်တွင်မူ ပျမ်းမျှ ခွေးရဲ့အလေးချိန်ဟာ ၂၄ ကီလိုဂရမ်အထိ ခုန်တက်သွားကြောင်း အဆိုပါ အဖွဲ့မှ ပြီးခဲ့သည့်လက Archaeological Science: Reports ဂျာနယ်တွင် ကောက်ချက်ချ ရေးသားခဲ့ပါတယ်။

ရှေးရောမ မှတ်တမ်းများ အပါအဝင် လယ်သမားများအား ထိန်းကျောင်းခြင်းနှင့် အစောင့်ခွေးများအကြောင်း အကြံဉာဏ်ပေးသည့် သမိုင်းအထောက် အထားများအရ ယနေ့ခေတ် Great Pyrenees များရဲ့ အလေးချိန်နီးပါး အနည်းဆုံး ၃၂ ကီလို ဂရမ်အထိ ကြီးမားတဲ့ခွေးများကို အသုံးပြုခဲ့တယ် ဟု သိရပါတယ်။

Great Pyrenees တွေကို ဥရောပ တိရစ္ဆာန်အုပ်များကို စောင့်ရှောက်ဖို့ ယနေတိုင် အသုံးပြုဆဲဖြစ်ပါတယ်။ ရှေးခေတ် ခွေးတွေဟာ ဆင့်ကဲပြောင်းလဲလာတာနှင့် အမျှ ပိုကြီးလာတာကို တွေ့ခဲ့ရပါတယ်။

Great Pyrenees

ရှေးခေတ် အစားအစာများကို ဖော်ပြနိုင်သည့် Neolithic သိုးများရဲ့ သွားများဆိုင်ရာ အိုင်ဆိုတုပ် ခွဲခြမ်းစိတ်ဖြာချက်တွေအရ အချိန်ကြာလာတာနှင့်အမျှ ၎င်းတို့ဟာ တောင်များတွင် ပိုမိုမြင့်မားစွာ ကျက်စားကြောင်း တွေ့ရပါတယ်။

ဒါဟာ ဝံပုလွေနဲ့ ဝက်ဝံတွေလို သားကောင်တွေရဲ့ အန္တရာယ် ပိုကြီးမားတာ​ကြောင့် အစောင့်ခွေးတွေကို အရေးပါလာစေတယ်ဟု Welker က ဆိုပါတယ်။

ရောမလူမျိုးများရဲ့ နံရံဆေးရေးပန်းချီများနှင့် အခြား အထောက်အထားများတွင် ဖော်ပြချက်များအရ ၎င်းတို့ဟာ အိမ်မွေးခွေးငယ်များကို မွေးမြူသည့် ပထမဆုံးလူများ ဖြစ်နိုင်တာကို တွေ့ရပါတယ်။

အခုအချိန်မှာ အမဲလိုက်ခွေးနဲ့ စွတ်ဖားဆွဲခွေးတွေ ရှားပါးလာပေမယ့် လူတွေက နေရာတိုင်းမှာ ခွေးတွေကို ထိန်းကျောင်းပြီး တိရစ္ဆာန်တွေကို စောင့်ရှောက်နေကြဆဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 5/6/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *